ထားဝယ်ခရိုင်အတွင်း နိုင်ငံရေးအကျဉ်းသားများအား ရှာဖွေဖမ်းဆီးခြင်းနှင့် စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းသည်ဟု နာမည်ကြီးသည့် စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦးကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းက ဖမ်းဆီးရမိခဲ့ကြောင်း ယင်းစစ်ကြောင်းထံမှ သိရသည်။
အဆိုပါရဲမှာ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့မှ ရဲတပ်ကြပ် ဝေယံ ဖြစ်ပြီး အာဏာသိမ်းပြီးနောက်တွင် စစ်ခေါင်းဆောင်က ၎င်းကို ရဲတပ်ဖွဲ့ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တစ်ခု ချီးမြှင့်ခဲ့ဖူးသည်။
မတ်လ ၁၉ ရက်က ထားဝယ်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဘိုင် (အာဆီယံအရွက်ပြုတ်ရည်) လာရောက်ဝယ်ယူစဉ် ဒူရကစစ်ကြောင်းက ၎င်းကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ဖမ်းဆီးထိန်းသိမ်းထားစဉ် ယနေ့ မတ်လ ၂၁ ရက် ညနေပိုင်း၌ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒူရကစစ်ကြောင်း၏ စစ်ရေးတာဝန်ရှိသူက အတည်ပြုပြောဆိုသည်။
“အရှင်ဖမ်းတယ်။ ကောင်းကောင်းမွန်မွန်ထားတယ်။ စစ်ဆေးနေတဲ့အချိန်မှာ အခွင့်ကောင်းယူပြီးတော့ အိမ်သာတက်ချင်တယ်ပြောပြီးမှ ရဲဘော်တွေအလစ်မှာ ထွက်ပြေးတယ်။ ထွက်ပြေးလို့ ပစ်ဖမ်းတဲ့အချိန်မှာ ကျည်ထိမှန် သေဆုံးသွားတယ်” ဟု အထက်ပါတာဝန်ရှိသူ၏ ပြောဆိုချက်အရသိရသည်။
ရဲတပ်ကြပ် ဝေယံသည် ထားဝယ်မြို့တွင် “နဘုလယ်ရဲဝေယံ” ဟု လူသိများပြီး အာဏာသိမ်းပြီးနောက်တွင် စစ်အာဏာရှင်တပ်အား ဆန့်ကျင်သူများကို ရှာဖွေဖမ်းဆီးခြင်းနှင့် စစ်ကြောရေးတွင် နှိပ်စက်သည်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသူဖြစ်သည်။
“ထားဝယ်မှာ စစ်ကြောရေးက သုံးဖွဲ့ရှိတယ်။ ခရိုင်၊ တိုင်းနဲ့ စကခ ဆိုပြီး သုံးဖွဲ့မှာ ဝေယံက ခရိုင်စစ်ကြောရေးမှာ ရှိတယ်။ တကယ်က စစ်ကြောရေးနဲ့ သူတို့နဲ့က မဆိုင်ပေမဲ့ ဝင်အနိုင်ကျင့်တဲ့သဘောပေါ့။ ကျွန်တော်ကတော့ သူ့နဲ့ဆုံတုန်းက သေနတ်ဒင်နဲ့ ငါးချက်အထုခံရဖူးတယ်။ သူ့လက်ချက်နဲ့ ဆိုးဆိုးဝါးဝါး နှိပ်စက်ခံရသူတွေလည်း ရှိတယ်” ဟု စစ်ကြောရေးတွင် အဆိုပါရဲနှင့် ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသည့် ထားဝယ်ဒေသခံ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောပြသည်။
ဖမ်းမိခဲ့သည့်ရဲ၏ ဖုန်းအတွင်းမှ ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီက ဖမ်းဆီးရန် စီစဉ်ထားသည့် မြို့ခံအချို့၏ စာရင်းကို ရရှိခဲ့သဖြင့် ယင်းစာရင်းတွင် ပါဝင်သည့် မြို့ခံများအား တိမ်းရှောင်ရန် အချိန်မီ သတိပေးနိုင်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ စစ်ရေးတာဝန်ရှိသူက ပြောသည်။
ပုံစာ – ရဲတပ်ကြပ် ဝေယံ။







