ဒီဇယ်များစျေးတက်လာ၍ တနင်္သာရီမြို့နယ်၊ သိန္ဓောရွာတွင် ခဲတူးဖော်နေသည့် စက်များရပ်ထားရကြောင်း ဒေသခံများနှင့် ခဲတူးဖော်နေသည့်သူများထံမှ သိရသည်။
ဒီဇယ်ဆီ ဝယ်၍ရသော်လည်း စျေးကြီးသဖြင့် အလုပ်ရပ်နားထားခြင်းဖြစ်ပြီး ဆီစျေးအခြေအနေကို စောင့်ကြည့်ပြီးမှသာ ပြန်လည်လုပ်ကိုင်မည် ဖြစ်ကြောင်း ခဲလုပ်သားတစ်ဦးက ဆိုသည်။
“ဆီတွေက စျေးတက်လည်း ဝယ်ဖို့ရှိတယ်။ စျေးကြီးလို့ နားထားတယ်။ သုံးလေးရက်ဖြစ်ပြီ နားနေတာ။စျေးခြေနေကို စောင့်ကြည့်နေတယ်”ဟု ၎င်းက ပြောသည်။
ခဲတစ်ပိဿာမှာ တစ်သိန်းကျပ်ဝန်းကျင်သာရသဖြင့် ယခုဒီဇယ်စျေးဖြင့် ဆက်လုပ်ပါက အရှုံးပေါ်နိုင်၍ ရပ်ထားခြင်းဖြစ်ကြောင်း စက်တူးသမားတစ်ဦးက ဆိုသည်။
ဒီဇယ် တစ်ပီပါကို ယခင်က ကျပ်ခြောက်သိန်းခွဲသာ ပေးရသော်လည်း လက်ရှိတွင် တစ်ပီပါ ကျပ် ၁၄ သိန်းမှ ၁၈ သိန်း ဝန်းကျင်ဖြင့် တက်လိုက်၊ကျလိုက်ဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။
သိန္ဓောရွာခဲလုပ်ကွက်များတွင် စက်ဖြင့် တူးဖော်သူများ၊ လက်ဖြင့် တူးဖော်သူများနှင့် တောင်ပေါ်တွင် ကျောက်ထုသူများရှိသည်။
ဒီဇယ်စျေးတက်လာသဖြင့် စက်ဖြင့်လုပ်ကိုင်သူများရပ်သွားသော်လည်း လက်ဖြင့်လုပ်ကိုင်သူများမှာ ဆက်လက်လုပ်ကိုင်နေကြကြောင်း ၄င်းက ဆိုသည်။
“ဆီနဲ့ လုပ်သူတွေက နားလိုက်ပြီ။ ဆီမသုံးရတဲ့ လက်နဲ့လုပ်သမားတွေပဲ လုပ်နေကြတယ်။ တောင်ပေါ်တက်သမားတွေလည်း တက်နေကြတယ်။ သူတို့က ပုံမှန်လုပ်နေကြတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။
သိန္ဓောရွာ ခဲလုပ်ကွက်တွင် စက်ဖြင့်လုပ်ကိုင်နေသူ ၅၀ ကျော်ရှိပြီး တနင်္သာရီမြစ်ပေါ် နတ်ဖွက်တောင် တောင်ခြေ ရေထဲတွင် ရေဖောင်များဖြင့် လုပ်ကိုင်နေသည့် စက်ဆိုင်း ၃၀ ခုကျော်ရှိကြောင်း သိရသည်။
သိန္ဓောရွာမှာ ယခင်က ဥယျာဉ်ခြံလုပ်ငန်းအဓိက လုပ်ကိုင်ကြသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ခဲတူးသူများလာပြီး ယခုအခါ မြေစာပုံကြီးများ၊ တွင်းကြီးများကို နေရာအနှံ့တွေ့ရသည်အထိ ထိခိုက်ပျက်စီးနေသော ဒေသတစ်ခုလည်းဖြစ်သည်။







