ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ စက်သုံးဆီရောင်းချနေသည့် ဒေသအခေါ် ဆီဘောသို့ တိုင်းစစ်ကော်မရှင်က ယနေ့ (မတ် ၂၁) နံနက်ပိုင်းက ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ကမ်းနားဆီဘောနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်ကော်မရှင်အဖွဲ့ဝင်များသည် ကမ်းနားလမ်းရှိ စက်သုံးဆီကုမ္ပဏီများတွင် လက်ကျန်စက်သုံးဆီ မည်မျှရှိသည်ကို စစ်ဆေးကာ မှတ်တမ်းတင်သွားခဲ့ပြီး၊ ယင်းလက်ကျန်ဆီများကို သတ်မှတ်ထားသည့်အတိုင်း အကန့်အသတ်ဖြင့်သာ ရောင်းချရန် ပြောဆိုသွားသည်ဟု ဆိုသည်။
“နောက်တစ်ခါ လာစစ်ဆေးလို့ သတ်မှတ်တဲ့အတိုင်း မရောင်းဘဲ ပိုပြီးရောင်းထားတာတွေ့ရင် အရေးယူမယ်လို့ ပြောသွားတယ်။ အဲဒါကြောင့် အခု ကမ်းနားလမ်းက ဆီဘောတွေလည်း မရောင်းပေးရဲတော့ဘူး” ဟု နီးစပ်သူတစ်ဦးက ဆိုသည်။
ကမ်းနားလမ်းဆီဘောသည် ဒေသတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများနှင့် ထားဝယ်ခရိုင်ရှိ ကျေးလက်ဒေသများသို့ စက်သုံးဆီ အဓိကဖြန့်ဖြူးရောင်းချပေးသည့် နေရာဖြစ်ပြီး ယခုစစ်ဆေးမှု မတိုင်မီက ဆီပုံမှန်ရောင်းချပေးနေသော နေရာလည်းဖြစ်သည်။
ထိုကဲ့သို့ ကမ်းနားဆီဘောများအား တိုင်းစစ်ကော်မရှင်က ဝင်ရောက်စစ်ဆေးပြီး ဖိအားပေးအကျပ်ကိုင်လိုက်၍ ထားဝယ်ခရိုင်ရှိ ကျေးရွာများ၌ စက်သုံးဆီပြတ်လပ်သွားကာ ဆိုင်လေးများ အရောင်းရပ်သွားပြီ ဖြစ်သည်။
“တစ်လီတာ တစ်သောင်းပေးပြီး ဝယ်မယ်ဆိုတာတောင် ဝယ်လို့မရတော့ဘူး။ ရှိသမျှအကုန် ရောင်းပေးလိုက်ပြီ။ ထားဝယ်မှာ စက်သုံးဆီ မရောင်းတော့ဘူးဆိုတဲ့ သတင်းကြားတာနဲ့ အလုအယက် လာဝယ်ကြတာ” ဟု လောင်းလုံးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်ရှင်တစ်ဦးက ဆိုသည်။
ထားဝယ်မြို့ရှိ မှောင်ခိုဈေးကွက်အတွင်းမူ စက်သုံးဆီတစ်လီတာလျှင် ကျပ် ၁၀,၀၀၀ အထိ ပေါက်ဈေးရှိနေကြောင်း ကိုယ်တိုင်ဝယ်ယူခဲ့သူတစ်ဦးက ဆိုသည်။ မြို့ပေါ်ရှိ စက်သုံးဆီဆိုင်ကြီးများမှာလည်း ဆိုင်တိုင်းနီးပါး ရောင်းချပေးခြင်း မရှိတော့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ဒီနေ့ဆို ဆီဖြန့်ပေးနေတာ နေရာနှစ်နေရာပဲ ကျန်တော့တယ်။ ရနံ့သစ်ဆီဆိုင်နဲ့ DDPC ဆီဆိုင် နှစ်ခုတည်းကျန်တယ်။ ရနံ့သစ်ဆီဆိုင်ကနေ ကံ့ကော်လမ်းအထိ တန်းစီနေတာ ၁ မိုင်လောက်ရှိတယ်” ဟု မြို့ခံတစ်ဦးက ယနေ့နံနက်ပိုင်း အခြေအနေကို ပြောပြသည်။
ထိုသို့ နာရီနှင့်ချီ တန်းစီစောင့်ဆိုင်းသော်လည်း ဆိုင်ကယ်တစ်စီးလျှင် တစ်လီတာပင် အပြည့်မရရှိကြောင်း မြို့ခံများက ပြောဆိုကြသည်။ ထားဝယ်မြို့တွင် စက်သုံးဆီဂယက်မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများလည်း စတင်မြင့်တက်လျက်ရှိသည်။







