စစ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်တစ်စုက ပြည်သူလူထုအကျိုးထက် အာဏာတည်မြဲရေးသာ လုပ်ဆောင်နေသည်။
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် စက်သုံးဆီဂယက်က ကပ်ဘေးတစ်ခုလို ကမ္ဘာ့နိုင်ငံများသို့ ရိုက်ခတ်လာနေသည်။
ယင်းကြောင့် အစိုးရအသီးသီးက ပြည်သူလူထုအပေါ် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်နေကြသည်။
မြန်မာနိုင်ငံတွင်တော့ အာဏာသိမ်းစစ်အုပ်စုက ထိရောက်သည့် အစီအမံများချမှတ်နိုင်ခြင်း မရှိသည့်အပြင် မူဝါဒ အမှားများ ချမှတ်ဖော်ဆောင်နေသဖြင့် ပြည်သူများ ပိုမိုကျပ်တည်းခက်ခဲလာနေသည်။
စက်သုံးဆီမှာ မှောင်ခိုစျေးကွက်တွင်သာ ရှိနေပြီး တရားဝင်သတ်မှတ်နှုန်းဖြင့် ရောင်းချသည့် ဆိုင်များတွင် ဝယ်ယူရ ခက်ခဲနေသည်။
တနင်္သာရီတိုင်းမှာ ယင်းဒဏ်ကို ပိုမိုခံစားရသည်ဟု ဆိုရမည်။ မှောင်ခိုစျေးကွက်တွင် ဓာတ်ဆီတစ်လီတာ ကျပ်တစ်သောင်းခွဲအထိ ပေးဝယ်ရသော ဒေသများရှိလာသည်။ ဒီဇယ်ဆီ တစ်ပီပါ ကျပ် ၁၄ သိန်းပေး၍ပင် ဝယ်မရတော့။
ယင်းသို့ အဆမတန် မြင့်တက်လာသည့် စက်သုံးဆီစျေးကြောင့် တနင်္သာရီတိုင်းထဲက ရေလုပ်သားများ လှေမထွက်နိုင်တော့ဘဲ အလုပ်လက်မဲ့ဖြစ်လာနေသည်။
တနင်္သာရီတိုင်းမှာ ရေလုပ်ငန်းကို အဓိကမှီခိုလုပ်ကိုင်နေကြပြီး ကမ်းဝေးငါးဖမ်းလှေအစီးရေ ၁၅၀၀ ကျော်နှင့် ကမ်းနီးငါးဖမ်းလှေအစီးရေ သောင်းချီရှိသည်။
စက်သုံးဆီဈေးတက်ခြင်း၊ ဝယ်ယူရခက်ခဲခြင်းများကြောင့် ငါးဖမ်းလုပ်ငန်းရပ်နားလိုက်ရသည့်လှေများရှိနေသလို ရပ်နားလုဆဲဆဲ ငါးဖမ်းလှေများလည်း တစ်ပုံတစ်ပင်ရှိနေသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင်တော့ ရေလုပ်သားများ၏ အခက်အခဲကို ဖြေရှင်းပေးနိုင်ရေး ထိုင်းအစိုးရက နည်းမျိုးစုံကြိုးစား လုပ်ဆောင်နေကြောင်းတွေ့ရသည်။
မြန်မာနိုင်ငံတွင်တော့ ပြည်သူများက အားကိုးရာမဲ့နေကြသည်။ ကမ်းကပ်ထားရသည့် ငါးဖမ်းလှေများအတွက် စိုးရိမ်မည့်သူမရှိ။
ထိုကြောင့် တနင်္သာရီတိုင်းရှိ ရေလုပ်သားများကြုံတွေ့နေရသည့် အခြေအနေများကို မေးမြန်း၍ ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် ဖော်ပြပေးလိုက်ပါသည်။
“ဒီဆီဈေးနဲ့ ငါးဖမ်းထွက်လို့ငါးမရရင်တော့ ရေထဲခုန်ချသေချင်စိတ်တောင် ပေါက်တယ်”
အသက် ၄၅ နှစ်အရွယ် ကမ်းနီးရေလုပ်သားတစ်ဦး၊ ကော့ဇယားကျေးရွာအုပ်စု၊ ကျွန်းစုမြို့နယ်
DW ။ လက်ရှိရေလုပ်ငန်းနဲ့ပတ်သက်ပြီး စားဝတ်နေရေးအတွက် ဘယ်လို အခြေအနေတွေရှိနေလဲရှင်။မိသားစုကရော ဘယ်နှစ်ယောက်ရှိလဲရှင်။
ဖြေ ။ အလုပ်အကိုင်နဲ့ပတ်သက်ပြီး အဆင်မပြေတာကတော့ ကြာပါပြီ။အခုဆို ဆီဈေးတွေနဲ့ ပိုဆိုးလာတယ်။ ဝမ်းရေးအတွက်က တခြားအလုပ်တွေပါ လုပ်နေရပြီ။တောခုတ်တာမျိုး သူများအခ လိုက်လုပ်ရတာမျိုးပေါ့။ အသက်ရှင်နေတော့လည်း စားဖို့အတွက် ရုန်းကန်ရတာပေါ့ကွယ်။ပြီးတော့ကိုယ်က အိမ်ထောင်ဦးစီးလေ။ မိသားစုဝင်ကတော့ အားလုံး ၁၀ ယောက်ရှိတယ်။အိမ်ထောင်ကျသွားတဲ့ သား၊သမီးတွေရောပေါ့။
DW ။ အခုဆို နေရာအတော်တော်များများမှာ စက်သုံးဆီအခက်အခဲ ကြုံတွေ့နေရတယ်ပေါ့နော်။ ဦးလေးတို့ရော ငါးဖမ်းလှေအတွက် ဒီဇယ်ဆီဝယ်ရတာ ဘယ်လိုအခြေအနေရှိလဲ။ဘာတွေအခက်ကြုံနေရလဲ။
ဖြေ ။ အခက်အခဲကတော့ ဘာပြောကောင်း(မလဲ)မယ်။သူများတွေ ခက်ခဲတာက ဦးလေးတို့လို တစ်နေ့လုပ်တစ်နေ့စား ငါးဖမ်းလှေငယ်တွေက အိပ်နေတာပဲရှိမယ်။ဒီဒဏ်တွေကို ဦးလေးတို့က ပိုခံစားရတာပေါ့ ။ဆီဈေးတက်ပြီဟေ့ဆို ရွာက ဆိုင်တွေက မရောင်းတော့ဘူး။ပြီးရင်ဈေး မတရားတင်ရောင်းတယ်။ထုံးစံဖြစ်နေပြီ။ဦးလေးတို့ စက်က ဓာတ်ဆီထည့်ပြီး ခုတ်ရတဲ့စက်ပေါ့နား။ တစ်ဘူးကို တစ်သောင်းနားကပ်တော့မယ်။ဒီဆီဈေးနဲ့ ငါးဖမ်းထွက်လို့ ငါးမရရင်တော့ ရေထဲခုန်ချ သေချင်စိတ်တောင်ပေါက်တယ်။
DW ။ ဦးလေးတို့ ကမ်းနီးငါးဖမ်းလှေငယ်တစ်စီးအတွက် တစ်လမှာပျမ်းမျှ ဆီဂါလံဘယ်လောက်ကုန်လဲရှင်။
ဖြေ ။ ရေသန့်ဘူးငယ်နဲ့ တစ်နေ့ကို ပျမ်းမျှ ၃ ဘူး(၃လီတာ) လောက်တော့ကုန်တယ်။ တစ်လဆိုတော့ ရေသန့်ဘူးနဲ့ ဘူး ၉၀ ဝန်းကျင်ပေါ့။နေမကောင်းလို့ မသွားဖြစ်တဲ့ ရက်တွေလည်းရှိတော့အတိအကျတော့ မပြောတတ်ဘူးကွယ်။ အခုဆို တစ်ဘူးတောင် အနိုင်နိုင်။ ငါးမရရင် ဆီဖိုးရှုံးမှာလေ။ရွာနဲ့နီးရင်တော့ လှော်တက်နဲ့ပဲ ကုပ်(လှော်) တာများတယ်။ ချွေတာနည်းပေါ့ဗျာ။
DW ။ ဒီဇယ်ဆီဝယ်ရတဲ့ဈေးနှုန်းကရော ဘယ်လောက်အထိ ဈေးတက်သွားလဲ။ ဘယ်အချိန်က ဈေးစတက်တာလဲ။
ဖြေ ။ အရင်က တစ်ဘူးကို (ကျပ်)သုံးထောင်ဝန်းကျင်။အခုဆို တစ်ဘူးကို တစ်သောင်းနားကပ်နေပြီ။အတိအကျဆို ခုနစ်ထောင်ကနေ ရှစ်ထောင်ကျော်လာပြီ။ အခုမတ်လ ပထမအပတ်က စတက်လာတယ်ပြောရမှာပေါ့။ မြို့(မြိတ်)တွေမှာလည်း အကုန်တက်တယ်ပြောနေကြတယ်။
DW ။ ဒီလိုဆီဈေးတက်နေချိန်မှာ ငါးဈေးကရော ဘယ်လိုအခြေအနေရှိလဲ။ဘယ်ကိုတင်ပို့ရောင်းချနေလဲ။ ဒီလိုတင်ပို့ချိန် ဘာတွေ အခက်ကြုံရလဲ။
ဖြေ ။ ငါးဈေးကတော့ တက်တယ်။အရင်က တစ်ပိဿာ (ကျပ်)တစ်သောင်းကျော် လောက်ရှိတဲ့ငါးတွေဆို အခု သုံးသောင်းကျော်လောက်အထိ ဈေးရတယ်။ ရောင်းတာကတော့ ရွာမှာ ငါးအဝယ်ဒိုင်ရှိတယ်။ သူတို့ကို ရောင်းတာများတယ်။တစ်ခါတလေ ရွာက ကြေးပြား(ငွေကြေး)ရှိတဲ့ အိမ်တွေက ဝယ်စားတယ်။ အဲလိုအချိန်ဆို ဒိုင်ရောင်းဈေးထက် ၃၊ ၄ထောင်လောက်ပိုရတယ်။ငါးဒိုင်တွေကတော့ ဘိတ်ကိုပို့တယ်။ ရှမ်းကမ်း(ရနောင်း)ကို ပို့တယ်။တင်ပို့တဲ့အခက်အခဲကတော့ စရိတ်ကြီးလာတယ်လို့ ပြောသံကြားတယ်။လှေခ ဈေးကြီးလာတာပေါ့။
DW ။ အခု ဆီဈေးနဲ့ ငါးဈေးနှုန်းနဲ့ ဆိုရင် ဦးလေးတို့လို ငါးဖမ်းလှေငယ်တွေအတွက် တွက်ခြေကိုက်ရဲ့လား။
ဖြေ ။ တွက်ခြေ မကိုက်ဘူးလေ။ ငါးရတဲ့အပေါ်လည်း မူတည်သေးတယ်။ ကုန်ကျစရိတ်က သုံးသောင်းဝန်းကျင်ဆိုရင် ပြန်ရတဲ့ ငါးတန်ဖိုးက ငါးသောင်း၊ ခြောက်သောင်းလောက်ရနေမှ။ အခုက ငါးရရှိမှုကလည်း နည်းတယ်။ တွက်ခြေမကိုက်ဘူး။ ငါးဒိုင်တွေ ဈေးဆိုင်တွေမှာ အကြွေးတွေရှိတယ်။
DW ။ ဒီလိုမျိုးသာ ရှေ့ဆက် ဆီဈေးတက်နေမယ်။ ဝယ်ရခက်နေမယ်ဆိုရင်နောက် ၃ လ/ ၆ လကြာရင် ငါးဖမ်းလှေလုပ်ငန်းက ဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ ။ ဘယ်လိုဖြစ်လာနိုင်လဲဆိုရင် ဆက်မတွေးထားရဲဘူး။ လက်ရှိအနေအထားကပဲ တော်တော်ခက်ခဲနေတာ။ ဘယ်လို ဆက်တွေးနေနိုင်မှာလဲ။အခုတောင် ဆီဈေးပြန်ကျပါစေဆုတောင်းနေရတာ။ နောက် ခြောက်လလောက်အထိ အဲလိုသာဆို ငတ်သေကြမှာထင်တယ်။
DW ။ ရေရှည်မှာစက်သုံးဆီအခက်အခဲဖြစ်နေရင် ငါးဖမ်းလုပ်ငန်းကြီးတစ်ခုလုံးက ဘယ်လိုဖြစ်သွားနိုင်လဲ။
ဖြေ ။ ရေရှည်အဲလိုပဲ ဆက်သွားနေရရင် လုပ်ငန်းရပ်နားရင်ရပ်နား၊ မရပ်နားရင် အကြွေးပိုတင်လာမယ်။ စိတ်ဓာတ်ပိုကျလာမယ်။ဦးလေးတို့ လှေငယ်တွေမပြောနဲ့။ ငါးဖမ်းလှေကြီးတွေ (ဝါလတ်၊ဝါတန်း)တို့တောင် လှေမထွက်ကြတော့ဘူး။အလုပ်သမားတွေလျှော့နေတယ်ပြောတယ်။ဦးလေးတို့လို ကျောထောက်နောက်ခံ မရှိတဲ့ကောင်တွေက ပိုဆိုးပေါ့ ။မိုးမရောက်ခင် ဆီဈေးပြန်ကျလာရင်ကောင်းမယ်။ အခုက နွေပေါက်နေတော့ ဒီအလုပ်မရလည်း နောက်အလုပ်နဲ့ ရှာစားရသေးတယ်။
DW ။ ဒီငါးဖမ်းအလုပ်သာ ရပ်နားလိုက်ရရင် ဒေသခံငါးဖမ်းလှေငယ်တွေ ဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ ။ ပင်လယ်ရွာတွေဆိုတာ ငါးဖမ်းအလုပ်က အဓိကပဲ။ရပ်နားဖို့မပြောနဲ့ ငါးမရတဲ့ တစ်ရက်တလေတောင် ရွာက ခြောက်ကပ်သွားတာ။ဝင်ငွေက ဒီလမ်းက အများဆုံးဝင်တယ်လေ။သူဌေးတွေတော့ မပါဘူးပေါ့နား။သူတို့က ဒီအလုပ်မလုပ်ရလည်း ဥယျာဉ်ခြံတွေရှိတယ်လေ။ဘယ်လို ဆက်ဖြစ်မလဲဆိုတာ ဘုရားပဲသိတော့မယ်ဗျာ။
DW ။ နောက်ပြောချင်တာလေးတွေ ဖြည့်စွက်ပြောပေးပါဦး။
ဖြေ ။ ကိုယ်ရွာနဲ့ထပ်တူ ခံစားနေရတဲ့ ပင်လယ်ရွာတွေအများကြီးရှိတယ်လေ။ ဒါကြောင့်လည်း ဆီဈေးမြန်မြန်ပြန်ကျပါစေ။အလုပ်အကိုင်တွေ အရင်ကထက်ပိုလုပ်ရပြီး ရွာလည်းအရင်ကထက်ပိုပြီး စိုပြေလာစေချင်တယ်။ ငါးဖမ်းလှေတွေ အလုပ်ရပ်နားရင် ရွာက ဈေးသည်တွေလည်း ဈေးရောင်းအေးမယ်။ တစ်ယောက်နဲ့တစ်ယောက်မှီခိုနေရတဲ့ လူတန်းစားတွေမို့ အဆင်ပြေချင်တယ်ဗျာ။
“ငါးဖမ်းလုပ်ငန်းကြီးတစ်ခုလုံး ရပ်သွားနိုင်ပါတယ်”
ထားဝယ်ဒေသခံ ကမ်းဝေးငါးဖမ်းလှေပိုင်ရှင်တစ်ဦး
(မှတ်ချက်-ဝိုင်းကြီးချုပ်ငါးဖမ်းလှေကို ဝါတန်းလှေဟုခေါ်ပြီး ဒရွတ်ဆွဲပိုက်လှေကို ဝါလတ်လှေဟု ခေါ်ဆိုကြသည်)
DW ။ လက်ရှိမှာ အီရန်စစ်ပွဲကြောင့် စက်သုံးဆီအခက်တွေ့နေချိန် ငါးဖမ်းလှေအတွက် ဒီဇယ်ဆီဝယ်ရတာ ဘယ်လိုအခြေအနေရှိလဲ။ဘာတွေအခက်ကြုံနေရလဲ။
ဖြေ ။ ကမ်းနီး ကမ်းဝေးငါးဖမ်းလှေတွေအတွက် လိုအပ်တဲ့စက်သုံးဆီတွေကို ဖြန့်ဖြူးပေးနေတဲ့ကုမ္ပဏီ အသီးသီးရဲ့ ဆီဘော၊ ဆီလှောင်ကန်တွေကို မတ်လ ၄ ရက်နေ့ကစပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)အဖွဲ့တွေဆင်းပြီး ထိန်းချုပ်လိုက်ပြီးတဲ့နောက် လိုသလောက်ဝယ်လို့မရတော့သလို လက်ကျန်ဆီလည်း အနည်းအကျဉ်းသာ ကျန်ပါတော့တယ်။ လုပ်ငန်းခွင်ထဲမှာရှိနေတဲ့ ဝါလတ်၊ ဝါတန်းတွေ ဆီကုန်တဲ့အထိသာ အလုပ်လုပ်ပြီး ကမ်းဝင်ရာသီသိမ်းနေကြပါပြီ။
Close Area၊ Close Season(ငါးမဖမ်းရရာသီ) က ဧပြီလ ၁ ရက်ကနေ ဇွန်လ ၃၀ ရက်နေ့အထိဆိုတော့ ဝါလတ်လှေတွေအတွက်တော့ ထိခိုက်မှုအနည်းအကျဉ်းသာရှိမှာပါ။ ဝါတန်းတွေက ဧပြီလ ၃၀ ရက်နေ့မှပိတ်မှာဆိုတော့ ဆီမရှိတော့ရင် စောပြီးရာသီသိမ်းရပါလိမ့်မယ်။ ကမ်းနီးလှေတွေလည်း ဆီဝယ်မရတော့ရင် ရာသီသိမ်းရပါလိမ့်မယ်။
DW ။ ဝါလတ် ကမ်းဝေးငါးဖမ်းလှေတစ်စီးအတွက် တစ်လမှာ ပျမ်းမျှ ဆီဂါလံဘယ်လောက်လိုအပ်လဲ။
ဖြေ ။ ဝါလတ်တစ်စီးအတွက် ပျမ်းမျှဆီလိုအပ်ချက်က ဂါလန် ၃၀၀၀ (၇၁ ပီပါခန့်) ၊ ဝါတန်းတစ်စီးနဲ့ အကူမီးထွန်းလှေ နှစ်စီးအတွက် ဂါလံ ၄၅၀၀ (၁၀၇ ပီပါခန့်) လိုအပ်ပါတယ်။ (တစ်ပီပါလျှင် ၄၂ ဂါလန်ဖြင့် တွက်ချက်ထား)
DW ။ ဒီဇယ်ဆီဝယ်ရတဲ့ဈေးနှုန်းကရော ဘယ်လောက်အထိ ဈေးတက်သွားလဲ။ ဘယ်အချိန်က ဈေးစတက်တာလဲ။
ဖြေ ။ ဆီဈေးစတက်တာက မြိတ်၊ထားဝယ်မှာ မတ်လ ၆ ရက်နေ့၊ ရန်ကုန်မှာစတက်တာက မတ်လ ၁၃ ရက်နေ့ပါ။
DW ။ ဒီလိုဆီဈေးတက်နေချိန်မှာ ငါးဈေးကရော ဘယ်လိုအခြေအနေရှိလဲ။ဘယ်ကိုတင်ပို့ရောင်းချနေလဲ။ ဒီလိုတင်ပို့ချိန် ဘာတွေ အခက်ကြုံရလဲ။
ဖြေ ။ ရေထွက်ပစ္စည်းဈေးမတက်ပါ။ လှေခ၊ကားခ သယ်ယူပို့ဆောင်စရိတ်တက်သွားပါတယ်။
DW ။ ဆီဈေးနဲ့ ငါးဈေးနှုန်းနဲ့ ဆိုရင် လှေပိုင်ရှင်တွေအတွက် တွက်ခြေကိုက်ရဲ့လား။
ဖြေ ။ လှေပိုင်ရှင်တွေအတွက် ဆီဈေး၊ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုတွေကြောင့် တွက်ခြေမကိုက်ဘူး။
DW ။ ဒီလိုမျိုးသာ ဒီဇယ်ဆီဝယ်ရခက်တာ၊ ဈေးတက်နေတာတွေကြောင့် နောက် ၃ လ/ ၆ လကြာရင် ငါးဖမ်းလှေလုပ်ငန်းက ဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ ။ ငါးဖမ်းလှေလုပ်ငန်း၊ လှေအစီးရေကျသွားနိုင်ပါတယ်။
DW ။ ရေရှည်မှာ စက်သုံးဆီအခက်အခဲဖြစ်နေရင် ငါးဖမ်းလုပ်ငန်းကြီးတစ်ခုလုံးက ဘယ်လိုဖြစ်သွားနိုင်လဲ။
ဖြေ ။ ငါးဖမ်းလုပ်ငန်းကြီးတစ်ခုလုံး ရပ်သွားနိုင်ပါတယ်။
“ဒီအလုပ်သာရပ်နားရရင် ငတ်သေကုန်ကြမှာ။တောင်မင်းကို မြောက်မင်း မကယ်နိုင်တဲ့ ဘဝတွေ ဖြစ်နေကြပါပြီ”
အသက် ၅၀အရွယ် ကမ်းနီးရေလုပ်သားတစ်ဦး၊ အလယ်မန်ကျေးရွာ၊ ဘုတ်ပြင်းမြို့နယ်
DW ။ ငါးဖမ်းလှေကြီးကို ဦးဆောင်လုပ်ကိုင်နေတယ်လို့ သိရတယ်ရှင်။ဦးလေးအနေနဲ့ လက်ရှိအခြေအနေမှာ ငါးဖမ်းလုပ်ငန်းနဲ့ပတ်သက်ပြီး စားဝတ်နေရေးအတွက် ဘယ်လို စိုးရိမ်မှုတွေရှိလည်းရှင်။ မိသားစုကရော ဘယ်နှစ်ဦးလောက်ရှိလဲရှင်။
ဖြေ ။ စိုးရိမ်မှုတွေကတော့ခေါင်းထဲမှာ တအားပဲ။အခုလည်း လှေကနားထားတာ ၁၀ ရက်ပြည့်တော့မယ်။ ဆီဈေးစတက်တုန်းကတော့ သိုလှောင်ထားတဲ့ ဆီကျန်နဲ့ရှေ့ဆက်နေသေးတယ်။အခုက ဘယ်လိုမှ ရှေ့ဆက်မရတဲ့ အခြေအနေမို့ပါ။ ဦးဦးတို့အလုပ်က မိသားစုဝင်တွေနဲ့ပဲသွားတယ်။ သားတွေရှိတယ် တူတွေရှိတယ်။ သားမက်တွေလည်းပါတယ်။ ဒီအလုပ်ရပ်နားလိုက်ရရင် ဦးဦးတို့ မိသားစုအပါအဝင် ဒီလှေလုပ်သားမိသားစုဝင်တွေပါ ထိခိုက်ကြမှာ။ဦးဦးတို့မိသားစုက လက်ရှိအိမ်မှာနေတာက ဦးဦးတို့လင်မယားရယ် ရင်ကပ်သား(အတူနေ) ၃ယောက်ရယ် (စုစုပေါင်း) ၅ယောက်ပေါ့နော်။
DW ။ ဦးလေးတို့ ငါးဖမ်းလှေမှာ လုပ်သားဘယ်နှစ်ယောက်ရှိလဲရှင်။
ဖြေ ။ ဦးဦးအပါအဝင် ၁၀ ယောက်ပါ။အားလုံးအမျိုးတွေပါပဲ။
DW ။ လက်ရှိမှာ အီရန်စစ်ပွဲကြောင့် စက်သုံးဆီဝယ်ဖို့ အခက်တွေ့နေချိန်မှာ ဦးလေးတို့ ငါးဖမ်းလှေအတွက် ဒီဇယ်ဆီဝယ်ရတာ ဘယ်လိုအခြေအနေရှိလဲ။ဘာတွေအခက်ကြုံနေရလဲ။
ဖြေ ။ ဆီဝယ်ရတာကတော့ တော်တော်ခက်ခဲတယ်။ဦးဦးတို့က ပီပါလိုက်ဝယ်တာ။တစ်လကို ဘယ်လောက်ကုန်လဲ အဲလိုမျိုးဝယ်ပြီးထားတာ။ အခုအခြေအနေနဲ့က ဝယ်ပြီးသိုလှောင်ထားတဲ့ဆီတွေကိုလည်း ထုတ်မသုံးရဲဖြစ်နေတာ လှေလည်းမထွက်ရဘူး။ဘိတ်(မြိတ်)ကို မှာတာ ၃ ပီပါ စမ်းမှာကြည့်တာ။ ၁ ပီပါပဲရတယ်။ဈေးကလည်း အရင်ဈေးထက်နှစ်ဆ နီးပါးတက်နေတယ်။ဘုတ်ပြင်းက ဆီဘောတွေမှာ သွားဝယ်တာလည်းမရဘူး။
DW ။ ဦးလေးတို့ ငါးဖမ်းလှေအတွက် တစ်လမှာ ပျမ်းမျှဆီဂါလန်ဘယ်လောက်ကုန်လဲရှင်။
ဖြေ ။ ဘယ်လောက်ကုန်လဲဆိုတာက ပင်လယ်ထွက်တဲ့ အခေါက်ရေများရင်တော့ ပိုကုန်တာပေါ့ကွယ်။ တစ်ဖျား(တစ်ခေါက်) နဲ့တစ်ဖျားကလည်း မတူဘူး ။ဦးဦးတို့ ရေလုပ်သားတွေက ဗမာပြက္ခဒိန်ကို အဓိကသုံးတယ်။ ရေတက်ဖျားတို့ ရေဆုတ်ဖျားတို့ရှိတယ်။ပျမ်းမျှနဲ့ပြောရရင်တော့ တစ်လကို ၁ ပီပါလောက်ကုန်တယ် ။၁ပီပါမှာ ၅၂ ဂါလန် ဝင်ဆံ့တယ်ဆိုတော့ ပျမ်းမျှ ဂါလန် ၅၀လောက်ကုန်မယ် ။
DW ။ ဒီဇယ်ဆီဝယ်ရတဲ့ဈေးနှုန်းကရော ဘယ်လောက်အထိ ဈေးတက်သွားလဲရှင်။ ဘယ်အချိန်က ဈေးစတက်တာလဲရှင်။
ဖြေ ။ အရင်က တစ်ပီပါကို (ကျပ်)ခြောက်သိန်းခုနစ်သောင်း။ အခုက ဆယ့်နှစ်သိန်းခုနစ်သောင်း။ အဲဒါကဦးဦး ဒီလ အစကဝယ်ထားတဲ့ဈေးနှုန်းပါ။ အခုကတော့ ဒီထက်ပိုတက်နေမယ်ထင်တယ်။ဈေးတက်လာတဲ့အချိန်ကတော့ မတ်လ ပထမအပတ်ပေါ့နား(နော်)။
DW ။ ဒီလိုဆီဈေးတက်နေချိန်မှာ ငါးဈေးကရော ဘယ်လိုအခြေအနေရှိလဲရှင်။ဘယ်ကိုတင်ပို့ရောင်းချနေလဲရှင်။ ဒီလိုတင်ပို့ချိန် ဘာတွေ အခက်ကြုံရလဲရှင်။
ဖြေ ။ ငါးဈေးကတော့ ကောင်းပါတယ်။ငါးကြမ်းတစ်ပိဿာကို တစ်သောင်းရှစ်ထောင်(ကျပ်)၊ နှစ်သောင်း နီးနီးရတယ်။ ဦးဦးတို့က ငါးတွေကိုရှမ်းကမ်း(ရနောင်း)ကိုပို့တာ။ရွာမှာတောင်မရောင်းဘူး။ ဘတ်ဈေးတက်ရင် ငါးဈေးတက် တယ်ပေါ့။တင်ပို့ရတဲ့အခက်အခဲကတော့ ရေလမ်းမှာ အစစ်အဆေးများတာရယ် အခုဆို ဆီဈေးနဲ့ စရိတ်စက ပိုများလာတာပေါ့ကွယ်။
DW ။ ဆီဈေးနဲ့ ငါးဈေးနှုန်းနဲ့ဆိုရင် လှေပိုင်ရှင်တွေအတွက် တွက်ခြေကိုက်ရဲ့လားရှင်။
ဖြေ ။ တွက်ခြေမကိုက်လို့နားထားတာပေါ့ကွယ်။ ဆီဈေးတက်နေသလို ငါးဈေးကမတက်တာ မဟုတ်ဘူး တက်တယ်။ အခုတက်နေတဲ့ဆီဈေးရယ် ငါးဖမ်းသွားရင် ဝယ်သွားရမယ့်ရိက္ခာတွေရယ် ဆီဈေးတက်ရင် စားသောက်ကုန် ဘာညာအကုန်တက်ပြီလေ။ ဒီဟာတွေပေါင်းလိုက်ရင် စရိတ်က တအားများနေတယ်။ငါးကလည်း များများရမယ် မရဘူးဆိုတာက ရှိသေးတယ်။ဒီတော့ ဆီဈေးအနေအထားတစ်ခုလောက်အထိ ပြန်ကျမှ လုပ်ငန်းစရမယ့် အနေအထားပါ။ ဘယ်လိုပဲတွက်တွက် တွက်ခြေမကိုက်ပါဘူး။
DW ။ ဒီလိုမျိုးသာ ရှေ့ဆက်ဒီဇယ်ဆီဝယ်ရခက်တာ၊ ဈေးတက်နေတာတွေကြောင့် နောက် ၃ လ၊ ၆ လကြာရင် ငါးဖမ်းလှေလုပ်ငန်းက ဘယ်လိုဖြစ်လာနိုင်လဲရှင်။
ဖြေ ။ ဒီအတိုင်းသာ ဆက်သွားနေရမယ်ဆိုရင်တော့ တော်တော်ဒုက္ခ ရောက်ကြမှာ။ ပင်လယ်ရွာ တံငါရွာတွေဆိုတာ ဒီငါးဖမ်းလုပ်ငန်းက အဓိကကိုး။ ဒီလုပ်ငန်းရဲ့ အဓိကကလည်း စက်သုံးဆီဆိုတော့ ဒီအတိုင်းလပေါင်းများစွာ ဈေးတက်နေမယ် ဝယ်ယူရခက်ခဲနေမယ်ဆိုတော့ မိသားစုအများစု စားဝတ်နေရေး တော်တော်ခက်ခဲ ကြမယ်။ သူခိုးဂျပိုးတွေပိုများလာမယ် ဒါပဲရှိတယ်။စားဖို့မရှိရင်ခိုးကြမှာပဲ။ ပင်လယ်သားတွေက ပိုလုပ်ရဲ တယ်။ အခုတောင် ဘိတ်(မြိတ်)အတက်အဆင်းလှေတွေတောင် ပစ္စည်းတင်ခ ချခ ဈေးတက်လာပြီ။ရေရှည်ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ မတွေးဝံ့စရာပဲဗျာ။ဒါတောင်အခု ရက်ပိုင်းပဲရှိသေးတာ တစ်လတောင်မရှိသေးဘူး။
DW ။ ရေရှည်မှာ စက်သုံးဆီအခက်အခဲဖြစ်နေရင် ငါးဖမ်းလုပ်ငန်းကြီးတစ်ခုလုံးက ဘယ်လိုဖြစ်သွားနိုင်လဲရှင်။ ဒီလုပ်ငန်းကြီးရပ်နားလိုက်ရရင် မိသားစုစားဝတ်နေရေးတွေ ဘယ်လိုဖြစ်သွားနိုင်လဲရှင်။
ဖြေ ။ ငါးဖမ်းလုပ်ငန်းက ရပ်နားရပြီးဆိုကတည်းက ရေထွက်ကုန်တွေ ဈေးတက်လာမယ်။ စားစရာတွေရှားပါးလာမယ်။ တချို့ကလည်း အခုအချိန်အထိ အရှုံးခံလုပ်နေကြတာတွေရှိတယ်။ကျောထောက်နောက်ခံကောင်းရင်တော့ လုပ်ရပါတယ်။ ဦးဦးတို့မှာက ဆက်လုပ်ရင်အကြွေးတင်တော့မှာ။ စားဝတ်နေရေးကပူပင်ရတာက တမျိုး အကြွေးပါတင်ရင် လူက သေရုံပဲရှိတော့မယ်။ ဦးဦးတို့မှာဆို မိသားစုတစ်စုတည်း စားဝတ်နေရေးမဟုတ်ဘူး။မိသားစု ၄၊ ၅ စု စားဝတ်နေရေးထိခိုက်ကြမှာ။ ရှိတာကိုချွေတာသုံးပေါ့ ချွေတာစားပေါ့။ဖြစ်လာတာကိုတော့ ရင်ဆိုင်ရမှာပဲ။ ရေရှည်မဖြစ်ဖို့ကိုပဲ ဆုတောင်းနေရတယ်။
DW ။ ဘာများ ထပ်ဖြည့်စွက်ပြီးပြောချင်သေးလဲရှင်။
ဖြေ ။ ပြောချင်တာကတော့ စစ်ပွဲမြန်မြန်ပြီးပါစေ။ အခြေအနေတွေအားလုံးပုံမှန်ဖြစ်ပြီး စက်သုံးဆီတွေလည်း ပြန်ကျ စေချင်တယ်။ တချို့ နေ့လုပ်နေ့စားဘဝတွေဆို တော်တော်သနားဖို့ကောင်းတယ် ။ ဒီအလုပ်သာရပ်နားရရင် ငတ်သေကုန်ကြမှာ။တောင်မင်းကို မြောက်မင်း မကယ်နိုင်တဲ့ ဘဝတွေ ဖြစ်နေကြပါပြီ။နိုင်ငံရေးတွေလည်း မပြောချင်တော့ပါဘူးကွယ်။ကံဝဋ်ကြွေးပါလို့ တို့ပြည်သူလူထုတွေခံနေရတာပါပဲ။ ဝဋ်ရှိသလောက်ပေါ့နား။
“နောက်တစ်ပတ်ဆို လှေထွက်နိုင်မှာမဟုတ်တော့ဘူး”
ကမ်းနီးငါးဖမ်းလှေပိုင်ရှင်တစ်ဦး၊ မောင်းမကန်ကျေးရွာ၊ လောင်းလုံးမြို့နယ်
DW ။ လက်ရှိ စက်သုံးဆီအခက်အခဲဖြစ်နေချိန်မှာ ငါးဖမ်းလှေထွက်ရဖို့အတွက် ဘယ်လိုစီမံနေရလဲ။
ဖြေ ။ လှေကတော့ လက်ကျန်ဆီတွေနဲ့ ထွက်နေပါတယ်။ လက်ရှိ (ဆီ)တစ်ပီပါကို (ကျပ်) ဆယ်သုံးသိန်း၊ ဆယ်လေးသိန်းတွေ ဖြစ်ကုန်ပြီ။ နောက်တစ်ပတ်ဆို လှေထွက်နိုင်မှာမဟုတ်တော့ဘူး။တစ်ပီပါ ဆယ် နှစ်သိန်းတုန်းကကြိုဝယ်ထားတော့ အဲဆီနဲ့အခုထွက်နေတာ။ အစက ခြောက်သိန်းရှစ်သောင်းပဲရှိတယ်။ အခုက ဆယ်သုံးသိန်း ၊ဆယ့်လေးသိန်းနဲ့တောင် လိုက်ဝယ်လို့မရတော့ဘူး၊
DW ။ လုပ်ငန်းတူ အခြားသူတွေကရော အခုအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ပြောနေကြလဲ။
ဖြေ ။ ဒီဘက်မှာတော့ ရတဲ့နည်းနဲ့ လိုက်ရှာဝယ်နေကြတာပဲ။ နောက်ထပ်အခေါက်တွေဆိုတော့ နားဖို့ပြောနေကြတယ်။ ဒီကြားထဲ ငါးကလည် စျေးမရှိဘူး။ ဒီနေ့ဝင်တဲ့လှေတောင် ငါးစျေးမရှိလို့ ခွက်ခွက်လန်(ရှုံး)နေပြီ။ ငွေလက်ငင်း လိုနေတယ်ဆိုတော့လည်း ရတဲ့စျေးနဲ့ပဲ ရောင်းလိုက်ရတယ်။ အခုစရိတ်နဲ့ဆို ထားဝယ်ကိုတင်(ပို့)နေလဲ ဘာမှမထူးဘူး။ ရွာမှာ ရောင်းနေတာပဲ ကောင်းသလိုဖြစ်နေတယ်။ စားရလည်း နှစ်သိန်းသုံးသိန်း။ ရွာမှာရောင်းပြန်တော့လည်း အကြွေးက ကျတယ်။ ထားဝယ်မှာရောင်းတာလက်ငင်းရတော့ ထားဝယ်မှာရောင်းကြတယ်။အခုက ဆီစျေးက ကြီး တာနဲ့ ငါးစျေးကကျတာနဲ့ လုပ်ရတာမကိုက်ဘူး။
“ဆီစျေးကြီးတဲ့ကြားမှာ ငါးစျေးကမကောင်း၊ ပင်လယ်မှာလည်း ငါးရှားချိန်ဖြစ်နေပြီ”
ငါဖမ်းလုပ်ငန်းလုပ်သူအမျိုးသမီးတစ်ဦး၊ သဘော့ဆိပ်ကျေးရွာ၊ လောင်းလုံးမြို့နယ်
DW ။ စက်သုံးဆီရှာရခက်နေချိန် ရွာမှာရှိတဲ့ ငါးဖမ်းလှေတွေအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ ထွက်တဲ့လှေကထွက်၊ ဝင်တဲ့ လှေကဝင်ပဲ။ ဝင်လာတဲ့လှေက မထွက်ကြတော့ဘူး။ ပင်လယ်ထဲမှာတော့ ရက်မပြည့်သေးလို့ မဝင်သေးကြတဲ့သူ တွေပဲရှိမယ်။ အများစုကတော့ ဝင်ပြီးရင်မထွက်ကြတော့ဘူး၊
DW ။ ဆီတစ်ပီပါ စျေးကဘယ်လောက်ရှိလဲ၊၊
ဖြေ ။ ဆယ်လေးသိန်း ဆယ်ငါးသိန်း(ကျပ်) ကြားရှိတယ်။ ဆီစျေးကြီးတဲ့ကြားမှာ ငါးစျေးကမကောင်း၊ပင်လယ်မှာလည်း ငါးရှားချိန်ဖြစ်နေပြီ။ အခုက မထွက်တဲ့လှေကများနေပြီ၊ အားလုံးနားနေတဲ့သူတွေချည်းပါပဲ။ ဆီစျေးကြီးပြီး ငါးသားရေပိုး(ရေသတ္တဝါ)က ရှာရခက်တယ်။ဆီစျေးကြီးပြီး ငါးရနေရင် ဘာအကြောင်းလဲ။ အခုက ငါးလည်းမရ ရတဲ့ ငါးကလည်း စျေးမရဖြစ်နေကြရတယ်။
“ဆီဈေးကလည်း တအားတက်နေတော့ လှေမထွက်တော့ပြီ အလုပ်နားကြမယ်ဆိုပြီး ပဲ့နင်းကပြောလာတယ်”
ဝါလတ်လှေလုပ်နေသည့် ရေလုပ်သားတစ်ဦး၊ အလယ်မန်ကျေးရွာ၊ ဘုတ်ပြင်းမြို့နယ်
DW ။ စက်သုံးဆီအခက်အခဲကြောင့် ဝါလတ်၊ဝါတန်း ငါးဖမ်းလှေအများစု အလုပ်ရပ်နားထားရတယ်လို့ သိရတယ်ရှင်။အစ်ကိုတို့ လှေလည်းရပ်နားထားရတယ်လို့ သိရတယ်ရှင်။အလုပ်လက်မဲ့ဖြစ်သွားတဲ့ အခြေအနေမှာ စားဝတ်နေရေး အခက်အခဲတွေ ဘယ်လိုဖြစ်လာနိုင်လဲရှင်။
ဖြေ ။ ရုတ်တရက်ဆိုတော့ ကျွန်တော်တို့လည်း ဘာလုပ်ရဘာကိုင်ရမှန်းမသိလို့ ရွာပြန်လာလိုက်တယ်။ ဆီဈေးကလည်း တအားတက်နေတော့ လှေမထွက်တော့ပြီ။အလုပ်နားကြမယ်ဆိုပြီး ပဲ့နင်းကပြောလာတယ်။လုပ်အားခတော့ အပြည့်အဝပေးလိုက်တယ်။စားဝတ်နေရေးကတော့ ဘယ်လိုဖြစ်လာမယ်မသိရသေးဘူး။ အရင်ကကျွန်တော်ပို့ထား တာတွေလည်း စားသောက်ရင်းကုန်တယ်လေ။ဆီဈေးငြိမ်လို့ လှေပြန်ထွက်ဖြစ်ရင် ဖုန်းခေါ်မယ်ပြောတယ်။ ကိုယ့်လှေတစ်စီးတည်းမဟုတ်ဘူး၊ အသိလှေတွေလည်း တော်တော်များများ နားလိုက်ကြတာတွေ့ရတယ်။
DW ။ ဘယ်လိုရှေ့ဆက်သွားမယ်စဉ်းစားထားလဲရှင်။
ဖြေ ။ ကျွန်တော်လည်း ယောင်လည်လည်ဖြစ်နေတုန်း။ ဘာလုပ်ဘာကိုင်ရမှန်းမသိဘူး။ဘိတ်(မြိတ်)မှာက ဝါလတ်လှေ တွေအားလုံးနီးပါး ကမ်းကပ်ကုန်ပြီ။ ရွာပြန်တဲ့သူလည်း ပြန်ကုန်ကြတယ်။ ရွာမှာလည်း ဒီငါးဖမ်းအလုပ်ပဲရှိတယ်။ ရွာမှာလည်းဆီဈေးကြောင့် အလုပ်နားထားကြတယ်။
DW ။ မိသားစုဝင်ဘယ်နှစ်ဦးရှိလည်းရှင်။လှေလိုက်လာတဲ့လုပ်သက်က ဘယ်နှစ်နှစ်လောက်ကြာပြီလဲရှင်။
ဖြေ ။ မိသားစုဝင်ကတော့ ခုနစ်ယောက်ပါ။အမကြီးနှစ်ယောက်က အိမ်ထောင်ထွက်။ယောကျာ်းသားမှာဆို ကျွန်တော်အကြီးဆုံး အောက်မှာ ညီမနဲ့ မောင်နဲ့ရှိတယ်။ကျွန်တော်ပဲလုပ်ကျွေးနေတာ။အဖေကတော့ တစ်ခါတစ်လေ ငါးဖမ်းတယ်။အဓိက က ကျွန်တော်ရှာကျွေးနေတာပါ။အရင်က ရွာမှာပဲ အဖေနဲ့အတူလုပ်တယ်။ဝါလတ် လိုက်ရင်ပိုရကောင်းမလားဆိုပြီး လိုက်ဖြစ်သွားတာ။လုပ်သက်က ၅ နှစ်ပဲ ပြောရမယ်ပေါ့နား။







