သရက်ချောင်းမြို့နယ်၊ ဝင်းဝစခန်းက ဆုတ်ခွာထွက်ပြေးလာသည့် စစ်အာဏာရှင်တပ်ဖွဲ့ ပိတ်မိနေသည့် ဂုံညှင်းဆိပ်ရွာနှင့် အနီးဝန်းကျင်တို့တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ မတ်လ ၂၀ရက် ညနေပိုင်းတွင် နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
တိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်က အထိနာနေချိန် မြိတ်လေတပ်စခန်းဌာနချုပ်က တက်လာသည့် K8W ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ဗျူဟာ ၃၃-၃၄ ၏ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ ကိုမင်းထက်က ပြောသည်။
“မနေ့တုန်းကတော့ စကမစစ်ကြောင်းနဲ့ ကျွန်တော်တို့ တော်လှန်ရေးပူးပေါင်းတပ်တွေပေါ့နော် KNLA/PDF ပူးပေါင်းတပ် တွေနဲ့ မြေပြင်မှာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တာရှိတယ်။ သိရသလောက်ကတော့ စကမဘက်က အထိနာတာတွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။
ယနေ့ မတ်လ ၂၁ ရက် နံနက် ၁၀ နာရီကျော်တွင်လည်း ဂုံညှင်းဆိပ်၊ ဆီတော၊ ဆီဒတ်ရွာများကို K8W ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပေါင် ၂၅၀ ဗုံးလေးလုံးကို ကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့ကြောင်း ကိုမင်းထက်က ပြောဆိုသည်။
ယင်းအပြင် နံနက် ၈ နာရီခန့်တွင် ကနက်သီရိရွာအနောက်ဘက် ပင်လယ်ပြင်တွင် ရပ်နားထားသည့် ရေတပ် စစ်သင်္ဘောကလည်း ဂုံညှင်းဆိပ်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် တစ်ကြိမ်ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
သရက်ချောင်းမြို့နယ်အောက်ပိုင်း မြိတ်-ထားဝယ်အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်ရှိ စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်များက ဖေဖော်ဝါရီလ ၇ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး တစ်လကျော်အကြာ မတ်လ ၁၁ရက်တွင် သိမ်းယူခဲ့သည်။
ဝင်းဝစခန်းမှ ထွက်ပြေးလာသည့် စစ်ကြောင်းနှင့် စစ်ကူလာသည့် စစ်ကြောင်းသည် ဂုံညင်းဆိပ်ရွာနှင့် အနီးဝန်းကျင်တွင် ပိတ်မိနေပြီး ပူးပေါင်းတပ်များနှင့် နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။
စစ်အာဏာရှင်တပ်က ဂုံညှင်းဆိပ်ရွာနှင့် ဆီတော၊ ဆီဒတ်ကျေးရွာများကို လေကြောင်းကနေ နေ့စဉ်နီးပါး ဗုံးကြဲတိုက်နေပြီး ဂုံညှင်းဆိပ်ရွာကို မတ်လ ၁၁ ရက်မှ ယနေ့ ၂၁ ရက်အထိ လေကြောင်းကနေ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေသည်။
နှစ်ဖက်တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှု၊ ရေတပ်စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးဒဏ်ရာရမှုများရှိနေပြီး အိုးအိမ်ပျက်စီးမှု၊ ဘုန်းတော်ကြီးကျောင်းများ ထိခိုက်မှုများ ရှိသည်။







