ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် ငါးဖမ်းလှေပေါ် မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦးပြင်းထန်ဒဏ်ရာရ

March 21, 2026

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် ပင်လယ်ပြင်ရှိ ငါးဖမ်းလှေပေါ်တွင် မြန်မာအချင်းချင်း ဓားထိုးမှုကြောင့် တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မတ်လ ၁၉ ရက် ညနေ ၃ နာရီခွဲခန့်က ချွန်ဖော်မြို့ ကမ်းလွန်ပင်လယ်ပြင်ရှိ ငါးဖမ်းလှေပေါ်တွင် ရန်ဖြစ်၍ ဓားထိုးမှုဖြစ်ခဲ့ခြင်းဖြစ်သည်။

လှေပေါ်တွင် ထိုင်းနိုင်ငံသား ငါးဦးနှင့် မြန်မာနိုင်ငံသား ၂၂ ဦး လိုက်ပါလာခဲ့ပြီး အသက် ၄၈ နှစ်အရွယ် ကိုကျော်သိန်းနှင့် အသက် ၃၄ နှစ်အရွယ် ကိုကျော်မျိုးအောင် စကားများ ရန်ဖြစ်ကြကြောင်း ဖော်ပြသည်။

စကားများ ရန်ဖြစ်ရသည့် အကြောင်းအရင်းကိုမူ ဖော်ပြထားခြင်း မရှိသဖြင့် မသိရပေ။

ဓားထိုးမှုကြောင့် ကိုကျော်သိန်းတွင် ဝမ်းဗိုက်၌ သုံးချက်၊ နောက်ကျောတွင် တစ်ချက်၊ လက်နှစ်ဖက်တွင် လေးချက်နှင့် ညာဘက်ရင်ဘတ်တွင် တစ်ချက် စုစုပေါင်း ဓားဒဏ်ရာ ကိုးချက်ဖြင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

လှေဦးစီးက ပင်လယ်ရေကြောင်း ထိန်းသိမ်းရေးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း ဆိုသည်။

ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့တို့ လှေပေါ်သို့ ရောက်ရှိချိန် ကိုကျော်သိန်းသည် သွေးထွက်လွန်နေပြီဖြစ်၍ ကယ်ဆယ်ရေးအဖွဲ့က ရှေးဦးကုသမှုပေးခဲ့ကြောင်း ဖော်ပြသည်။

ကိုကျော်မျိုးအောင်ကိုမူ လှေပေါ်ရှိ လှေလုပ်သားများက ဝိုင်းဝန်းချုပ်နှောင်ထားပြီး ရဲတပ်ဖွဲ့ထံသို့ အပ်နှံကာ ဒဏ်ရာရရှိသူနှင့်အတူ ကမ်းပေါ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ဒဏ်ရာရရှိသူကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ပြီး ကိုကျော်မျိုးအောင်ကိုမူ ဥပဒေအရ အရေးယူနိုင်ရန် ပါနမ်းရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

Ref: CH 7, Workpoint 23, CIB