ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ရာဖူးရွာတွင် မတ်လ ၂၀ရက် မွန်းလွဲပိုင်းက စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိသားစုတစ်ခုတည်းက သားအဖနှစ်ဦး သေဆုံးပြီး သားအမိနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။
ရာဖူးရွာဟောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ပူးပေါင်းစစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
လက်နက်ကြီးကျည်သည် စစ်အာဏာရှင်တပ်က ဗိုလ်မှူးတစ်ဦး ပိုင်ဆိုင်သည့် ရော်ဘာခြံအတွင်း ကျရောက်ပေါက်ကွဲကာ ၎င်းခြံရှိ အလုပ်သမားမိသားစုဝင်များ ထိခိုက်သေဆုံး ဒဏ်ရာရကြောင်း ဒေသခံအမျိုးသားတစ်ဦး ပြောဆိုသည်။
“မိသားစု ငါးယောက်မှာ သမီးအကြီး (အသက်၁၅နှစ်အရွယ်) ရယ်၊ သူ့အဖေရယ်က ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။
သားအလတ်ဖြစ်သူမှာ ဒဏ်ရာရကာ ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး မိခင်ဖြစ်သူမှာ ဒဏ်ရာအနည်းငယ်ရကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
လသားအရွယ် ကလေးတစ်ဦးမှာမူ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ၎င်းက ပြောဆိုသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ကေအဲန်ယူ- မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ရာတွင် ရားဖူးရွာဟောင်း၌တပ်စွဲထားသော စစ်အာဏာရှင်တပ်ရင်းများဖြစ်သော ခလရ ၂၈၂၊ ၂၇၃နှင့် ခမရ ၄၀၈၊ ၄၀၉၊ ၄၁၀ ပူးပေါင်းစစ်ကြောင်းက (၁၂၀မမ) လက်နက်ကြီး ၁၀လုံးထက်မနည်း ရားဖူးကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ ကြောင်း ဖော်ပြသည်။
ထို့ကြောင့် ပြည်သူ နှစ်ဦး ထိခိုက်သေဆုံးပြီး (၁၀) နှစ်အောက် ကလေး တစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဖော်ပြသည်။
လက်နက်ကြီးပစ်ခတ်ချိန်တွင် ရာဖူးရွာဝန်းကျင်တွင် မည်သည့် နှစ်ဖက်ထိတွေ့တိုက်ပွဲမျှ မရှိကြောင်း ဒေသခံများ နှင့် တော်လှန်ရေး အင်အားစု များထံမှသိရသည်။
မတ်လ ၁၉ ရက်ကမူ ရာဖူးရွာအနီးရှိ မိုင် ၆၀ ရွာ ဘုန်းကြီးကျောင်းဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေး တပ်များကြား နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတစ်ကြိမ်ဖြစ်ခဲ့ကြောင်း မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေး မဟာမိတ်တွင် ပါဝင်သည့် တော်လှန်ရေးတပ်တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရာဖူးရွာသည် ရေး-ထားဝယ် ကားလမ်းပေါ်တွင် တည်ရှိပြီး ကျေးရွာ၏ တစ်ဖက်တစ်ချက်စီတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်များက ကိုယ်စီနေရာယူထားကြကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။







