Palantir ကုမ္ပဏီ၏ Maven အေအိုင်နည်းပညာကို အမေရိကန်စစ်တပ်၏ စစ်ဆင်ရေးလုပ်ငန်းစဉ်များတွင် အမြဲတမ်းအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်ကာကွယ်ရေးဒုတိယဝန်ကြီး စတိဗ် ဖိန်းဘတ်ဂ်က ပင်တဂွန်စစ်ဌာနချုပ် ခေါင်းဆောင်များထံ မတ်လ ၉ ရက်နေ့က ပေးပို့သောစာတွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။
အဆိုပါ ပစ်မှတ်ရှာဖွေရေးအေအိုင်နည်းပညာကို အမေရိကန်စစ်တပ်တွင် ကျယ်ကျယ်ပြန့်ပြန့် ရေရှည်အသုံးပြုသွားတော့မည် ဖြစ်သည်။
Maven Smart System ကို အသုံးပြုခြင်းဖြင့် အမေရိကန်တပ်ဖွဲ့များအနေဖြင့် နယ်ပယ်တိုင်းမှ ရန်သူများကို ထောက်လှမ်းခြင်း ၊ ဟန့်တားခြင်းနှင့် လွှမ်းမိုးချုပ်ကိုင်ခြင်းတို့ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဖိန်းဘတ်ဂ်က ဆိုသည်။

ဖိန်းဘတ်ဂ်၏ စာအရ ယခု ဆုံးဖြတ်ချက်သည် စက်တင်ဘာလတွင် ကုန်ဆုံးမည့် လက်ရှိ အမေရိကန်အစိုးရ ဘဏ္ဍာရေးနှစ်မကုန်မီ စတင်သက်ရောက်လာမည်ဟု မျှော်လင့်ရကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
Palantir ကုမ္ပဏီ၏ Maven Smart System သည် စစ်မြေပြင်အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာကာ ပစ်မှတ်များကို ဖော်ထုတ်ပေးနိုင်ပြီး လက်ရှိအမေရိကန်စစ်တပ်တွင် အသုံးးပြုနေသည့် အရေးပါဆုံ AI နည်းပညာ ဖြစ်သည်။
ယင်းနည်းပညာကို အမေရိကန်စစ်တပ်တွင် ရေရှည်အသုံးပြုပါက တပ်ဖွဲ့အသီးသီး၏လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်ချောမွေ့လာမည်ဖြစ်ကြောင်း ဖိန်းဘတ်ဂ်က ဆိုသည်။
Source: Reuters







