ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စိုက်မရတဲ့ မြေ၊ သုံးမရတဲ့ ရေ အကြား ဝမ်းရေးခက်လာသူများ

February 21, 2026

အပူပိုင်းမိုးသစ်တောကြီးများကြောင့် ဇီဝမျိုးကွဲမျိုးစုံ မှီတင်းနေထိုင်ကြသည့် တနင်္သာရီ အမျိုးသားဥယျာဉ်အတွင်း ခဲ၊ရွှေ စသည့်သတ္တုတူးဖော်သည့်လုပ်ငန်းက နေရာအနှံ့ဖြစ်လာသည်။

တနင်္သာရီအမျိုးသားဥယျာဉ်အတွင်း ဖြတ်သန်းစီးဆင်းနေသော မိုင်ထောင်ချီရှည်လျားသည့် တနင်္သာရီမြစ်ကြောတစ်လျှောက်တွင်လည်း ရွှေနှင့် ခဲသတ္တုတူးဖော်သည့်လုပ်ငန်းများက တစ်ပုံတစ်ပင်နေရာယူထားသည်။

ယခင်ကမူ ခဲသတ္တုတူးဖော်သည့် လုပ်ကွက်အနည်းငယ်သာရှိရာက အာဏာသိမ်းပြီးနောက်ပိုင်းတွင် သတ္တုလုပ်ကွက်များက မိုးဦးကျမှိုကဲ့သို့ ပေါများလာသည်။

ဒေသခံများကလည်း ကိုယ်ပိုင်ဥယျာဉ်ခြံအတွင်း တူးဖော်ကြသလို အခြားဒေသကလုပ်ငန်းရှင်များကလည်း မြေနေရာဝယ်ယူပြီး လာရောက်လုပ်ကိုင်ကြသည်။

ခေတ်ဆိုးချိန်တွင် လက်နက်ကိုင်အဖွဲ့များနှင့်ညှိနှိုင်းပြီး အပြိုင်အဆိုင်တူးဖော်ကြသည့်အတွက် ချောင်းအချို့ ပျက်စီးသွားသလို တနင်္သာရီမြစ်မကြီးလည်း အသက်ငင်နေသည့်အခြေဆိုက်လာသည်။

ထိုသို့ ပျက်စီးလာသဖြင့် တနင်္သာရီမြစ်မကြီးနှင့် ချောင်းမြောင်းများကို အမှီသဟဲပြုပြီး လုပ်ကိုင်စားသောက်နေသည့် ဒေသခံများလည်း ဝမ်းစာရေးအခက်တွေ့လာရသည်။

ထိုအခြေအနေများကို သိရှိနိုင်ရန် တနင်္သာရီအမျိုးသားဥယျာဉ်အတွင်းနှင့် အနီးဝန်းကျင်တွင် နေထိုင်လုပ်ကိုင် စားသောက်နေသည့် ဒေသခံများကို မေးမြန်းပြီး တနင်္သာရီပုံရိပ်အစီအစဉ်အနေဖြင့် ကောက်နုတ်တင်ဆက်လိုက်သည်။

“မြစ်ထဲမှာ ကမ်းပါးတွေပြိုတယ်။ ငါးတွေတဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာတယ်”

ငါးဖမ်းသမား ဦးငွေစိုး၊ ဝမ်းနာရွာ၊ တနင်္သာရီမြို့နယ်

DW ။ ငါးဖမ်းတာက ဘယ်နားတွေမှာ သွားဖမ်းတာလဲ။

ဖြေ ။ ချောင်းမကြီး(တနင်္သာရီမြစ်)မှာပဲ။ ဝမ်းနာရွာတခွင်မှာပဲ ။ အဝေးကြီးလည်း မသွားဘူး။

DW ။ အရင်ကဆိုရင် ငါးဖမ်းပြီးတော့ အိမ်မှာစားသောက်တာအပြင် အပြင်မှာရောင်းတဲ့အထိ ငါးရတာလား။

ဖြေ ။ ဟုတ်တယ်။အခုက စားဖို့ပဲရတယ်။ စားဖို့တောင်တစ်ခါတလေဆိုရင် တစ်ညဆင်းရှာ(ဖမ်း)လို့ တစ်နပ်စာတောင်မရဘူး။

DW ။ အခုဆိုရင် သတ္တုမိုင်းတွေက ဘယ်လောက်အထိ များလာတယ်လို့ သိထားလဲ။

ဖြေ ။ သိန္ဓောမိုင်းလောက်ပဲကြားဖူးတယ်။ ရွှေချောင်းကနေဆင်းလာတယ် ပြဒါးတွေပါတဲ့အတွက်ကြောင့် ခရုတွေသေဆုံးတယ်။ဒီအတွက်ကြောင့် ငါးတွေရှားပါးသွားတယ်။ဗဟန်း(ရွှေ)ဖမ်းတဲ့အတွက်ကြောင့် ပြဒါးတွေလွင့်ကျလာတယ်။ ပြဒါးတွေစားမိတဲ့အတွက်ကြောင့် ငါးတွေ ပုစွန်တွေက သေဆုံးပြီးတော့ မပွားနိုင်တော့ဘူးပေါ့။

DW ။ ငါးဖမ်းတဲ့အချိန်မှာ ဘယ်လိုငါးတွေမျိုးဆိုမရှိတော့တာလဲ။

ဖြေ ။ အရင်တုန်းကဆိုရင် နန်ကြောင်တို့အရမ်းပေါတယ်လေ။ငါးခုံးမတို့ တအားပေါတယ်။အခုက တစ်ချီလာပြီးတာနဲ့ ပျောက်သွားပြီ။တစ်ချီလောက်ရပြီးတာနဲ့ ပျောက်သွားပြီပဲ။ အခုဆိုရင် ငါးသားငယ်(ငါးအငယ်)တွေ လောက်ပဲပေါတယ်။ ငါးကြီးတွေဖမ်းမမိတော့ဘူး။ငါးအကြီးတွေ မရှိတော့ဘူး။

DW ။ ဘယ်အချိန်လောက်ကတည်းကနေ ရေသတ္တဝါတွေရှားပါးလာတာကို စပြီးသတိထားမိလဲ။

ဖြေ ။ အခုဆိုရင် ရှားပါးသွားတာ ၃ နှစ်လောက်ပဲရှိသေးတယ်။ကိုဗစ်မဖြစ်ခင်တုန်းကဆိုရင် ငါးတွေချည်းပဲ။ ကိုဗစ်ဖြစ်ပြီး နောက်ပိုင်းမှ ရှားပါးသွားတာ။အရင်တုန်းကဆိုရင် တစ်လက်မခွဲပိုက်တစ်ဖုံနဲ့ဆင်းသွားရင် မိသားစုထမင်းစားလို့လောက် တယ် ရလာတဲ့ငါးကို။အခုကတော့ အိမ်မှာစားဖို့တောင် မမိကြဘူးပေါ့။ တစ်ညလုံး မျှောလို့တောင် တစ်ပိဿာရဖို့ မလွယ်ဘူး။

DW ။ ဦးတို့ ငါးဖမ်းလာတဲ့ကာလတစ်လျှောက်လုံးမှာ မြစ်အတွင်းမှာ ဘာတွေပြောင်းလဲလာတာ သတိထားမိလဲ။

ဖြေ ။ မြစ်ထဲမှာ ကမ်းပါးတွေပြိုတယ်။ ငါးတွေတဖြည်းဖြည်းနဲ့ ပျောက်ကွယ်လာတယ်။တစ်ခါတစ်လေကျရင် မိုးအသားတုန်း(မိုးသားသက်သက်)ကြီး ရွာချတယ်။ဒီလိုရွာချတော့ကမ်းပါးတွေက မခံနိုင်ဘဲနဲ့ မြေတွေအက်ကွဲပြီး ပြိုကျတာပေါ့။ တစ်လျှောက်လုံးဖြစ်တယ်။ တကူကနေ တနင်္သာရီ(မြို့)အထိ ကမ်းပါးပြိုကျတာ တအားပဲ။ ကမ်းပါးပြိုပြီးတော့ သစ်ပင်တွေစိုင်းဆင်းလာပြီးတော့ အမှိုက်တွေလာတင်ရင်းနဲ့ သောင်တွေပိုထွန်းလာတာပေါ့။ တိမ်ကောလာတာပေါ့။မြစ်က အရင်တုန်းကကျဉ်းပြီး အခုကကျယ်လာတာပေါ့။ မြစ်ကကျယ်လာပြီး ရေမနက်တော့ဘူး။လှေကြီးတွေ တင်သွားတာပေါ့။ဝမ်းနာရွာတစ်လျှောက်ဆိုရင် ဘယ်နားမှာမှ ဖြတ်သန်းလို့မရတော့ဘူး။ငါးတွေသားတွေလည်းပဲ ဒီလိုရေတိမ်မှာဆို မနေနိုင်ဘူးလေ။ နားခိုဖို့နေရာမရှိဘူးလေ။

DW ။ မြစ်ရေအရောင် ပြောင်းလဲလာလာမျိုးရှိလား။

ဖြေ ။ ရွှံ့ဆီတွေအခုချိန်အထိ အဝါရောင်အဖြစ်ကနေ မပြောင်းလဲသေးဘူး။ဆင်းလာတဲ့ရေမှန်သမျှ မကြည်လင်ဘူး။ အမြဲနောက်နေတယ်။ (မြစ်ကြမ်းပြင်)အောက်မှဆိုရင် ရွှံဆီ။လှေတွေသွားလာလို့ရှိရင်လှိုင်းထပြီးတော့ နောက်သွားတယ်။ ရေတွင်းရေကန်မရှိတဲ့သူတွေကတော့ ချောင်းမကြီး(တနင်္သာရီမြစ်)မှာပဲ ခပ်သုံးနေရတာပေါ့။ သောက်ရေရော ခပ်သုံးပေါ့။

DW ။ အရင်တုန်းကဆိုရင် မြစ်ရေကို အသုံးပြုပြီး အမှီသဟဲပြုနေရတာလား။

ဖြေ ။ ဒီလိုပဲ (သုံး)နေကြရတာ။ အဝီစိတွင်းတို့ ရေတွင်းတို့ ရေကန်တို့နည်းတယ်လေ။နောက်ပိုင်းမှပဲ ရေတွင်းတွေ ရေကန်တွေတူးလာတာ။ အရင်တုန်းကဆိုရင် (မြစ်)ကမ်းနားတွေမှာပဲ သွားခပ်ပြီးသုံးနေတာ။အခုဆိုရင် အဝီစိတွင်းတွေ တူးထားကြတာ ဘယ်လောက်နှစ်မှမရှိသေးဘူး။ ကမ်းနားရေတွေ မသန့်လို့ပေါ့။ ရေက အရောင်လည်းပြောင်းသွား တယ်။

DW ။ ခဲမိုင်းက ရေတွေစီးဆင်းလာရင် မြစ်ထဲမှာဘယ်လိုမျိုးအရောင်တွေ ဖြစ်သွားလဲ။

ဖြေ ။ ဒီလိုအဝါရောင်ပဲ(ရေကိုလက်ညိုးထိုးပြပြီးပြော)။လှုပ်ရှားနေပြီဆို ဆင်းလာတဲ့ရေက ရေနောက်တွေပဲ ဆင်းလာတယ်။မိုးမရွာတဲ့ရက်ဆိုရင် နည်းနည်းတော်သေးတယ်။မိုးမရွာရင် အောက်ခြေမှာတော့ နောက်နေပြီး အပေါ်မှာတော့ ကြည်နေတယ်။အောက်မှာတော့ နောက်နေတာပဲ။ ပိုက်တွေဘာတွေသွားပစ်ချလိုက်ရင် ပြန်ဆွဲတင်လိုက်တယ်ဆိုရင် ပိုက်မှာရေညှိတွေထုပ်ပြီးပါလာတယ်။ရွှံ့နောက်တွေလေ ကပ်ပြီးပါလာတာပေါ့။ ပိုက်တစ်ဖုံလုံး ရွှံ့ဆီတွေချည်းပဲ။ဒါဆို အထက်မှာ(ခဲ)လုပ်နေပြီပေါ့။ ပိုက်တွေ ရွှံ့ဆီရောင် ဒီလိုအနီရောင်ဖြစ်သွား တာပေါ့။ဒီလိုရက်တွေဆို ငါးမရတော့ဘူး။ပုစွန်လည်းမရတော့ဘူး။မြစ်အထက်ပိုင်းမှာ ရွှေလုပ်ကတည်းက ဂုံးတွေ ခရုတွေအကုန်လုံးမရှိတော့ဘူး။ သေကုန်တယ် ရွှံထဲမှာ။

DW ။ အခုနှစ်ပိုင်းထဲမှာဆိုရင် တစ်ရက်ငါးဖမ်းရင် ဘယ်လောက်မိလေ့ရှိတယ်။

ဖြေ ။ ငါးကြီးငါးငယ် တစ်ပိဿာလောက်ရတာပေါ့။ ဥပမာ တစ်လက်မပိုက်နဲ့ဆို ငါးက အရမ်းမကြီးဘူးလေ။ မျောလို့မိရင် မိပဲ။ ခြုံတွေမြောင်းတွေထဲကထွက်လာပြီး ရေမတက်ခင်မှာ အစာထွက်ရှာစားလို့ ဆုံရင် စားရ(မိ)ရင် စားရပဲ။ (ပိုက်)မျှောလို့မမိတော့ဘူး။ တစ်ညလုံး နှစ်ကောင်ထက်ပိုမရဘူး။ကိုဗစ်မဖြစ်ခင်ကဆိုရင် လှေမောင်းသွားပြီး ဓာတ်မီးနဲ့ထိုးသွားရင် ငါးတွေက (ရေပေါ်)ခုန်တက်နေကြတယ်။ဒီလောက်အထိ ရှားပါးသွားတာ။

DW ။ ကျေးဇူးတင်ပါတယ်။

“ရေတွေလည်း မကောင်းဖြစ်လာတော့ မြေကြီးတွေလည်း ပျက်စီးလာတယ်ပေါ့”

မဋ္ဌေးခိုင်၊ ကိုင်းစိုက်တောင်သူ၊ ဝမ်းနာရွာ၊ တနင်္သာရီမြို့နယ်

DW ။ ဒီမြစ်ရဲ့အပေါ်(အထက်)ဖက်မှာ ခဲလုပ်ပြီးနောက်ပိုင်း မြစ်ရေကိုလောင်းတဲ့အခါ ဘာတွေပြောင်းလဲသွားလဲ။

ဖြေ ။ ပြဒါးတွေပါတယ်ဆိုလား ဒါမျိုးတွေပါလာတော့ ရေတွေလည်း မကောင်းဖြစ်လာတော့ မြေကြီးတွေလည်း ပျက်စီးလာတယ်ပေါ့။ အဲဒီအခါကျတော့ အောက်တွေမှာ သဲတွေလာတင်တာပေါ့လေ ခဲရေတွေပေါ့။ အဲမှာ ပြောမယ်ဆိုတော့ သူရဲ့သတ္တုရေတွေလေ မျောလာတယ်ဆိုတော့ ဒီမှာ မြေဆီမြေနှစ် ‌မြေသြဇာတွေ မကောင်းတော့ဘူး။အရင်တုန်းက မြေသြဇာတွေ သိပ်မသုံးရဘူး။အခုက မြေသြဇာသုံးမှ တက်(အပင်ဖြစ်ထွန်း)တယ်။ မသုံးရင်လည်းဘာမှ မတက်ဘူး။ ဟိုအပေါ်ဖက်မှာ စိုက်ထားတာ။ ဟိုအပေါ်ဖက်မှာလေ ရေမလောင်းတော့ ဒီအတိုင်း ဒီအတိုင်းပဲဖြစ်တာပဲ။ အဲမှာ ရေလောင်းတဲ့ ကိုင်းတွေကျတော့ ထွားထွားကြိုင်းကြိုင်း ဖြစ်တာပေါ့။

DW ။ အခုဆိုရင် ဘယ်လိုပြောမလဲ ခဲတွေဘာတွေတူးလာတော့ ရေနောက်တွေက ဒီအထိဆင်းတယ်ပေါ့နော်။ ဆင်းတော့ ကိုင်းရဲ့အထွက်နှုန်းတွေက ဘယ်လိုမျိုးဖြစ်သွားလဲ။ အဲဒီ ရေ‌လောင်းတော့လေ။

ဖြေ ။ အဲဒီ ရေလောင်းတော့ အထွက်နှုန်းတော့ နည်းတာပေါ့။ ခါတိုင်းလို မဟုတ်ဘူးပေါ့။ အထွက်နှုန်းက နည်းသွားတာ။ တအား(အရမ်း)ကြီး မထွက်ဘူး။ ခဝဲ(သီး)တွေ လည်း မထွက်ဘူး။အရင်တုန်းကဆို တအားပဲပေါ့။ခြင်းနဲ့ဆို ၁၀ ခြင်း လောက်ရတယ်။ ဟိုအောက်မှာက တစ်ကိုင်းဆို လှေတစ်ခါဆင်းရင် ၁၀ ခြင်းလောက်ရတယ်။အခုကမထွက်တော့ဘူး နည်းကုန်တယ်။

DW ။ သစ်တောပြုန်းတီးမှုကြောင့် ဘာတွေမျိုးထူးထူးခြားခြား သတိထားမိလဲ။

ဖြေ ။ ရာသီဥတုတွေ ပူပြင်းလာတယ်။ကိုင်းတွေလည်း ခြောက်သွေ့ပြီး သိပ်မဖြစ်ထွန်းဘူးလေ။သစ်ပင်သိပ် မဖြစ်ထွန်းဘူး အပူချိန်များပြီးတော့။ရေလောင်းလည်းပဲ ခြောက်သွားတယ်လေ။

DW ။ ခဲမတူးခင်က အထွက်နှုန်းက ဘယ်လိုရှိလဲ။

ဖြေ ။ ခဲမတူးခင်က အထွက်နှုန်းကောင်းတယ်။‌ရေနောက်တွေ ဘာတွေ မဆင်းဘူးဆိုရင်လေ။ အထွက်နှုန်း တိုးသေးတယ်လေ။(ပြီးခဲ့တဲ့) လေး ငါးနှစ်လောက်မှာ အထွက်နှုန်းလျော့ကျလာတယ်။

DW ။ ခဲတူးနေတော့ ဆိုးကျိုးကောင်းကျိုးတွေ ဘယ်လိုဖြစ်လဲ။

ဖြေ ။ ဆိုးကျိုးကောင်းကျိုးကတော့ အထွက်နှုန်းနည်းလာတော့ ဆိုးကျိုးဖြစ်တယ်‌ပေါ့။

DW။ကောင်းကျိုးကရော။

ဖြေ ။ ကောင်းကျိုးက ဘာရှိမလဲ မြေဆီမြေသားညံ့ပြီးတော့ စိုက်တာမဖြစ်ထွန်းဘူး။

DW ။ မြေတွေက ဘယ်လိုပြောင်းလဲသွားလဲ။

ဖြေ ။ အရင်က မြေသြဇာတွေ တအားမသုံးရဘူးလေ။အခုက မြေသြဇာတွေသုံး။ ဆေးသုံးနေရတယ်။ အဲဒါတွေဖြစ်လာတယ်။ဒါမျိုးဖြစ်တောင် တအားမထွက်ဘူး။ သစ်ပင်တွေ တအားမတက်(မဖြစ်ထွန်းဘူး)။ အရင်တုန်းက မြေကတော့ ဖွယ် (ပွ) တယ်လေ။ အရင်ကဆို မြေဖွယ်၊ စိုက်ရင်ဖွယ် အခုက နင်(မာ)လာတာပေါ့။ နင်(မာ)ပြီးတော့ မြေဆီမြေနှစ်တွေ သိပ်မဖြစ်ထွန်းတော့ဘူးလေ။

DW ။ သစ်ပင်တွေက စိုက်လို့ရနေတုန်းလား။

ဖြေ ။ သစ်ပင်က စိုက်လို့ရတယ်။ကွမ်းတွေ ပြောင်းလဲစိုက်လာတာလေ။အပေါ်ဖက်ကဆို ကွမ်းစိုက်လာတယ်။

DW ။ အပင်ငယ်တွေစိုက်တာ မဖြစ်လို့လား။

ဖြေ ။ အပင်ငယ်တွေ စိုက်တာမဖြစ်လို့။ သူ့စရိတ်နဲ့လည်း မကိုက်ဘူး။ ဒီလိုမျိုးဆိုတော့ ကွမ်းစိုက်လာတယ်။အထက်မှာဆို ကွမ်းစိုက်ထားတယ်။

“သစ်တောကြိုးဝိုင်းရော ကြိုးပြင်ရော အကုန်ခုတ်နေကြတယ်။ဒီခုတ်သမားတွေက ရွာသားတွေက နည်းနည်းခုတ်မယ်။ခရိုနီတွေက အများအစားလှဲတယ်”

ဦးမြင့်အေး၊ ကိုင်းစိုက်တောင်သူ၊ ဝမ်းနာကျေးရွာ၊တနင်္သာရီမြို့နယ်

DW ။ အခုဆိုရင် ခဲတွေတူးကြတော့ ဥယျာဉ်ခြံတွေထဲလည်းတူးကြတဲ့အခါ သစ်တောတွေက တစတစပြုန်းလာတော့ ဘယ်လိုသက်ရောက်မှုတွေရှိပြီး ဘယ်လိုခံစားနေရလဲ။

ဖြေ ။ ဒါတွေက မိုးလေဝသနဲ့ ရာသီဥတုမမှန်ဖြစ်လာတယ်။ခါတိုင်းဆိုရင် သဘာဝအလိုက်ရေကြီးတဲ့ဟာလည်း မကြီးတဲ့ အချိန် မကြီးဘူး။ (ရေ) ကြီးတဲ့အခါကျလည်း အတိုင်းတာမရှိ ကြီးတယ်။အဲလိုအထိဖြစ်လာတယ်။ရာသီဥတု မမှန် ဖြစ်လာတယ်။

DW ။ ဘယ်အချိန်လောက်ကတည်းက ဖြစ်လာတာလဲ။

ဖြေ ။ ဖြစ်လာတာက အခုဆိုရင် ဆယ့်လေး ငါးနှစ်လောက်ဖြစ်လာပြီ။အဲဒီရာသီဥတုတွေ မမှန်ဘူး။မမှန်တဲ့အတွက် ပူချင်တဲ့အခါ ပူတယ်။ရွာချင်တဲ့အခါလည်း အတိုင်းအတာမရှိရွာတယ်။ ရွာလိုက်တဲ့အခါ ရေလည်း ပုံမှန်ကြီးနေတဲ့ပုံစံ မဟုတ်ဘဲနဲ့ အချိန်လွန်ပြီးတော့ အတိုင်းအတာမရှိ တက်ကြီးနေတယ်။ တစ်ခါမှလည်း တက်မကြီးဘဲတောင်မှ ကြီးနေတဲ့အချိန်ရှိတယ်။ ဒီသစ်တောတွေ ပြုန်းသွားတဲ့အတွက် အဲလိုမျိုးတွေရှိတယ်။ တို့ငယ်ကတည်းက အသက်၇၀ ဖြစ်လာပြီပေါ့။ငယ်ငယ်ကတည်းကနေ အခုအသက် ၆၀ ကျော်မှ ရာသီဥတုဒဏ်တွေခံလာရတာပေါ့။ အခုဒီသစ်တောတွေ ပြုန်းတာက နှစ်တစ်ဆယ်ကျော်ပဲရှိသေးတယ်ဆိုတော့။အရင်တုန်းက သစ်တောက ဒီလောက်မပြုန်းတီးသေးဘူးဆိုတော့။ ဦးသိန်းစိန်လက်ထက်မတိုင်ခင် ဦးသန်းရွှေလက်ထက်ကတည်းက ဒီသစ်တောတွေက စပြီးလုပ်ကြတယ်။အဲမှာစပြီးတော့ ရာသီဥတုဖောက်ပြန်လာတယ်။

DW ။ အရင်တုန်းကဆိုရင် မြစ်ရေကို ဘယ်လိုအသုံးပြုကြလဲ။

ဖြေ ။ မြစ်ရေက အရင်တုန်းကဆို (သတ္တု)မိုင်းမရှိဘူး။ ရွှေလည်းမတူးကြဘူးလေ။ မိုင်းမရှိရင် သဘာဝရေအတိုင်း တက်နေ ဆင်းနေတယ်လေ။ ရေကြည်နေတယ်။ အခုက ရေလည်းနောက်လာတယ်။ရေကြည်တဲ့အချိန်မှာလည်း မကြည်ဘူးပေါ့။ နောက်ပြီးတော့ မလိုအပ်တဲ့ဟာတွေလည်း မြစ်ထဲမှာ ပေါလာတယ်။ဒီမှာ အရင်တုန်းအချိန်က မြစ်ရိုးတစ်လျှောက်လုံး ခရုတွေပေါတယ်။ ဒီ ရွှေတူး၊သတ္တုတူး ကောက်လုပ်လိုက်တာနဲ့ ခရုတွေ လုံးလုံး ပျောက်သွားတယ်။ သေကုန်တယ် မရှိ‌တော့ဘူး။ဒီတော့ ရွှေတူးတဲ့ မြစ်ရေမသန့်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်သွားတဲ့ဟာပေါ့နော်။ဒီမြစ်ရိုးတစ်လျှောက် ခရုတွေမရှိကြတော့ဘူး။ အရင်တုန်းအချိန်က ခရုတွေ ကြိုက်တဲ့နေရာမှာ ဖော်လို့ရတယ်။‌ ရေချိုခရုတွေ အခုမရှိတော့ဘူးလေ။ဘာဖြစ်လို့ဆိုရင် မိုင်းပေါမှ ဒါရွှေတူးမှ ဒါဟာတွေ ပျောက်သွားတယ်။

DW ။‌ အစိုးရအဆက်ဆက်တွေမှာ ခေတ်အလိုက်ဆိုရင် ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်လိုမျိုးဖြစ်လာလဲ။

ဖြေ ။ တံခါးဖွင့်စနစ်လုပ်လိုက်တုန်းအချိန်ကတော့ အကုန်လုံး လူတွေအားလုံးက လုပ်စားရတယ်။ အဖမ်းအဆီး နည်းတယ်။အဖမ်းအဆီးနည်းပြီး လုပ်စားရတော့ စီးပွား‌ရေးသမားတွေက လုပ်စားလို့ ရတယ်ပေါ့။သဘောက သစ်ဆိုလည်း ခုတ်ရောင်းလို့ရတယ်။ ကြိမ်ဆိုလည်း ခုတ်ရောင်းရတယ်။မိုင်းဆိုလည်း တူးသမားတွေ ရသွားကြတယ်။ ဒါပေမဲ့ သူတို့ကို အကောက်ခွန်ပေးလောက်ပဲလုပ်စားရတယ်။အဓိကက ဦးသန်းရွှေလက်ထက်မှာ စီးပွားရေး အကျိုးအမြတ် အကောင်းဆုံးဖြစ်သွားတယ်။ဦးသိန်းစိန်လက်ထက်ကျတော့ သူ‌‌ဌေးတွေ လက်ထက်ဖြစ်သွားပြီ။ (လုပ်ငန်းရှင်)အငယ်တွေ မရတော့ဘူး။လက်လုပ်ပြီး ထမင်းစားသမားတွေ လုပ်မရတော့ဘူး။ဘာဖြစ်မရလဲဆိုတော့ သူဌေးတွေက အားလုံးငွေပေးပြီးတော့ သူဌေးတွေက အကုန်သိမ်းယူလိုက်တယ်။ မင်းအောင်လှိုင်လက်ထက်ကျတော့ သူဌေးတွေ မရတော့ဘူး။တကယ့် ခရိုနီကြီးတွေလောက်ပဲရတယ်။ကျန်အငယ်တွေ တစ်ယောက်မှ လုပ်စားမရဘူး။

DW ။ အသက်က ရှေ့လည်းမီ နောက်လည်းမီ ဖြစ်နေတော့ သစ်တောကြိုးဝိုင်းထဲမှာ သစ်ပင်ခုတ်တာတွေ သိလား။

ဖြေ ။ သိတော့ သိတယ်ပေါ့။ သစ်တောကြိုးဝိုင်းရော ကြိုးပြင်ရော အကုန်ခုတ်နေကြတယ်။ဒီခုတ်သမားတွေက ရွာသားတွေက နည်းနည်းခုတ်မယ်။ခရိုနီတွေက အများအစားလှဲတယ်။လုပ်တယ်ပေါ့။

DW ။ မြစ်လယ်ကျွန်းတွေ ပြောင်းလဲလာတာရှိလား။

ဖြေ ။ ဟိုက မိုင်းတူး ရွှေတူး တောင်တွေဖြို ဘာတွေဖြို ထွန်းလာ‌တာ‌ပေါ့။

DW ။ အခုက ရွှေ့လာတာလား။

ဖြေ ။ ဟိုကနေ ဒီကို ကျွန်းတွေဖြစ်လာတယ်။အခုဒီကျွန်းကနေ အောက်ဘက်ကို ထွန်းလာတာ မနည်းဘူး။ မြေ ၁၀ ဧက ကျော်လောက်ထွန်းလာတယ်။ဒီဘက်မှာကျွန်း ဒီကျွန်းလည်းထွန်း တို့ကျွန်းလည်းထွန်း ရေလယ်ကျွန်းလည်း ထွန်းတယ်။ ဒီအောက်နားမှာ။

DW ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မြစ်ထဲမှာ ဘယ်လိုပြောင်းလဲမှုတွေဖြစ်လာလဲ။

ဖြေ ။‌ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက တောင်‌တွေပြို ဘာတွေပြိုပြီးကျတော့ ရေသဘာဝမဟုတ်ဘဲနဲ့ ရွှံ့ဆီလိုမျိုး အလိမ့်လိုက်တက်ပြီးတော့ ငါးတွေတောင် အကုန်ပေါ်ကုန်တယ်။ ငါးပသိ(ပါးဟက်)ထဲ ရွှံ့ဆီတွေဝင်ပြီးရင် အကုန်လုံးပေါ်ကုန်တယ်။ ငါးကြီးကြီး ငယ်ငယ်။

DW ။ မြေတွေက ဘာကြောင့်မာလာလဲ။

ဖြေ ။‌ ကိုင်းပင်တွေရှိတော့ နုန်းဆီတင်မယ်လေ။အပင်မရှိတော့ မြေပြောင်။ မြေပြောင်ကို ရေထိုးပစ်ချလိုက်တော့ သဲပဲတင်မယ်။ နုန်းမရှိတော့ဘူးလေ။ ဒါဆို မြေမာပြီပေါ့။

“ဒီမိုင်းလုပ်ငန်းမလုပ်ရဘူးဆိုရင် ထမင်းမငတ်ပေမယ့် တအားပင်ပန်းမှာပေ့ါ”

သိန္ဓောရွာဒေသခံ ခဲသတ္တုတူးဖော်သူ

(သိန္ဓောကျေးရွာက တနင်္သာရီအမျိုးသားဥယျာဉ်၏ တောင်ဘက်အပိုင်းတွင်တည်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း သတ္တုလုပ်ကွက်အများအပြားရှိနေသည်)

DW ။ ခဲတူးတာက ကိုယ့်မြေမှာ ကိုယ်လုပ်တာလား။

ဖြေ ။ ကိုယ့်မြေ ကိုယ်ပါပဲ။ ကိုယ်ပိုင်ခြံပေါ့။ အရင်က ကွမ်း(သီး)စိုက်တယ်။တိုက်ပွဲတုန်းက ပြေးနေရတော့နေပူပြီးသေကုန်တယ်။ဥယျာဉ်ထဲ ခဲရှိနေတယ်ဆိုတော့ ခဲမောင်း(တူး)လိုက်တာ။

DW ။ တစ်နှစ်ကိုဘယ်လောက်ရလဲ။

ဖြေ ။ အချိန်ပြည့်လုပ်ရရင်တော့ (သိန်း) ၂၀၀၊ ၃၀၀ လောက်တော့ရမှာပေါ့။ ကိုယ်ကိုယ်တိုင်စားရတာပေါ့။ ၄လ ၅ လ လောက်လုပ်မယ်ဆိုရင်။ခဲလုပ်တာက ပတ်ဝန်းကျင်က မနည်းပျက်စီးတာပဲလုပ်လိုက်တာ။တစ်လျှောက်လုံး သူများတွေလည်းလုပ်ထားပြီးပြီဆိုတော့။

DW ။ နောက်တစ်ခုမေးချင်တာက ဦးလေး ဒီခဲတွေဘာတွေ လုပ်မယ်ဆိုရင် ခွင့်ပြုချက်တွေ ဘာတွေယူရသေးလား။

ဖြေ ။ ခွင့်ပြုချက်ကတော့ မယူရဘူး။ ဒီမှာတော့ပေးရတာပေါ့။ တစ်လကို (ကျပ်)သုံးသိန်း အကောက်ပေးရတယ် အဖွဲ့အစည်းတွေကို။

DW ။ ဒီလိုမျိုးခဲတူးရင် သူတို့ချမှတ်ထားတဲ့စည်းကမ်းတွေရှိလား။

ဖြေ ။ အရင်ကတော့ ချမှတ်ထားတာပဲ။ ချောင်းတွေဘာတွေ မပျက်စီးရဆိုပြီးတော့။နောက်ပိုင်းကျတော့ တအားလိုက်ပြီး မစိုးမိုးနိုင်ဘူးဆိုတော့ ဖြစ်ချင်သလိုဖြစ်သွားတာပဲ။လုပ်ချင်သလို လုပ်ကုန်တာပေါ့။ ချောင်းမှန်းမသိဖြစ်ကုန်ပြီ ပျောက်ကုန်ပြီ။

DW ။ ဘာချောင်းတွေ ပျောက်သွားတာလဲ။

ဖြေ ။ ချောင်းကတော့ ဒီသိန္ဓောချောင်းပေါ့။

DW ။ ဦးလေးတို့ မိုင်းတူးတဲ့အချိန်မှာ တစ်လကိုဆိုရင် အကျိုးအမြတ်ဘယ်လောက်ရလဲ။

ဖြေ ။ ဒီမှာ တစ်လဆိုရင် စက်ပစ္စည်းတွေဘာတွေ ဘာမှမဝယ်ရဘူးဆိုရင် တစ်ရာလောက်တော့ ရမှာပေါ့ တစ်လကို။စရိတ်ကလည်း တအားကြီးတယ်လေ လုပ်ရတာက။ ဘက်ဟိုးခတောင် သိန်းတစ်ရာကျော် ရှိတယ်။ကိုယ်စားရတာက ဘယ်လောက်မှ မရှိဘူး။

DW ။ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေ ဦးလေးတို့သိလားပေါ့။ ဒီဒေသခံတွေအနေနဲ့ဆိုရင်။

ဖြေ ။ ခဲတူးတာကတော့ ထိခိုက်တာပဲ သဘာဝပတ်ဝန်းကျင်ကတော့။ကိုယ်ကတော့ ဒီအလုပ်လောက်ပဲရှိတယ်ဆိုတော့ ဒီအလုပ်ကတော့ မထိခိုက်ဘူးဆိုတာ မရှိဘူး။အဓိကကတော့ ရေအရင်းအမြစ်တွေက အများကြီးဆုံးရှုံးတာပေ့ါ။

DW ။ ဒီမိုင်းလုပ်ငန်းလုပ်နေတာဆိုတော့ ဒေသခံတွေအတွက် ဆိုးကျိုး ကောင်းကျိုးက ဘယ်လိုရှိလဲ။

ဖြေ ။ ဆိုးကျိုးရှိသလို ကောင်းကျိုးလည်းရှိတာပေါ့။ အဆင်ပြေနေကြတာကိုး လည်ပတ်နေရတာကိုး။ အခြားအလုပ်လည်းမရှိဘူးလေ ဒီမှာက။ ကောင်းကျိုးကတော့ နည်းနည်းများတယ်လို့ ပြောရမှာပေါ့ ဆိုးကျိုးထက်။ကိုယ့်မြေ ကိုယ့်ရေမှာဆိုတော့ ကိုယ့်ဥယျာဉ်မှာလုပ်ကြတာပေါ့။

DW ။ အခုဦးလေးတို့ ခဲတွေတောက်လျှောက်လုပ်လာတယ်။တောက်လျှောက်လုပ်လာတော့ အင်းတွေ အိုင်တွေဖြစ်ပြီး ကျန်ခဲ့တာပေါ့။ ဒီလိုဖြစ်တော့ဒေသခံတွေအနေနဲ့ ဘာတွေကြုံရနိုင်လဲ။

ဖြေ ။ ဖြစ်တာကတော့ ဥယျာဉ်တွေ ဆုံးရှုံးတာလောက်ပဲရှိတာပေါ့။ ကျန်တာဟာကတော့ ဆိုးကျိူးကတော့ မရှိနိုင်ဘူး။ အင်းအိုင်တွေကျန်ခဲ့လည်းပဲ။

DW ။ ဒီမြေပေါ်မှာကရော စိုက်လို့အဆင်ပြေသေးရဲ့လား။

ဖြေ ။ ဒီဖက်ခြမ်းက သီးနှံတွေကတော့ မရတော့ပြီပေါ့။သင့်တော်တဲ့အပင်တော့ရှိမှာပဲ။မြေဆီမရှိတဲ့နေရာတွေမှာ စိုက်လို့ရတဲ့အပင်တွေမျိူးပေါ့။

DW ။ ဆိုးကျိုးရှိမှန်းသိလျက်နဲ့ ဘာကြောင့်ဒီလုပ်ငန်းကို လုပ်ဖြစ်တာလဲ။

ဖြေ ။ ဒီအလုပ်ကပဲ စားဝတ်နေရေးအဆင်ပြေတယ်ဆိုတော့ ဒီမျိုးပဲ။ တစ်ဝက်စီပေါ့နော် အဆိုးအကောင်းကတော့ ။

DW ။ ခဲကြောတွေ့လို့ တူးရင်းတူးရင်းနဲ့ နောက်ဆုံးဘာတွေဖြစ်သွားနိုင်လဲ။

ဖြေ ။ တောတောင်ပြုန်းတီးမှုပဲဖြစ်မှာပေါ့။ သဘာဝပတ်ဝန်းကျင်တွေ၊ သဲပြင်ကြီးတွေပဲဖြစ်သွားမှာပေါ့တောတောင်တွေ ရှိချင်မှ ရှိတော့မှာပေါ့။

DW ။ ဦးလေးတို့ မိုင်းလည်းမလုပ်ဘူးဆိုရင် ဘာအလုပ်တွေ လုပ်ကြလဲ။

ဖြေ ။ ကွမ်းသီးရှိမယ်။ ကော်ပတ်ခြစ်တဲ့လူတွေရှိတယ်။ဒီမိုင်းလုပ်ငန်းမလုပ်ရဘူးဆိုရင် ထမင်းမငတ်ပေမယ့် တအားပင်ပန်းမှာပေ့ါ။ဒီမှာက ဒီအလုပ်ကပဲ နည်းနည်းအဆင်ပြေနေတယ်လေ အကုန်လုံးက။

DW ။ ဒီမှာ မြေတစ်ဧကကို ဘယ်ဈေးလောက်ရှိလဲ။

ဖြေ ။ တစ်ဧကကို သိန်းနှစ်ရာလောက်ပေါက်တယ်။ခဲမလုပ်ခင်တုန်းကဆိုရင် သိန်း ၃၀ ၊ ၄၀ ပေါ့။ ဘယ်လောက်မှမရှိဘူး။

DW ။ လုပ်ငန်းရှင်တွေ လာဝယ်ပြီး ခဲတူးပြီးရင် ဘယ်လိုဆက်လုပ်ကြလဲ။

ဖြေ ။ ကိုယ့်မြေကို ပြန်ရတာပေါ့။ သတ္တုလောက်ပဲဖော်သွားကြတယ်။သူက မြေပိုင်မရဘူးလေ။ သတ္တုတူးပြီးရင် ကိုယ့်မြေပဲပေါ့။ကိုယ့်မှာကတော့ အင်းအိုင်တွေကျန်ခဲ့မှာပေါ့။