ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်တွင် ပျောက်နေသည့် ကလေးငယ် သုံးရက်အကြာတွင် အလောင်းပြန်တွေ့

February 21, 2026

ပုံစာ - ကလေးငယ်၏ ရုပ်အလောင်းကို ဆယ်ယူနေစဥ်။ ဓာတ်ပုံ - ဝဋံသက နာရေးကူညီမှုအသင်း။

မြိတ်မြို့တွင် ကလေးငယ်တစ်ဦး ပျောက်ဆုံးပြီး သုံးရက်အကြာတွင် ရုပ်အလောင်းကို ခြောက်တစ်ခင်းရပ်ကွက်၊ ချမ်းမြေ့သာယာဘုန်းကြီးကျောင်းအနီးရှိ ချောင်းတွင်တွေ့ရှိကြောင်း ဒေသခံများနှင့် နာရေးကူညီမှုအသင်းထံမှ သိရသည်။

ခြောက်တစ်ခင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အသက် ၁နှစ်နှင့် ၈လအရွယ် သမီးငယ်တစ်ဦးသည် ဆော့ကစားနေစဉ် ပျောက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ပျောက်ဆုံးသွားသည့် ကလေးငယ်သည် အမွှာညီအစ်မ နှစ်ဦးအနက် အကြီးသမီးငယ်ဖြစ်ပြီး ပျောက်ဆုံးပြီးနောက် လူမှုကွန်ရက်တွင် အကူအညီတောင်းခံခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၂၀ရက်တွင် ချောင်းတွင် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကလေးငယ်၏ ရုပ်အလောင်းကို မြိတ်မြို့ခံ နာရေးကူညီမှုအသင်းတစ်ခုဖြစ်သည့် ဝဋံသကအသင်းက ရင်ခွဲရုံသို့ ပို့ပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

“အလောင်းပေါ်နေတယ်ဆိုပြီး ရဲတွေက ဆက်သွယ်ပြီး အကူအညီတောင်းလို့ သွားဆယ်ပြီး ရင်ခွဲရုံပို့ပေးတာပါ။ အကြောင်းစုံကတော့ မသိရဘူး” ဟု ဝဋံသက အသင်းဝင်တစ်ဦးက ပြောသည်။

ကလေးငယ် သေဆုံးရသည့်အကြောင်းအရင်းကိုမူ သေသေချာချာ မသိရသေးပေ။

ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းတွင်လည်း မြိတ်မြို့၊ ကုန်းဖောက်ရပ်ကွက်၊ တံတားအနီး မွေးကင်းစ ကလေးငယ် အလောင်းတစ်လောင်း စွန့်ပစ်ထားသဖြင့် ကူညီသင်္ဂြိုဟ်ပေးခဲ့ရသေးကြောင်း ကူညီပေးခဲ့သည့် ရှင်သန်ခြင်း ပရဟိတအဖွဲ့ထံမှ သိရသည်။