တနင်္သာရီမြို့နယ်၊ သာရဖုံရွာကို စစ်အာဏာရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကာမီကာဇေဒရုန်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၀ရက်တွင် စစ်အာဏာရှင်တပ်က သာရဖုံရွာကို ကာမီကာဇေဒရုန်း နှစ်စီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ဒရုန်းတွေက ရွာထဲကျတယ်။ (လူနဲ့ နေအိမ်အဆောက်အအုံ) ထိခိုက်မှု မရှိဘူး။ တိုက်ပွဲဖြစ်ပွားတာမရှိဘူး” ဟု ၎င်းက ပြောသည်။
ဇဝဲကျေးရွာအခြေစိုက် ၅၅၆တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။ ကာမီကာဇေဒရုန်းမှာ ဒရုန်းကို အဆုံးအရှုံးခံပြီး ဝင်ရောက်ဖောက်ခွဲတိုက်ခိုက်သည့် ဒရုန်းအမျိုးအစားဖြစ်သည်။
ယင်းအပြင် ဇဝဲကျေးရွာအုပ်စု ဆန်းသစ်ရွာဘုန်းကြီးကျောင်းတောင်ပေါ်ရှိ စစ်အာဏာရှင်တပ်ကလည်း လက်နက်ကြီးဖြင့် သုံးကြိမ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“လက်နက်ကြီးတွေက ရွာထဲမှာလည်း ကျတယ်။ ရွာပြင်မှာလည်း ကျတယ်။ လူတွေ ထိခိုက်တာတော့ မရှိဘူး” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်တပ်သည် တနင်္သာရီမြို့နယ်တွင် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေများကို ကာမီကာဇေ ဒရုန်းဖြင့် တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်လာသည်။
ပဝကျေးရွာအုပ်စု၊ ပဝထိန်ရွာကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် မော်တုန်းရွာအခြေစိုက် ၃၀၆ အမြောက်တပ်က ကာမီကာဇေဒရုန်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး ခရစ်ယာန်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။ ယင်းမှာ တနင်္သာရီမြို့နယ်အတွင်း ကာမီကာဇေဒရုန်းဖြင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယခု ဖေဖော်ဝါရီလ ၁၂ ရက်ကလည်း တကူကျေးရွာအုပ်စု၊ အလယ်ပိုင်းရွာကို ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးသောကြောင့် သာရဖုံရွာတိုက်ခိုက်ခံရမှုမှာ တတိယအကြိမ်မြောက် ဖြစ်လာသည်။







