စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲအပြီးတွင် တနင်္သာရီတိုင်းအတွင်း စစ်ရေးပိုမိုပြင်းထန်လာနေသည်။
Dawei Watch က ရရှိထားသည့် အချက်အလက်များအရ စစ်ကော်မရှင်က တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ၏ တည်နေရာကို အသေးစိတ် ထောက်လှမ်းနေသည်မှာ ၆ လခန့်ရှိပြီဖြစ်သည်။
စစ်ကော်မရှင်၏ မြေပြင်တပ်များသို့ ညွှန်ကြားချက်များတွင် ပစ်မှတ်တည်နေရာများကို စနစ်တကျကောက်ယူပြီး တင်ပြရန်ဆိုသည့် အချက်ကို ဆက်တိုက်ဖော်ပြနေကြောင်း တွေ့ရသည်ဟု စစ်ရေးသတင်းရင်းမြစ်က Dawei Watch သို့ ပြောဆိုသည်။
ယခု ဖေဖော်ဝါရီလတွင်တော့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာနေသည်။
တနင်္သာရီတိုင်းအတွင်း ယခုကဲ့သို့ လေယာဉ်ဖြင့် ရက်ဆယ်နှင့်ချီ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုမျို မကြုံဖူးကြောင်း ဒေသခံများကဆိုကြသည်။
စစ်အာဏာရှင်တပ်၏ ဂျက်တိုက်လေယာဉ်များ၊ Y12၊ ရဟတ်ယာဉ်များ ကောင်းကင်ယံတွင် နေ့စဉ်ရက်ဆက် ဝဲပျံလျက်ရှိသည်။
တိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားသည့်နေရာများ၊ စစ်ရေးတင်းမာနေသည့်နေရာများကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် တရစပ် တိုက်ခိုက်နေခြင်းဖြစ်သည်။ အချို့နေရာများတွင် ရေတပ် စစ်သင်္ဘောကလည်း ပစ်ကူပေးနေ သည်။
စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ ယခု ဖေဖော်ဝါရီလအတွင်း ၁၅ ကြိမ်ထက်မနည်း ရှိလာပြီဖြစ်သည်။
Dawei Watch ၏ မှတ်တမ်းများအရ စစ်အာဏာရှင်တပ်သည် ဖေဖော်ဝါရီလ ၄ ရက်မှ ၂၀ ရက်အထိ ၁၇ ရက်တာအတွင်း ပုလော၊ တနင်္သာရီ၊ သရက်ချောင်း၊ ထားဝယ် စသည့် မြို့နယ်လေးမြို့နယ်ရှိ ကျေးရွာ ၁၅ ရွာကို လေကြောင်း တိုက်ခိုက်ခဲ့သည်။ ဗုံးကြဲ တိုက်ခိုက်မှု အကြိမ်ရေ ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထားဝယ်ခရိုင်တစ်ခုတည်းကို ကြည့်မည်ဆိုပါက ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် တိုက်ပွဲများပြင်းထန် လျက်ရှိသည်။ အထူးသဖြင့် သရက်ချောင်းမြို့နယ်တွင် ပိုမိုပြင်းထန်လျက်ရှိသည်။
စစ်အာဏာရှင်တပ်ကလည်း သရက်ချောင်းမြို့နယ်ထဲရှိ မင်းဒပ်၊ ဝင်းဝ ကျေးရွာ အပါအဝင် အနီးဝန်းကျင်ကို လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။ ဖေဖော်ဝါရီလ ၄ ရက်မှ ၂၀ ရက်အထိ ၁၇ ရက်အတွင်း လေကြောင်းမှ အနည်းဆုံး ဗုံး ၁၅ ကြိမ်ထက်မနည်း ကြဲမှုတွင် ၁၀ ကြိမ်ထက်မနည်း သရက်ချောင်းမြို့နယ်ကို ကြဲခဲ့ခြင်းဖြစ်သည်။
သရက်ချောင်းမြို့နယ်ထဲက မင်းဒပ်၊ ဝင်းဝ၊ ကနက်သီရိ၊ ပြင်းဖြူသား၊ ချောက်ချောင်း၊ ချောင်းဝပြင်၊ စုံစင်ဖျား၊ ဂုံညှင်းဆိပ်၊ သဲချောင်းကြီး စသည့် ကျေးရွာများ တောက်လျှောက် ဗုံးကြဲခံနေရခြင်းဖြစ်သည်။
စစ်အာဏာရှင်တပ်သည် ဖေဖော်ဝါရီလ ၁၂ ရက်တွင် မင်းဒပ်ရွာကို ဗုံးကြဲခဲ့ပြီး ၁၇ ရက်တွင်လည်း ထိုရွာကို လေကြောင်း မှပင် ဗုံးထပ်ကြဲခဲ့ပြန်သည်။ ဖေဖော်ဝါရီလ ၁၈ ရက်တွင်မူ ကနက်သီရိရွာကို လေကြောင်းမှ ဗုံးကြဲချ ပြန်သေးသည်။
ယင်းမတိုင်ခင် ဖေဖော်ဝါရီလ ၁၀ ရက်ကမူ မင်းဒပ်ရွာနှင့် ၁၉ မိုင်ခန့်အကွာတွင်ရှိသည့် သဲချောင်းကြီးရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့သေးသည်။ ဖေဖော်ဝါရီလ ၁၉ ရက်တွင်မူ မင်းဒပ်ရွာနှင့် ဝင်းဝရွာကို လေကြောင်းမှ ဗုံးထပ်ကြဲပြန်သည်။
နောက်တစ်ရက် ဖေဖော်ဝါရီလ ၂၀ ရက် ယနေ့တွင်မူ မင်းဒပ်ရွာနှင့် ၈ မိုင်ခန့်အကွာတွင်ရှိသော ချောက်ချောင်းရွာ၊ ချောင်းဝပြင်၊ ဂုံညင်းဆိပ်၊ စုံစင်ဖျား၊ ပြင်းဖြူသား ကျေးရွာအနီးဝန်းကျင်တို့ကို လေကြောင်းဖြင့် ဗုံးထပ်ကြဲပြန်သည်။ ထိုနေ့ည ၈ နာရီခန့်တွင်လည်း အဆိုပါကျေးရွာများဘက်သို့ ဗုံးအလုံရေ ၂၀ ခန့် ထပ်မံကြဲချခဲ့သေးကြောင်း ဒေသခံတို့က ပြောသည်။
သရက်ချောင်း မြို့နယ်တွင် လတ်တလော လေကြောင်း၊ ရေကြောင်းတို့မှ ပစ်ခတ်သည့် ဗုံးမိုးရွာလျှက်ရှိသည်ဟု ဒေသခံတို့က ဆိုသည်။
ဒေသခံတို့၏ ပြောကြားချက်အရ စစ်အာဏာရှင်တပ်စခန်းတစ်ခုဖြစ်သော ဝင်းဝစခန်းကို တော်လှန်ရေးတပ်တို့ဘက်က ယခုရက်ပိုင်းအတွင်း ဒရုန်းဖြင့် တိုက်ခိုက်လျက်ရှိပြီး ဖေဖော်ဝါရီလ ၁၉ ရက်က ဆိုလျှင် နှစ်ဖက် ပစ်ခတ်သံများကြားရ ကြောင်း သိရသည်။
ယင်းအတွက်ကြောင့် သရက်ချောင်းမြို့နယ်ထဲတွင် စစ်အာဏာရှင်တပ်ဘက်က လေကြောင်းသုံး တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သုံးသပ်ကြသည်။ လေကြောင်းအပြင် ထားဝယ်မြစ်ကတစ်ဆင့် စစ်သင်္ဘောကလည်း လက်နက်ကြီးပစ်ကူများကိုလည်း သရက်ချောင်းဘက်သို့ နေ့ရောညပါ တောက်လျှောက် ပစ်ခတ်လျက်ရှိသည်။
ဒေသခံများမှာ စစ်သင်္ဘောနှင့် စစ်လေယာဉ်တို့က ပစ်ခတ်သည့် လက်နက်ကြီးကျည်များကြားထဲတွင် ခေါင်းမဖော်နိုင် အောင်ပင် အသက်လုပြေးလွှာပုန်းရှောင်နေကြရကြောင်း ပြောဆိုကြသည်။ အရပ်သားပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ပျက်စီးဆုံးရှုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ယင်းအပြင် ထားဝယ်၊ မြိတ်၊ ကော့သောင်းသွား ပြည်ထောင်စုလမ်းပိုင်းတစ်နေရာဖြစ်သည့် သရက်ချောင်းမြို့နယ်ထဲတွင် လမ်းပိတ်နေပြီး ခရီးသည်များ ပိတ်မိနေကြသည်။
အချို့ခရီးသည်များ ရက်ရှည်ပိတ်မိနေကြပြီး အချို့မှာ နောက်ပြန်ဆုတ်ကာ ရေကြောင်းမှတစ်ဆင့် သွားလာနေကြရကြောင်း စုံစမ်းသိရသည်။ ယင်းအပြင် ကုန်တင်ကားများလည်း ပိတ်မိနေကြသေးသည်။
သရက်ချောင်းမြို့နယ်နှင့် နယ်ချင်းဆက်နေသည့် ပုလောမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့တွင်လည်း စစ်အာဏာရှင်တပ်က လေယာဉ်သုံးတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ယင်းအပြင် တနင်္သာရီမြို့နယ်တွင်လည်း လေကြောင်း တိုက်ခိုက်ခံနေရသည်။
ဖေဖော်ဝါရီလထဲ ယနေ့အထိ တိုက်ခိုက်ခဲ့သော လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်းတွင် သရက်ချောင်း ၁၀ ကြိမ်ထက်မနည်း၊ ပုလော နှစ်ကြိမ်၊ ထားဝယ် နှစ်ကြိမ်၊ တနင်္သာရီ တစ်ကြိမ် ရှိသည်။
ပုလောမြို့နယ်တွင်မူ ခန္တီကျေးရွာအုပ်စု တောင်ခေါင်းလောင်းကျေးရွာကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလ ၁၇ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ နောက်တစ်ရက် ဖေဖော်ဝါရီလ ၁၈ ရက်တွင်မူ ပလမြို့အနီးရှိ တိုကျေးရွာအုပ်စု သင်္ကန်းတောရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြန်သည်။ သင်္ကန်းတောရွာရှိ ပြည်သူများမှ ၂၀၂၂ ခုနှစ်ကတည်းက ရွာလုံးကျွတ် စစ်ဘေးရှောင်နေရသည်။
ပုလောမြို့နယ်ထဲတွင်လည်း နှစ်ဖက်ထိတွေ့မှုဖြစ်တိုင်း လေကြောင်းက ဗုံးလာကြဲလေ့ရှိသည်ကို တွေ့ရသည်။
ပုလောမြို့နယ်ထဲ ရွေးကောက်ပွဲပြီး ဖေဖော်ဝါရီလထဲတွင်ပင် စစ်အာဏာရှင်တပ်က မီးအကြိမ်ကြိမ်ရှို့သဖြင့် အရပ်သားနေအိမ် ၂၅၀ ခန့် မီးလောင်ပြာကျသွားရသည့် မြို့နယ်လည်းဖြစ်သည်။
ထားဝယ်မြို့နယ် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်မှာ ထားဝယ်− ထိုင်း သွားလမ်းဖြစ်သည့် ထီခီးလမ်းပေါ်ရှိ ဟိန္ဒားရွာနှင့် ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်ရှိ မောင်မယ်ရှောင်ရွာ ထားဝယ်နည်းပညာ တက္ကသိုလ်အနီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၄ ရက် ဟိန္ဒားကျေးရွာတောင်ထိပ်တွင်ရှိသည့် KNLA တပ်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုး လာရောက် တိုက်ခိုက်သည့်အချိန် လေကြောင်းပစ်ကူကိုပါ အသုံးပြုခဲ့ခြင်းဖြစ်သည်။ ယင်းလေကြောင်းတိုက်ခိုက်မှုတွင် ဘုန်းကြီးကျောင်းထိမှန် ပျက်စီးခဲ့သည့်အပြင် ဘုန်းကြီးတစ်ပါးလည်း ဒဏ်ရာရခဲ့သည်။
နောက်တစ်ကြိမ်မှာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ဦးဆောင်သည့် ဒူရကစစ်ကြောင်းက အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်း မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်ရှိ စစ်တပ်စခန်းနှင့် ယင်းအနီး ဘုရားမဲ စစ်ဆေးရေးဂိတ်တို့အား ဝင်ရောက်တိုက်ခိုက်ချိန် ဖေဖော်ဝါရီလ ၁၆ ရက်တွင် စစ်အာဏာရှင်တပ်က လေကြောင်းက တိုက်ခိုက် စစ်ကူပေးခဲ့သည်။
ထိုသို့လေကြောင်းဖြင့် အကြိမ်အမြောက်အများ တိုက်ခိုက်နေသည့်ကြားမှာပင် တော်လှန်ရေးတပ်တို့ဘက်က စခန်းနှစ်ခုကို ယာယီသိမ်းဆည်းနိုင်ခဲ့သည့်အပြင် စစ်အာဏာရှင်တပ်သားများ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး အဖမ်းခံရသူများလည်း ရှိသည်။
တော်လှန်ရေးတပ်တို့ဘက်က ပုလောမြို့နယ် ခန္တီကျေးရွာအုပ်စု တောင်ခေါင်းလောင်းရွာ စစ်အာဏာရှင်တပ်စခန်းနှင့် ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းရှိ စစ်အာဏာရှင်တပ်စခန်းတို့ကို ယာယီသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
တောင်ခေါင်းလောင်းရွာစခန်းတွင် စစ်အာဏာရှင်တပ်သား သုံးဦးသေဆုံးခဲ့ပြီး ထားဝယ်နည်းပညာတက္ကသိုလ် စစ်အာဏာရှင်စခန်းတွင်မူ စစ်အာဏာရှင်တပ်သား ၁၉ ဦး သေဆုံးကာ တစ်ဆယ်ကျော် ဖမ်းမိကြောင်း သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားသည်။
ယင်းအပြင် လက်နက်ခဲယမ်းများလည်း တော်လှန်ရေးတပ်တို့က သိမ်းဆည်းရရှိခဲ့ကြသည်။
တော်လှန်ရေးတပ်များ ပြန်ဆုတ်သွားချိန်တွင် ထိုစခန်းများကို စစ်အာဏာရှင်တပ်က ပြန်လည်နေရာယူပြီး တပ်စွဲထားလိုက်ကြသည်။
တိုင်းအတွင်းတွင် စစ်ရေးပြင်းထန်သည့်၊ စစ်ရေးတင်းမာနေသည့် မြို့နယ်တိုင်းတွင် စစ်အာဏာရှင်တပ် လေယာဉ်အားကိုးဖြင့် ပြန်လည်တိုက်ခိုက်နေသည်။
ထားဝယ်လေးမြို့နယ်တွင်မူ ယနေ့အချိန်အထိ စစ်အာဏာရှင်တပ်က လေယာဉ်ပျံသန်းနေသဖြင့် လေကြောင်းရန်ကို စိတ်ပူနေကြရသည်။
စစ်ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲ ကာလတွင် အိမ်မီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သလို ရွေးကောက်ပွဲ အလွန်တွင်လည်း လေကြောင်းအားပြု ထိုးစစ်ကြောင့် ဒေသခံများမှာ စစ်ဘေးဒဏ်ကို ပိုမိုခံစားနေကြရပြီဖြစ်သည်။
သရက်ချောင်းမြို့နယ် ဒေသခံလူငယ်တစ်ဦးကမူ အရပ်သားပြည်သူတွေ လက်ရှိ ကြုံနေရတဲ့ အန္တရာယ်ကို အောက်အပါအတိုင်း ဖွင့်ဟသည်။
“လေယာဉ်နဲ့ ချလိုက်၊ ရေထဲ (စစ်သင်္ဘော) က ပစ်လိုက်နဲ့ ကျည်ဆံတွေ ခေါင်းပေါ်က ဖြတ်ဖြတ်သွားနေတာ။ (ဗုံးခို) ကျင်းထဲကကို ထွက်လို့ မရဘူး”







