ယခင် ချမှတ်ထားသည့် သွင်းကုန်စည်းကြပ်ခွန်များ တရားမဝင်ကြောင်း အမေရိကန်တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပြီးနောက် ကမ္ဘာ့နိုင်ငံအားလုံးသို့ သွင်းကုန်စည်းကြပ်ခွန်အသစ် ၁၀ ရာခိုင်နှုန်း ပြင်ဆင်ချမှတ်ကြောင်း သမ္မတထရမ့်က ဖေဖော်ဝါရီလ ၂၀ ရက်တွင် ကြေညာလိုက်သည်။
အဆိုပါ ကမ္ဘာလုံးဆိုင်ရာသွင်းကုန်စည်းကြပ်ခွန်အသစ်သည် ဖေဖော်ဝါရီလ ၂၄ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားသော်လည်း ဥပဒေကြောင်းအရ ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။
ယခု သွင်းကုန်စည်းကြပ်ခွန်အသစ် ချမှတ်ရာတွင် သမ္မတထရမ့် အသုံးပြုထားသည့် ဥပဒေတွင် သမ္မတ သတ်မှတ်သည့် စည်းကြပ်ခွန်သည် ရက်ပေါင်း ၁၅၀ သာ အကျုံးဝင်သည်ဟု ကန့်သတ်ထားသည်။
သို့ရာတွင် သမ္မတထရမ့်က “ကျွန်တော်တို့ လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိပါတယ်” ဟု ဆိုကာ ယင်းဥပဒေပါ ကန့်သတ်ချက်နှင့် ပတ်သက်သည့် မေးခွန်းကို ပယ်ချခဲ့သည်။
အစဉ်အလာအရ သွင်းကုန်စည်းကြပ်ခွန်ကဲ့သို့သော အခွန်တိုးမြှင့်သည့် လုပ်ငန်းစဉ်များကို ကွန်ဂရက်လွှတ်တော်မှတစ်ဆင့် ဆောင်ရွက်ရခြင်းဖြစ်သော်လည်း သမ္မတထရမ့်ကမူ ယင်းလုပ်ငန်းစဉ်ကို ကျော်လွှားရန် ဆန္ဒရှိခဲ့ကြောင်း Sky News သတင်းတွင် ဖော်ပြသည်။
ယခင်ချမှတ်ထားသည့် သွင်းကုန်စည်းကြပ်ခွန်များ တရားမဝင်ကြောင်း အမေရိကန်တရားရုံးချုပ်၏ စီရင်ချက်မှာ သမ္မတထရမ့်အတွက် ကြီးမားသည့် ရှုံးနိမ့်မှုတစ်ခုဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။
အမေရိကန်တရားရုံးချုပ် တရားသူကြီး ကိုးဦးအနက် ခြောက်ဦးက သမ္မတထရမ့်၏ ယခင် သွင်းကုန်စည်းကြပ်ခွန်များကို ပယ်ဖျက်ရန် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ယခု အခြေအနေ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
အဆိုပါ စီရင်ချက်သည် ဒီမိုကရက်တစ်ပါတီက အုပ်ချုပ်သည့် ပြည်နယ် ၁၂ ခုမှ သမ္မတရမ့်၏ သွင်းကုန်ခွန်စည်းကြပ်မှု ကြောင့် ထိခိုက်နစ်နာခဲ့ရသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ ဦးတိုက်လျှောက်ထားမှုကို တုံ့ပြန်ရာမှ ထွက်ပေါ်လာသည့် စီရင်ချက် ဖြစ်သည်။
အမေရိကန်သမ္မတက နိုင်ငံအလိုက် သွင်းကုန်ခွန်စည်းကြပ်ခွန်များ အလုံးအရင်းဖြင့် ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ကန့်ကွက်ကြောင်း အဆိုပါ စီးပွားရေးလုပ်ငန်းရှင်များက တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့သည်။
သွင်းကုန်စည်းကြပ်ခွန်ကဲ့သို့သော အခွန်တိုးမြှင့်သည့် လုပ်ပိုင်ခွင့်ကို အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကွန်ဂရက်လွှတ်တော်ထံသို့သာ ရှင်းလင်းစွာ အပ်နှင်းထားကြောင်း အမေရိကန်တရားရုံးချုပ် တရားသူကြီးအများစု၏ စီရင်ချက်တွင် ဖော်ပြသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခဲ့သူများသည် အခွန်ကောက်ခံနိုင်သည့် အာဏာ၏ မည်သည့်အပိုင်းကိုမျှ အုပ်ချုပ်ရေးကဏ္ဍကို အပ်နှင်းထားခြင်း မရှိပါ” ဟု အမေရိကန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ်က ရေးသားခဲ့သည်။
ယခုအမှုသည် သမ္မတထရမ့်၏ အဓိကလုပ်ငန်းစဉ်တစ်ရပ်အပေါ် အမေရိကန်တရားရုံးချုပ်က ပထမဆုံးအကြိမ် ကန့်ကွက်ဟန့်တားလိုက်ခြင်း ဖြစ်ကြောင်း Sky News သတင်းတွင် ဖော်ပြသည်။
Source: Sky News







