အီလက်ထရောနစ် စီးကရက် (Vape) နှင့် ရှီရှား (အီလက်ထရောနစ် အငွေ့ရှူစက်) ဆက်စပ်ပစ္စည်းများကို ရောင်း၊ဝယ်၊သုံးစွဲပါက ဥပဒေအရ အရေးယူမည်ဟု စစ်ကော်မရှင်၏ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ကြောင်း ဖေဖော်ဝါရီလ ၂၀ ရက်တွင် ၎င်းတို့၏ ဝက်ဘ်ဆိုက်၌ ကြေညာသည်။
ယင်းအမိန့်ကို ဖေဖော်ဝါရီလ ၁၈ ရက် ရက်စွဲဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဟု စစ်ကော်မရှင် ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အမိန့်ကြေညာစာတွင် အီးစီးကရက်နှင့် ရှီရှား အသုံးပြုရာတွင် ပါဝင်သည့် ဆက်စပ်ပစ္စည်းအားလုံးကို တင်သွင်းတင်ပို့ခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်းတို့ကို အရေးယူမည်ဟု ဖော်ပြထားသည်။
အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေတွင် အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား အနည်းဆုံး ထောင်ဒဏ် ခြောက်လမှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ရမည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်း ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ အီးစီးကရက်ကို ဆံသဆိုင်၊ ကုန်တိုက် စသည့်နေရာများအပြင် အွန်လိုင်းမှတစ်ဆင့်လည်း အလွယ်တကူ ဝယ်ယူနိုင်ပြီး ဈေးနှုန်းမှာ အနံ့အရသာ၊ ပစ္စည်းအမျိုးအစားအလိုက် ကျပ်သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
တနင်္သာရီတိုင်းတွင်လည်း အီးစီးကရက်မှာ လူငယ်များနှင့် ကျောင်းသားများအကြား ရေပန်းစားပြီး အလွယ်တကူ ဝယ်ယူနိုင်သည်ဟု ဒေသခံတို့က ဆိုသည်။
အီးစီးကရက်ကို ဆေးလိပ်ဖြတ်စက်ဟုလည်း လူသိများကြသည်။ သို့သော် အီးစီးကရက်နှင့် ရှီရှား နှစ်မျိုးစလုံးတွင် ဆေးလိပ်တွင် ပါဝင်သည့် စွဲလမ်းစေတတ်သော နီကိုတင်းအပြင် အခြားဓာတုပစ္စည်းများလည်း ပါဝင်သည်။
နီကိုတင်းဓာတ်က လူငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ကြောင်း၊ အီးစီးကရက်က သန္ဓေသားကို ထိခိုက်စေနိုင်သလို ဆယ်ကျော်သက်များ၏ ဦးနှောက်ကို ပျက်စီးစေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုသည်။
အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနှင့် ထိုင်းတွင် အီးစီးကရက် (Vape) ကို တားမြစ်ထားပြီး အာဆီယံအဖွဲ့ဝင်ဖြစ်သည့် ကမ္ဘောဒီးယား၊ စင်ကာပူတို့တွင်လည်း တားမြစ်ထားသည်။ အခြား ဥရောပနိုင်ငံအချို့တွင်လည်း Vape ကို တားမြစ်ကန့်သတ်ထားသည်။
မြန်မာနိုင်ငံတွင် Vape နှင့် ပတ်သက်၍ အရေးယူမည်ဟု အမိန့်ထုတ်ပြန်ပြီးနောက် အွန်လိုင်းမှတစ်ဆင့် အီးစီးကရက် ရောင်းချသူအချို့မှာ ရောင်းဝယ်လဲလှယ်သည့် လုပ်ငန်းများ ရပ်နားထားမည်ဟု ကြေညာနေကြသည်။







