ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်း၊ ဝင်းဝစခန်းတိုက်ပွဲတွင် KNLA တပ်ခွဲမှူးစောဘဦးသစ် ကျည်ထိမှန်သေဆုံး

February 21, 2026

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းတိုက်ပွဲတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၂)၊ တပ်ခွဲ (၂) မှ တပ်ခွဲမှူး ဖိုးသောကြာ (ခေါ်) စောဘဦးသစ် ကျည်ထိမှန်သေဆုံးသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄)၊ မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၉ နာရီ ၂၇ မိနစ်ခန့်တွင် ဝင်းဝစခန်းအနီးကို စစ်အာဏာရှင်တပ်က K8W ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ KNLA တပ်ခွဲမှူး စောဘဦးသစ်မှာ ဗုံးစထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။

KNLA နှင့် PDF ပူးပေါင်းတပ်များက ဝင်းဝစခန်းကို ဖေဖော်ဝါရီလ ဒုတိယအပတ်မှစ၍ ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်အာဏာရှင်တပ်ကလည်း လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။

စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလ ၁၂ ရက်တွင် မင်းဒပ်၊ ၁၇ ရက်တွင် ကနက်သီရိ၊ ၁၈ ရက်တွင် မင်းဒပ်၊ သိမ်ကုန်း၊ ၁၉ ရက်တွင် ဝင်းဝ၊ ၂၀ ရက်တွင် ချောက်ချောင်း၊ ချောင်းဝပြင်၊ စုံစင်ဖျား၊ ပြင်းဖြူသား၊ ဂုံညှင်းဆိပ် စသည့်ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

စစ်အာဏာရှင်တပ်က K8W တိုက်လေယာဉ်တစ်စီးနှင့် Y12 လေယာဉ်တို့ဖြင့် ဗုံးအလုံးရေ ဆယ်ဂဏန်းခန့် ကြဲချတိုက်ခိုက်ခဲ့ပြီး ပေါင် ၂၅၀ ဗုံးများကိုလည်း အသုံးပြုခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်အချို့က ဆိုသည်။

ကနက်သီရိရွာ ပင်လယ်ပြင်တွင် ကျောက်ချရပ်နားထားသည့် စစ်သင်္ဘောကလည်း သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ကူပေးနေသလို အင်အား ၂၀၀ ခန့်ရှိသည့် ကြည်းတပ်ကလည်း ပြင်းဖြူကြီး၊ စုံစင်ဖျားရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုးနေသည်ဟု ၎င်းတို့က ပြောသည်။

စစ်အာဏာရှင်တပ်သည် တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွာအောင် ဖိအားပေးသည့်အနေဖြင့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျေးရွာ ၅ ရွာကို လေကြောင်းဖြင့် ဗုံးအလုံးရေ ဆယ်ချီကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများနှင့် စစ်ရေးသတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

“ဒီနေ့ နေ့လယ်မှာ ကျွန်တော်တို့ PDF ဘက်ကလည်း လေယာဉ်ကြဲလို့ တစ်ယောက် သေဆုံးပါတယ်” ဟု စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီလ ၃ ရက်တွင် ဖုန်းဆက်သွယ်ရေးလိုင်းများကို KNLA တပ်က ဖြတ်တောက်လိုက်ပြီး ဖေဖော်ဝါရီ ၈ ရက်မှ ယနေ့အထိ မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည်။

ဖေဖော်ဝါရီလ ၁၀ ရက်တွင် တောင်ပျောက်တိုက်နယ် သဲချောင်းကြီးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်ကို KNLA နှင့် PDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က ဆယ်ဦးခန့် သေဆုံးခဲ့သည်။

စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများလည်း ပူးပေါင်းတပ်ဘက်က သိမ်းဆည်းရရှိခဲ့သည်။ ယင်းကြောင့် စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီလ ၁၀ ရက် တိုက်ပွဲအပြီးတွင် သဲချောင်းကြီးရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထားဝယ်မြို့နယ် ရွှေဂူတောင်တံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရသဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။