BREAKING
June 16, 2025

မြိတ်မြို့ပေါ် ဗုံးပေါက်၊ ထိခိုက်သေဆုံးသူရှိဟု သတင်းထွက်

February 21, 2024

မြိတ်မြို့ ကမ်းနားလမ်းရှိ Seaview ကွန်ဒိုဘေးလမ်းရှိ ဘားတစ်ခုတွင် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက် ညဦးက ဗုံးတစ်လုံးပေါက်ကွဲကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကွန်ဒိုဘေးလမ်းရှိ Level 3 ဘားတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူရှိသည်ဟု သိရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် လတ်တလောတွင် လေးဦးထိခိုက်ပြီး နှစ်ဦးသေဆုံးသွားသည်ဟု ကနဦးကြားသိရပြီး တိတိကျကျ မသိရသေးကြောင်း ၎င်းက ဆိုသည်။

“ပထမတော့ သုံးနေရာပေါက်တယ်လို့ သတင်းထွက်တယ်။ လှမ်းမေးတော့ တစ်နေရာပဲ ကြားတယ်။ အသံက တအားကျယ်တယ်” ဟု အထက်ပါမြို့ခံက Dawei Watch ကို ပြောသည်။

ထို့အပြင် ကမ်းနားလမ်းရှိ ဘားတစ်ခုတွင် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးတွေ့ရှိခဲ့သည်ဟုလည်း ကြားသိရကြောင်း ၎င်းက ဆိုသည်။

သတင်းအချို့တွင်မူ မြိတ်မြို့ပေါ် နေရာသုံးခုတွင် ဗုံးပေါက်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း Dawei Watch က တစ်နေရာသာ အတည်ပြုနိုင်သေးသည်။

Dawei Watch က ရရှိထားသည့် ရုပ်သံမှတ်တမ်းတစ်ခုတွင် ဒဏ်ရာရရှိသူတစ်ဦးကို ပြုစုနေသည်ကို တွေ့ရသည်။