နေတိုး (NATO) အဖွဲ့၏ အဓိကကွပ်ကဲမှုဌာနအချို့တွင် အခြေစိုက်ထားသည့် အမေရိကန်၏ အင်အားကို လျှော့ချရန် ထရမ့်အစိုးရက စီစဉ်နေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
စစ်ရေးနှင့် ထောက်လှမ်းရေးလုပ်ငန်းများကို ကြီးကြပ်စီမံသည့် နေတိုးအဖွဲ့ ဌာနခွဲများမှ ရာထူးနေရာ ၂၀၀ ခန့်ကို အမေရိကန်က ပယ်ဖျက်မည် ဖြစ်သည်။
ယင်းမှာ နေတိုးမဟာမိတ်အဖွဲ့အပေါ် ထားရှိသည့် အမေရိကန်၏ ကတိကဝတ်နှင့် ပတ်သက်၍ ဥရောပတွင် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာစေနိုင်ကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ယင်းအစီအစဉ်ကို ထရမ့်အစိုးရက ဥရောပအစိုးရအချို့ထံ အသိပေးထားပြီး ဖြစ်ကြောင်း သိရသည်။
အင်အားလျှော့ချခံရမည့် ဌာနများတွင် ဗြိတိန်အခြေစိုက် နေတိုးထောက်လှမ်းရေးပေါင်းစပ်မှုဗဟိုဌာနနှင့် ဘရပ်ဆဲလ်ရှိ မဟာမိတ်အထူးစစ်ဆင်ရေးတပ်ဖွဲ့ ကွပ်ကဲမှုဌာနတို့ ပါဝင်သည်။
ပေါ်တူဂီအခြေစိုက် ရေကြောင်းစစ်ဆင်ရေးဌာနနှင့် အခြားသော နေတိုးဌာနခွဲအချို့လည်း လျှော့ချခံရမည်ဟု ဆိုသည်။
အမေရိကန်က မည်သည့်အကြောင်းအရင်းကြောင့် ယင်းသို့ ဌာနအင်အားလျှော့ချလိုသည်ဆိုသူကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
သို့သော် ယခုဖြစ်စဉ်မှာ အနောက်ကမ္ဘာခြမ်းသို့ အရင်းအမြစ်များကို ပိုမိုပြောင်းရွှေ့ရန် ထရမ့်အစိုးရက ထုတ်ပြန်ထားပြီးသား ရည်မှန်းချက်နှင့် ကိုက်ညီနေသည်။
ထရမ့်အစိုးရ၏ ယခုအင်အားလျှော့ချမှုမှာ ဥရောပရှိ စုစုပေါင်း အမေရိကန်တပ်အင်အားနှင့် နှိုင်းယှဉ်ပါက အနည်းငယ်သာ ဖြစ်ပြီး ဥရောပမှ အမေရိကန် လုံးဝဆုတ်ခွာမည့် သဘောလည်း မဟုတ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
လက်ရှိတွင် ဥရောပ၌ အမေရိကန်တပ်ဖွဲ့ဝင် ၈၀,၀၀၀ ခန့်ရှိပြီး ထက်ဝက်နီးပါးမှာ ဂျာမနီတွင် အခြေစိုက်လျက် ရှိသည်။
Source: Reuters







