ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထရမ့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ပြင်သစ် ပါဝင်ရန် သွင်းကုန်ခွန် ၂၀၀ ရာခိုင်နှုန်းဖြင့် ဖိအားပေးခြိမ်းခြောက်

January 21, 2026

ငြိမ်းချမ်းရေးဘုတ်အဖွဲ့(Board of Peace) တွင် ပြင်သစ်သမ္မတ ပါဝင်လာစေရန် ဖိအားပေးသည့်အနေဖြင့် ပြင်သစ်ဝိုင်နှင့် ရှန်ပိန်များအပေါ် သွင်းကုန်စည်းကြပ်ခွန် ၂၀၀ ရာခိုင်နှုန်း တိုးကောက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်သည်။

ဂါဇာအရေးမှ စတင်၍ အခြား နိုင်ငံတကာပဋိပက္ခများအထိ ဖြေရှင်းရန် ရည်ရွယ်သည့် ထရမ့်၏ ‘ငြိမ်းချမ်းရေးဘုတ်အဖွဲ့’ ဖွဲ့စည်းမည့် အစီအစဉ်ကြောင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည် ယင်းဘုတ်အဖွဲ့တွင် ပါဝင်ရေး ထရမ့်၏ ဖိတ်ခေါ်မှုကို ငြင်းဆန်သွားရန် ရှိကြောင်း ပြင်သစ်သမ္မတနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြသည်။

ပြင်သစ်သမ္မတ၏ သဘောထားနှင့် ပတ်သက်၍ ထရမ့်က “သူက အဲဒီလို ပြောတာလား။ ကောင်းပါတယ်လေ။ သူက မကြာခင် သမ္မတရာထူးက ဆင်းရတော့မှာဆိုတော့ သူ့ကိုလည်း ဘယ်သူမှ မလိုချင်ပါဘူး” ဟု ပြောဆိုခဲ့သည်။

ပြင်သစ်နိုင်ငံတွင် နောက်ထပ်သမ္မတရွေးကောက်ပွဲကို ၂၀၂၇ ခုနှစ်တွင် ကျင်းပမည် ဖြစ်သည်။

“သူ့ရဲ့ ဝိုင်တွေနဲ့ ရှန်ပိန်တွေကို သွင်းကုန်စည်းကြပ်ခွန် ၂၀၀ ရာခိုင်နှုန်း ကောက်လိုက်မယ်။ ဒါဆို သူ ပါလာလိမ့်မယ်။ ဒါပေမဲ့ သူ့အနေနဲ့ ပါစရာ မလိုပါဘူးလေ” ဟုလည်း ထရမ့်က ဖြည့်စွက်ပြောသည်။

ဂရင်းလန်းကျွန်းနှင့် ပတ်သက်၍ ထရမ့်၏ လုပ်ဆောင်ချက်များကို နားမလည်နိုင်ကြောင်း ပြင်သစ်သမ္မတက ၎င်းထံ ပုဂ္ဂိုလ်ရေးအရ ပေးပို့ထားသည့် စာကိုလည်း ထရမ့်က လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။

ယင်းမှာ ပြင်သစ်သမ္မတအပေါ် ထရမ့်၏ နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

လက်ရှိတွင် ဥရောပသမဂ္ဂမှ အမေရိကန်သို့ တင်ပို့သည့် ဝိုင်နှင့် အရက်များမှာ ၁၅ ရာခိုင်နှုန်း အခွန် စည်းကြပ်ခံနေရသည်။ အဆိုပါ သွင်းကုန်စည်းကြပ်ခွန်နှုန်းထားကို သုညအထိ လျှော့ချနိုင်ရန် ပြင်သစ်ဘက်က အပြင်းအထန် ကြိုးပမ်းလျက် ရှိသည်။

အမေရိကန်ပြည်ထောင်စုသည် ပြင်သစ်ဝိုင်နှင့် အရက်များအတွက် အကြီးဆုံးစျေးကွက်ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း တင်ပို့မှုတန်ဖိုးမှာ ယူရို ၃ ဒသမ ၈ ဘီလီယံအထိ ရှိခဲ့သည်။

‘ငြိမ်းချမ်းရေးဘုတ်အဖွဲ့’ (Board of Peace) တွင် ပါဝင်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ခေါ်မှုကို နိုင်ငံတကာအစိုးရများက ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သတိထားတုံ့ပြန်ခဲ့ကြသည်။

Source: Reuters