ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မယ်ကုရပ်ကွက်တွင် ရဲတပ်ကြပ်ကြီးတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားသော မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းအာဏာပိုင်များက နယ်စပ်တစ်လျှောက် လက်နက်အပြည့်အစုံဖြင့် အင်အားသုံး ရှာဖွေနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းက မယ်ကုရပ်ကွက် မဲဆောက်-အူဖန်းလမ်းပေါ် စတိုးဆိုင်အနီးတွင် လက်နက်မှောင်ခို ရောင်းဝယ်ရန် ဆိုင်ကယ်ဖြင့်လာသော မြန်မာနိုင်ငံသားနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ကြိုးပမ်းစဉ် ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုကြောင့် မဲဆောက်ရဲစခန်းက ရဲတပ်ကြပ်ကြီးတစ်ဦး ဝမ်းဗိုက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့သဖြင့် အရေးပေါ်ကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ဖော်ပြသည်။
ရဲတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံသားနှစ်ဦးထံမှ သေနတ်ဝယ်ယူပြီး အသွင်ယူ ဖမ်းဆီးရန်ကြိုးပမ်းစဉ် သေနတ်ကိုင်ဆောင် လာသော မြန်မာနိုင်ငံသားတစ်ဦးက ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုဖြစ်သော နေရာတွင် အသက် ၂၀ နှစ်အရွယ် ကိုမင်းဇော်သူကို ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး နောက်ထပ် အသက် ၂၀ အရွယ် မြန်မာနိုင်ငံသားတစ်ဦး လက်နက်နှင့်အတူ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။
မြန်မာနိုင်ငံသားသည် လက်နက်နှင့်အတူ နယ်စပ်ဒေသက ကြံခင်းထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ကနဦး ယူဆထားပြီး နယ်စပ်တစ်လျှောက်ကို နယ်ခြားစောင့်တပ်များနှင့် ပူးပေါင်း၍ အပူတပြင်းရှာဖွေနေကြောင်း သတင်းတွင်ဖော်ပြသည်။
ယနေ့ ဇန်နဝါရီလ ၂၁ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံသားကို ဖမ်းဆီးရမိခြင်းမရှိသေးသဖြင့် သံသယရှိသော မြန်မာနိုင်ငံသား၏ ဓါတ်ပုံကို အွန်လိုင်းတွင် မျှဝေထားပြီး ပြည်သူများအနေဖြင့် တွေ့ရှိပါက နီးစပ်ရာ ရွာသူကြီး သို့မဟုတ် ရဲတပ်ဖွဲ့ထံ အကြောင်းကြားပေးရန် ဖော်ပြသည်။
လွတ်မြောက်နေသော မြန်မာနိုင်ငံသား၏ ဓါတ်ပုံကို မြဝတီဘက်ခြမ်းက အာဏာပိုင်များကိုလည်း ပေးပို့ထားကြောင်း ဆိုသည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များက လက်နက်အပြည့်အစုံဖြင့် တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်သုံးပြီး နယ်စပ်တစ်လျှောက် ဂိတ်များ၊ ထွက်ပြေးနိုင်သော လမ်းကြောင်းများ အားလုံးကို ပိတ်ဆို့၍ စစ်ဆေးရှာဖွေနေဆဲဖြစ်သည်။
Ref: CH 7, Matichon Online, မဲဆောက်ရဲတပ်ဖွဲ့







