ရေဖြူမြို့နယ်၊ ခမောင်းချောင်းကျေးရွာတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးချိန် သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရွာသားတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဒီဇင်ဘာလ ၁၆ ရက်တွင် အင်အားတစ်ရာကျော်ပါသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ရေဖြူမြို့၏ အနောက်ဘက် ခမောင်းချောင်းကျေးရွာသို့ ဝင်ရောက်ချိန် ထွက်ပြေးသည်ဟုဆိုကာ အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။
“ပထမကတော့ သေသလား၊ ရှင်သလား ဘယ်သူမှ မသိဘူးပေါ့နော်။ အခု စစ်ကြောင်းပြန်ထွက်သွားတော့ သူ့ညာဘက် လက်မှာ ကျည်ဒဏ်ရာတစ်ချက်၊ နောက်ဝမ်းဗိုက်မှာကတော့ ထုတ်ခြင်းပေါက်သွားတယ်။ လူကတော့ စကားပြောဆိုနိုင် တယ်။ သူ့အမေကိုလည်း ဖမ်းထားပြီး သူ့အမေဆီက ပိုက်ဆံလေးသိန်း ယူသွားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဒဏ်ရာပြင်းထန်ရသူမှာ ခမောင်းချောင်းရွာသား ကိုခေါင်းတုံးဆိုသူဖြစ်ပြီး ပစ်ခတ်မှုကြောင့် ရရှိသည့်ဒဏ်ရာကို စစ်အာဏာရှင်တပ်က ဆေးကုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါစစ်ကြောင်းသည် ခမောင်းချောင်းရွာအတွင်းရှိနေချိန် ဒီဇင်ဘာလ ၁၆ရက်တွင် တော်လှန်ရေးတပ်တို့က ဒရုန်းဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒရုန်းဖြင့်ဗုံးချခံရပြီးနောက် စစ်အာဏာရှင်တပ်သည် ခမောင်းကျေးရွာရှိ လူနေအိမ်နှစ်ဆောင်ကို မီးရှို့ပြီး ဒေသခံ အမျိုးသား သုံးဦးနှင့် အမျိုးသမီးလေးဦးတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူများက ပြောဆိုသည်။
“တော်လှန်ရေးတပ်က ဒရုန်းဗုံးလာချမှာကြောက်လို့ဆိုပြီး ဖမ်းထားတဲ့သူတွေကို ထမင်းဟင်း မချက်ခိုင်းဘူး။ မီးခိုးတောင် မထွက်ခိုင်းဘူး။ ရှီးဂိုကမ်း (သင်္ဘောသီးနု) နဲ့ ငပိထောင်းတို့ စားပြီး နေခိုင်းတယ်တဲ့။ (စစ်အာဏာရှင်တပ်) သူတို့လည်း အဲဒါပဲ စားတယ်လို့ ပြောတယ်” ဟု အဖမ်းခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ခမောင်းချောင်းရွာတွင် ဒီဇင်ဘာလ ၁၆ ရက်မှ ၁၉ ရက် ည ၁၂ နာရီအထိ လေးးရက်ကြာ တပ်စွဲပြီးနောက် ရေဖြူမြို့ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံအချို့က ဆိုသည်။
ဖမ်းဆီးထားသည့် ဒေသခံ ခုနစ်ဦးကို စစ်ကြောင်းပြန်ထွက်သွားချိန်တွင် ပြန်လွှတ်ခဲ့ကြောင်း ဒေသခံအချိုက ပြောဆိုသည်။
ပြီးခဲ့သည့်သီတင်းပတ်က ရေဖြူမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများကို တော်လှန်ရေးပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက် မီးရှို့ခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က အင်အားအလုံးအရင်းဖြင့် ရေဖြူမြို့၏အနောက်ဘက်ကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။







