ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွာ

December 20, 2025

ဖြတ်သန်းလာခဲ့ပြီးတဲ့ ဆယ်စုနှစ်ငါးခုကျော်သက်တမ်းအတွင်းမှာ အလွမ်းဆုံးကတော့ ရွာပါပဲ။ တမ်းတခဲ့ရတဲ့ ရွာ။ ရွာ တစ်ရွာလိုချင်ခဲ့တာ။ ကိုယ့်ရွာ လို့‌ပြောချင်ခဲ့တာ။ ကိုယ့်မှာ ရွာရှိမနေခဲ့ဘူး။ ကိုယ်လည်းရွာမှာမရှိနေခဲ့ပါဘူး။ ရွာနဲ့ကိုယ်နဲ့က မတည့်တာလည်းမဟုတ်ဘူး။ ရွာကို ကိုယ်ချစ်တာပေါ့။ ကိုယ့်ကိုလည်း ရွာကချစ်မှာပေါ့။ သိတယ်။ သေချာပါတယ်။ ကိုယ့်မှာ ရွာ ရှိလာဖို့ပဲလိုတာပါ။ အဲသလိုနဲ့ ကိုယ်ဟာ ရွာ လိုက်ရှာနေရင်း ရွာလည်နေတာ။ ရွာတွေတော်တော်များများကို ရောက်ဖူးပါတယ်။ နေခဲ့ဖူးပါတယ်။ ပြည်နယ်၊ပြည်မ ရွာတွေသာမက ပြည်ပက ရွာအချို့ကိုလည်း ရောက်ဖူးပါရဲ့။

ရေမြေသဘာဝ ကွဲပြားခြားနားကြပေမဲ့၊ ယဥ်ကျေးမှု ဓလေ့ထုံးစံ လူနေမှုဟန်ပန်မတူကြပေမဲ့ ရွာတွေက ချစ်ဖို့ကောင်းတာချည်းပဲ။ ဆင်းရဲတဲ့ရွာလည်း ချစ်တာပဲ။ ချမ်းသာတဲ့ရွာလည်းချစ်တာပဲ။ ရွာ ဖြစ်နေဖို့ပဲလိုတာ။ ခရီးသွားဟန်လွဲဝင်ခဲ့ဖူးတဲ့ ရွာ။ ရက် ကြာကြာ နေဖူးခဲ့တဲ့ ရွာ။ ကိုယ့် ရွာသာမဟုတ်တာ၊ အဲသည့်ရွာတွေကို လွမ်းဆွတ်မိနေပါတယ်။

တကယ်တမ်းတော့ ကိုယ်ဟာ ရွာငတ်သူပါ။ ကမ္ဘာပတ်သူမဖြစ်ချင်နေ၊ ရွာ ငတ်သူဖြစ်နေတာပဲ ကိုယ့် ဘာ့သာ ဂုဏ်ယူပါတယ်။ ရွာဟာ ကိုယ့်အတွက်တော့ ကဗျာတစ်ပုဒ်ဖြစ်တယ်။ စာတစ်အုပ်ဖြစ်တယ်။ တရားဒေသနာတစ်ပုဒ်ဆိုလည်း ဟုတ်နေတယ်။ ရွာဟာ သီချင်းဆိုပြတယ်။ ဂန္တဝင်ပန်းချီကားတစ်ချပ် လည်း ဖြိုးကနည်း ဖြတ်ကနည်း ရေးဆွဲပြတယ်။ ဘယ်တေးပြုစာဆိုမှ ရေးဖွဲ့မပြနိုင်တဲ့ တေးသွားသံစဥ် တွေကိုလည်း ရွာက ထုတ်လုပ်ပါတယ်။ ဂီတအကျော်အမော်ဆရာတွေ လိုက်လံတုပဖို့ခက်ခဲတဲ့ တူရိ ယာသံတွေ ရွာဟာဖန်တည်းထားတယ်။ ရွာကိုပဲ သီချင်းတွေပြန်လုပ်ဆိုကြတာ။ စာတွေ ကဗျာတွေပြန်ရေး’ကြတာ။ စိတ်ကူးတွေနဲ့ပေါင်းစပ်ကြ ဇာတ်လမ်းထွင် ဘိုင်စကုတ်တွေ ပြန်ရိုက်ကြတာ။ ဖြစ်ရပ်မှန် ဆိုတာမျိုး၊ မှတ်တမ်းရုပ်ရှင် ဒေါ့ကွန်မန်ထရီဆိုတာမျိုး ရိုက်ပြကြတဲ့တချို့လည်း ရွာတွေမှာပဲမဟုတ်လား။ ခေတ်စနစ်တွေသာ ပြောင်းလဲတိုးတက်ထွန်းကားခဲ့တယ်။ ရွာကမပြောင်းလဲဘူး။ လယ်ထဲမှာ နွားတွေကျွဲတွေအစား ထော်လာဂျီတွေ ထွန်စက်တွေရောက်လာတယ်။ ရွာကတော့ ဘယ်မှမရောက်ပါဘူး။ အခုတော့ ရေခပ်ဆင်းကြမယ့် စာဥတို့သူငယ်ချင်းမတွေတောင် ရွာမှာမရှိကြတော့ဘူးထင်ပါရဲ့။

တလောလေးတုန်းကတော့ ထော်လာဂျီပေါ်တက်သွားကြသေးတယ်။ ဘယ်မှာသွားပြီး အိုးလေးလှုပ်နေ ကြပြီလဲမသိတော့ဘူး။ ယိုင်တိုင်တိုင်လှည်းကြီးလည်း မမောင်းတာကြာပါပြီ။ ယောင်ချာချာနဲ့ဝက်မကြီးတော့ လွမ်းတယ်ပြောဖို့တောင် မရှိတော့ဘူး။ ဟင်းအိုးထဲရောက်သွားရှာပြီ။ တခါတုန်းကဒို့ရွာမှာ သဘောကောင်းပြီးဆင်းရဲတဲ့ ကိုပေါလည်း မရှိရှာတော့ပါဘူး။ ရွာ ဆိုတာ အဲသလိုအထင်ကရအမှတ်တရတွေ ကိုသာ မထင်မရှား သိမ်းဆည်းထားရတာ။

ကိုယ့်ရင်ထဲမှာတော့ မက်မောတွယ်ငြိနေတာ ရွာပါပဲ။ ငယ်ငယ်ကတည်းက မိဘက ဝန်ထမ်းဆိုတော့ ဝန်ထမ်းအိမ်ရာမှာပဲနေခဲ့ရတာ။ သူငယ်ချင်းတွေ နွေကျောင်းပိတ်ရင် ဘယ်သွားကြမလဲ။ ဘာလုပ်ကြမ လဲ တစ်ယောက်တစ်မျိုးပြောကြတဲ့အခါ ကိုယ့်မှာ ရွာမရှိခဲ့ဘူး။ သူတို့တွေက အားရပါးရပြောကြလေ့ ရှိတာက နွေကျောင်းပိတ်ရင် ရွာပြန်မယ်။ အဖေ့ရွာ၊အမေ့ရွာ၊ ဘကြီးရွာ အို သူတို့မှာ ရွာတွေ စုံလို့။ မင်းကော ရွာမပြန်ဘူးလား၊ မင်းရွာက ဘယ်မှာလဲ မေးကြရင် ကိုယ့်မယ် အူလယ်လယ်။ ကိုယ့်မယ် ရွာမှမရှိတာကွယ်။ ကိုယ့်မိဘတွေမှာလည်း ရွာမရှိတာပိုဆိုးသလိုပဲခံစားမိခဲ့တယ်။ သူငယ်ချင်းတွေကြား မျက်နှာငယ်လိုက်ရတာ။ အဲသည်ကတည်းက ရွာဟာ ကိုယ့်ရင်ဘတ်မှာ အထာတကျဖြစ်ခဲ့တယ်။ အနာတရလည်းဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ရွာကို လွမ်းတတ်လာတယ်။ လွမ်းတယ်ဆိုတာ လွမ်းစရာရှိမှ လွမ်းရတာမဟုတ်ဘူးလေ။ ကိုယ့်မှာ ရွာမရှိလို့ ရွာကိုမလွမ်းရဘူးလား။ လွမ်းခွင့်မရှိဘူးလား။

လွမ်းခွင့်ကို ပန်းပွင့်လို မခြွေကြပါနဲ့။ အဆိုတော် ဂျွန်ဒန်ဗာရဲ့ ကန်ထရီးရုတ်ဒ် တိတ်ခ် မီ ဟုမ်း သီချင်း နားထောင်မိရင်၊ လိုက်ဆိုမိရင်တောင် မရောက်ဖူးကြပေမဲ့ အဲသည့်ကျေးလက်ကို မြင်ယောင်မိ၊ လွမ်းမိကြတာပဲမဟုတ်လား။ မြင်နိုင်ပါတယ် မီးပြတိုက်ပေါ့ ဆိုတဲ့ မြန်မာလိုပြန်ဆိုထားတဲ့ မူရင်းသီချင်းလေး Cotton Field back home ဆိုရင်လည်း ကျေးလက်တေးပဲ။ နားထောင်ရင်းနဲ့ ဝါဂွမ်းစိုက်ခင်းတွေရှိရာ အမေရိကန် ကျေးလက်အချို့ လူဝီစီးယားနားတို့ဘာတို့ကို ရောက်သွားတာပါပဲ။ အဲသည့်ရွာတွေလည်းလွမ်းစရာကောင်းနေတာပဲကိုယ့်အဖို့တော့။ လွန်ခဲ့တဲ့ နှစ် ၁၀၀ နီးပါး၊ ၁၉၃၂ ခုနှစ်က ဂျင်မီရော်ဂျာ ဆိုခဲ့တဲ့ ကျေးလက်တေးတစ်ပုဒ်ဟာ ဂျော်ဂျီယာပြည်နယ်၊ ကျေးလက်ဒေသက မက်မွန်သီး ခူးဆွတ်ချိန်အကြောင်းပဲ။ နားထောင်လိုက်ရင် ဂျော်ဂျီယာ သာမက ကန်တက်ကီတို့ တက်ခ်ဆက် တို့ပါ လွမ်းမိသွားပါတယ်။ ကိုယ် မရောက်ဖူးပါဘူး။ အဲသည့်ရွာကို လွမ်းတာပဲ။ ဘုရားမ လို့ အမေရိကန်ပြည်ထောင်စု၊ မွန်တားနားပြည်နယ် ကိုတော့ရောက်ခဲ့ဖူးပါရဲ့။ ရွာငတ်တဲ့ကိုယ့်အတွက် ကွက်တိပါပဲ။ တကယ့်ကို ကန်းထရီးစတိုင်လ်၊ ကောင်းဘွိုင်တွေ နွားရိုင်းစီးပြတာ၊ မြင်းစီးပြီး နွားရိုင်းကို ကြိုးကွင်းစွပ်ဖမ်းပြတာတွေ တွေ့ခဲ့ရတာပေါ့။ ဌာနေတိုင်းရင်းသား အမေရိကန်တွေ နေတဲ့ တီပီ ဆိုတဲ့ရွာလေးလည်း လွမ်းတယ်။ ကွင်းပြင်ထဲမှာ အမိုးချွန် သားရေရွက်ဖျင်တဲလေးတွေထဲမှာ လျှပ်စစ်မီးမပါဘဲ ညအိပ်ခဲ့ရတာ။ ကိုယ့်ရွာမဟုတ်ပါဘူး။ လွမ်းတာပြောတာပါ။ ကိုယ်လွမ်းနေတာတွေက အမေကျော် ဒွေးတော်လွမ်း မဟုတ်ပါဘူး။ အမေကိုမကျော်ဘူး။ အမေကို အရင်လွမ်းတာပါ။ ကိုယ်လွမ်းတဲ့ ကိုယ့်ရွာကို ဒွေးတော်ရွာတွေလို ဖြစ်စေချင်လို့ လွမ်းတာ။

ကိုယ်တို့စီကရွာကိုတော့ ကိုယ်ကချစ်တာ။ တောင်ပေါ်ရွာ၊ မြေပြန့်ရွာ၊ အညာက ရွာ၊ ပင်လယ်က ရွာ၊ ရှမ်းရွာ၊ ရခိုင်ရွာ၊ ကရင်ရွာ၊ တနင်္သာရီရွာ ကိုယ်ရောက်ဖူးတဲ့ရွာတွေ ချစ်ပါတယ်။ မရောက်ဖူးသေးတဲ့ ချင်းရွာ၊ ကချင်ရွာတွေလည်း လွမ်းတာပဲ။ အညာဌာနီ တခါလာမည် ကျနော့်အတွက်တော့ မေ့မရနိုင်ပါပြီ ဆိုတဲ့သီချင်းထဲက လှည်းလမ်းကြောင်းတစ်လျှောက် ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်လာ မြင်ယောင်သေးတော့သည် တဲ့။ အခုတော့ မီးခိုးလုံးကြီးတွေ တလိပ်လိပ် တက်လာ မြင်လို့မကောင်းတော့ပြီ၊ ဘယ်ခါမှ ပြန်ရမယ်မှန်းမပြောနိုင်သေးတဲ့ ရွာ။ ရောက်ဖူးခဲ့သမျှ ရွာ ဆိုတာ ဟိုတုန်းကတော့တံခါးမရှိ၊ ဓါးမရှိ များပါတယ်။ ည အိပ်လည်း ထ ပိတ်စရာ တံခါးမရှိဘူး။ မလိုဘူး။ သူခိုးမရှိဘူး။ အဲသလိုရွာပါ။ သူ့အထာနဲ့သူ ချစ်စရာတွေချည်းပဲ။ တနင်္သာရီဘက်က သရက်ချောင်းမြို့နယ်၊ မာလကာချောင် ရွာလေးကို ရောက်ဖူးတယ်။ သင်္ကြန်တွင်းပေါ့။ အဲသည့်ရွာအနီးနားက ပင်လယ်ကမ်းခြေလေးတစ်ခုကိုလည်း သွားလည်ခဲ့တယ်။ လမ်းတလျှောက် ဖြတ်သွားတဲ့ရွာထဲမှာ ရွာခံ လုံမေတို့၊ ကြီးမေတို့က ကားပေါ်က ကိုယ့်ကိုဆင်းခိုင်းပြီး ရေလောင်းတယ်။ ကိုယ့်မျက်နှာကို သနပ်ခါးနဲ့သုပ်ကြတယ်။ အဲသလို ဓလေ့လေးတွေ ချစ်တယ်။ အဲဒါ ရွာပဲ။

အထာတွေမတူ၊ သဘာတွေမတူလည်း ရွာဟာ ရွာပါပဲ။လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုကျော်က ရေပန်းစားတဲ့စကားက ဘာတဲ့ ဂလိုဘယ်ဗစ်လေ့ချ် တဲ့။ ကမ္ဘာ့ရွာ တဲ့။ တိုးတက်ဖြစ်ထွန်းလာခဲ့တဲ့ နည်း ပညာတွေအရ ကမ္ဘာကြီးက ကြုံ့သွားသတဲ့။ ရွာ ဖြစ်သွားပြီဆိုလား။ ကိုယ်တော့ အဲသည့်အဆိုကို သဘောမတူပါဘူး။ ကိုယ့် ရွာကို ဘာမဟုတ်တဲ့ ကမ္ဘာနဲ့ လာမနှိုင်းပါနဲ့။ ရွာဟာ အော်ရဂျင်နယ်ပါ။ ကမ္ဘာဆိုတာ ဆင့်ပွား မွေးစားသားပါ။ ကိုယ်ကတော့ ရွာပဲ။ လက်ရှိ ကိုယ်တို့ဌာနီ နှာချီ(ချေ) ချောင်းဆိုးဖြစ်ရုံသာမက အကြောင်းအကျိုးက မကောင်းဆိုးဝါးငတ တွေကြောင့် ရွာဟာ စနိုးစနောင့်တွေဖြစ်လို့။ ဟောင်းလောင်းပေါက်ရွာ။ ရွှေ့ကြ ပြောင်းကြတဲ့ ရွာ။ နယ်စပ်ကို ဖြတ်လာကြ။ ရှာကြ ဖွေကြ ရှောင်တိမ်း နေထိုင်လုပ်ကိုင်စားသောက်ကြ။ အများစုက ရွာတွေ မှာပါပဲ။ သည်ရွာတွေက ဗမာနာမည်မဟုတ်ဘူး။ လျပ်စစ်မီးမပြတ်ဘူး။ ရေ မပြတ်ဘူး။ အင်တာနက် အဝိုင်းမလည်ဘူး။ အထင်ကြီးတာလည်း မဟုတ်ပါဘူး။ ရွာ ဆိုပေမဲ့ သာ တာတွေ မြင်မိတာပါ။ ကိုယ့်ရွာလည်း တစ်ချိန်မှာ သိပ်မကြာခင်မှာ သည်လိုတွေ ဖြစ်မလာဘူးလို့ဘယ်သူပြောမလဲ။

ကိုယ့်မှာ ရွာမရှိဘူး။ ရွာမှာ ကိုယ်ရှိတယ်။ အခုနေအခါ မွစာကျဲနေတဲ့ရွာ၊ ညစာလွဲနေတဲ့ ရွာ၊ ခဏတာခွဲနေရတဲ့ ရွာ ကိုယ်စီမှာ ရှိကြတဲ့ ရွာ။ သေချာတာကတော့ ရွာဟာကိုယ့်ရင်ဘတ်မှာ ထာဝရ ရွာ၊ ပဿာဒ ရွာ၊ အထာတကျ ရွာ။ ရွာဟာ ကိုယ့်မျက်မှောက်ကို ရောက်လာမှာ မကြာတော့ဘူး။ ကိုယ်လည်း ရွာရှိလာမှာ သိပ်မကြာခင်ပေါ့။ ။

ကိုအားပို