ဗင်နီဇွဲလားနှင့် စစ်ဖြစ်နိုင်ခြေရှိမှုကို မငြင်းဆန်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဗင်နီဇွဲလား၏ ရေနံသယံဇာတများအပေါ် ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယမန်နေ့ သောကြာနေ့တွင် ပြောဆိုသည်။
NBC News နှင့် အင်တာဗျူးတွင် အမေရိကန်က ဗင်နီဇွဲလားနှင့် စစ်ဖြစ်နိုင်ခြေရှိသလားဟု မေးမြန်းရာတွင် “ကျွန်တော် ဒါကို မဖြစ်နိုင်ဘူးလို့ မငြင်းပါဘူး” ဟု သမ္မတထရမ့်က ဖြေကြားသည်။
၎င်းအနေဖြင့် ဗင်နီဇွဲလားသမ္မတမာဒူရိုအား ရာထူးမှ ဖယ်ရှားလိုခြင်းရှိမရှိ မေးခွန်းကိုမူ ထရမ့်က ဖြေကြားရန် ငြင်းဆိုခဲ့သည်။
“ကျွန်တော် ဘာလိုချင်တယ်ဆိုတာကို သူ (မာဒူရို) အသိဆုံးပါ။ တခြားဘယ်သူထက်မဆို သူ ပိုသိပါတယ်” ဟုသာ သမ္မတထရမ့်က ပြောသည်။
လက်ဝဲဝါဒီခေါင်းဆောင် မာဒူရို၏ နေဝင်ချိန်နီးနေပြီဖြစ်ကြောင်း ထရမ့်က အစောပိုင်း အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ဖူးသည်။
သောကြာနေ့က သတင်းစာရှင်းလင်းပွဲတွင် မာဒူရိုအား ဖြုတ်ချရန် အမေရိကန်က ရည်ရွယ်ထားသလားဟူသော မေးခွန်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တိတိပပ ဖြေကြားခဲ့ခြင်း မရှိပေ။
သို့သော် မာဒူရိုအား ဖိအားပေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု မာကိုရူဘီယိုက အာမခံပြောကြားခဲ့သည်။
“ဗင်နီဇွဲလားရဲ့ လက်ရှိအစိုးရနဲ့ တည်ဆဲအခြေအနေဟာ အမေရိကန်ပြည်ထောင်စုအတွက် လက်ခံနိုင်စရာမရှိဘူးဆိုတာ ရှင်းပါတယ်” ဟု ၎င်းက ဆိုသည်။
“ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ ဒီတည်ဆဲအခြေအနေကို ပြောင်းလဲပစ်ဖို့ ဖြစ်ပါတယ်။ သမ္မတ (ထရမ့်) က အခု သူ လုပ်နေတာတွေကို လုပ်နေရတဲ့ အကြောင်းရင်းကလည်း ဒါပါပဲ” ၎င်းက ဆိုသည်။
အမေရိကန်က ဗင်နီဇွဲလားသမ္မတမာဒူရိုနှင့် ဆွေးနွေးပွဲပြုလုပ်နိုင်ခြေကိုမူ ရူဘီယိုက ပယ်ချခဲ့ခြင်း မရှိပေ။
Source: AFP







