စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည့် တနင်္သာရီတိုင်းက လွှတ်တော်ကိုယ်စားလှယ်လောင်း များသည် အာဏာရှင်စစ်တပ် လုံခြုံရေးအကူညီဖြင့် မဲဆွယ်နေကြောင်း စုံစမ်းသိရသည်။
ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းများ၏ မြိတ်ခရိုင် မဲဆွယ်ရေးခရီးစဉ်များအတွင်း စစ်အာဏာရှင်တပ်သားများက လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူထားသည်ကို တွေ့ရသည်။
မဲဆွယ်ဟောပြောမည့် ဧရိယာပတ်ပတ်လည်ကို စစ်အာဏာရှင်တပ်သားများက လက်နက်အပြည့်အစုံဖြင့် လုံခြုံရေး ယူထားသည့်အပြင် ကိုယ်စားလှယ်လောင်းအနီးတွင်လည်း အရပ်ဝတ်လက်နက်ကိုင်များက အနီးကပ်နေရာယူထားကြသည်။
နယ်ကျေးရွာများအတွက်သာ ထိုကဲ့သို့ လုံခြုံရေးဖြင့် မဲဆွယ်သွားခြင်းမျိုး မဟုတ်ဘဲ မြို့ပေါ်ရပ်ကွက် မဲဆွယ်ပွဲများ၊ ပါတီဆိုင်းဘုတ်တင်ပွဲများတွင်ပါ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားကြောင်း စုံစမ်းသိရသည်။
လုံခြုံရေး စိတ်မချရသည့် ဒေသများသို့ သွားရောက်ပြီး မဲဆွယ်ကြမည့် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံမှတစ်ဆင့် လုံခြုံရေးတောင်းခံခွင့်ရှိကြောင်း ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ သွားမယ့်နေရာတွေကို ငါးရက်လောက်ကြိုပြီး UEC (ရွေးကောက်ပွဲကော်မရှင်) ကို တင်ရတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ မရောက်ခင်မှာကို လုံခြုံရေးတွေက ကြိုရောက်နေတာတွေရှိတယ်” ဟု ၎င်းက ပြောဆိုသည်။
ထိုကဲ့သို့ လုံခြုံရေးတောင်းခံပါက နယ်မြေအနေအထားအပေါ်မူတည်ပြီး ရဲတပ်ဖွဲ့ သို့မဟုတ် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက လုံခြုံရေးလိုက်ကြောင်း ဆိုသည်။
မဲဆွယ်ပွဲများတွင် စစ်အာဏာရှင်တပ် လိုက်ပါလာသဖြင့် ဒေသခံများကြား စိုးရိမ်မှုများရှိသလို မဲဆွယ်ပွဲများကို လာရောက်ရန် ဖိအားပေးမှုများလည်းရှိကြောင်း ဘုတ်ပြင်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့နားမှာဖြစ်နေတာက တစ်ရွာနဲ့တစ်ရွာ မတူကြဘူး။ တချို့ရွာတွေမှာ မလာမနေရ အတင်းလာနားထောင်း ခိုင်းတာတွေရှိတယ်။ တချို့ကျတော့ စစ်တပ်လာတယ်ကြားတာနဲ့ အရွယ်ရှိတဲ့ ယောင်္ကျားသားတွေ အကုန်ရှောက်ပြေး ကုန်တော့ အသက်ကြီးပိုင်းတွေပဲသွား (နားထောင်) ကြတာလည်းရှိတယ်။ အခုအထိ တစ်ခါမှ (မဲဆွယ်) မလာသေးတဲ့ ရွာတွေလည်း ရှိတယ်” ဟု အသက်လတ်ပိုင်းအရွယ် ဘုတ်ပြင်းဒေသခံတစ်ဦးက ပြောဆိုသည်။
တနင်္သာရီတိုင်းလွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမူ ပြည်သူများမှာ မဲထည့်ရန် ကြောက်ရွံ့စိုးရိမ်နေကြသည်ကို အများဆုံးတွေ့ရကြောင်း Dawei Watch သို့ ပြောသည်။
ယင်းအပြင် ပြည်သူများသည် မဲပေးစက်ဖြင့် မည်သို့မဲပေးရမည်ကိုလည်း မသိဘဲဖြစ်နေကြကြောင်း ၎င်းက ဆိုသည်။
“မဲပေးစနစ် ပြောင်းသွားတဲ့အပေါ် ဘယ်လိုမျိုး မဲပေးရမယ်ဆိုတာတွေကို အသိပညာပေးနေရတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေးပါတီ (USDP) ၊ ပြည်သူ့ပါတီ (PP) ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၊ တောင်သူလယ်သမားပါတီ (MFDP) တို့က ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၂၄ ဦးက ဝင်ရောက်အရွေးခံကြမည် ဖြစ်သည်။







