နတ်တော်လဆန်း ၁ရက် ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် ကျရောက်သည့် ထားဝယ်အမျိုးသားနေ့အထိမ်းအမှတ် တေးဂီတ ဖျော်ဖြေပွဲကျင်းပရန် လောင်းလုံးမြို့နယ်ဘက်ခြမ်း၌ အစစ်ဆေးများကာ လုံခြုံရေးတင်းကျပ်ထားကြောင်း ထားဝယ်မြို့ခံများနှင့် ဒေသခံခရီးသွားများက ပြောသည်။
တေးဂီတဖျော်ဖြေပွဲကို ယနေ့ ည ၆နာရီမှ ၁၂ နာရီအထိ ထားဝယ်မြို့ကမ်းနားလမ်းရှိ ထားဝယ်မြစ်ကမ်းနံဘေးတွင်ရှိသော ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကျင်းပသည့် ကမ်းနားပန်းခြံတွင် ကျင်းပမည်ဖြစ်သည်။
ထို့ကြောင့် ကမ်းနားပန်းခြံနှင့် ထားဝယ်မြစ်ခြားသည့် လောင်းလုံးမြို့နယ်၊ အင်းဝန်းကျေးရွာနှင့် သာယာကုန်း ကျေးရွာ အနီးဝန်းကျင်တွင် စစ်အင်အားအများအပြားချထားကြောင်း ဒေသခံခရီးသွားတစ်ဦးက ဆိုသည်။
“မနေ့ကတည်းက လာချထားတယ်။ မြေတင်ကား နှစ်စီးစာ” ဟု ၎င်းက ပြောသည်။
ကမ်းနားလမ်းတစ်လျှောက်နှင့် တေးဂီတဖျော်ဖြေပွဲကျင်းပမည့် နေရာတွင် ယနေ့နံနက်ပိုင်းအထိ လုံခြုံရေးတင်းကျပ် ထားသည်ကို မတွေ့ရှိရသေးသော်လည်း မြို့အဝင်အထွက်ဂိတ်ဖြစ်သည့် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင်မူ ခရီးသွားပြည်သူများကို ပုံမှန်ထက် အစစ်အဆေးများနေကြောင်း မြို့ခံခရီးသွားများထံမှ သိရသည်။
ထားဝယ်အမျိုးသားနေ့ တေးဂီတဖျော်ဖြေပွဲကျင်းပရာ ကွင်းပြင်တွင် ထားဝယ်အမျိုးသားအလံများ၊ လျှပ်စစ်မီးရောင်စုံများ ဖြင့် အလှဆင်ထားသည်ကို တွေ့ရကြောင်း မြို့ခံအချို့က ပြောဆိုသည်။
နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့ကို ထားဝယ်အမျိုးသားနေ့အဖြစ် ၂၀၁၇ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ပထမအကြိမ် ထားဝယ်အမျိုးသားနေ့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် ထားဝယ်မြို့ရှိ တနင်္သာရီတိုင်း ယဉ်ကျေးမှုပြတိုက်တွင် စတင်ကျင်းပခဲ့သည်။
ယခုနှစ် ထားဝယ်အမျိုးသားနေ့ တေးဂီတဖျော်ဖြေပွဲတွင် ထားဝယ်လူမျိုး တေးသံရှင်များဖြစ်သည့် မိုးကောင်းလွင်၊ သားလေး၊ အေမီဈာန်နှင့် ထားဝယ်လူမျိုး အခြားတေးသံရှင်များက ပါဝင်သီဆိုဖျော်ဖြေမည်ဖြစ်ကြောင်း ပွဲတော်ကြော်ငြာချက်အရ သိရသည်။







