BREAKING
November 21, 2025

မောတောင်လမ်းတွင် စစ်အာဏာရှင်တပ် စစ်အင်အားဖြည့်တင်းပြီးနောက် တိုက်ပွဲဆက်တိုက်ပြင်းထန်

November 20, 2025

ပုံစာ - တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်(ပုံဟောင်း)

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့သို့ သွားသည့် လမ်းတွင် စစ်အာဏာရှင်တပ်က စစ်အင်အားဖြည့်တင်းနေပြီး တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေကြောင်း ‌တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

မောတောင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူပြီးနောက် မောင်တောင်လမ်းရှိ စစ်အာဏာရှင်တပ်က သိန်ခွန်းရွာနှင့် အနီးဝန်းကျင်ကို အင်အားဖြည့်တင်းနေပြီး စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်ကူက အင်အားအလုံးအရင်းကို ဖြည့်နေတယ်။ လေကြောင်းရော ကားနဲ့‌ရော စစ်ကူတွေ ဆက်တိုက်ဆိုသလို ပို့နေတယ်။ တိုက်ပွဲက ပြင်းထန်နေတယ်။ နှစ်ဖက်စလုံး ထိခိုက်မှုရှိတယ်” ဟု ၎င်းက ဆိုသည်။

မောတောင်မြို့ကို တော်လှန်ရေးတပ်များ သိမ်းယူပြီး နောက်တစ်ရက်ဖြစ်သည့် နိုဝင်ဘာလ ၁၅ရက်တွင် စစ်အာဏာရှင် တပ်က ရဟတ်ယာဥ်ဖြင့် စစ်ကူ အကြိမ်ကြိမ်လာရောက်ပို့ဆောင်ခဲ့ပြီး နိုဝင်ဘာလ ၁၈ရက်တွင် ကားခုနစ်စီးဖြင့် ရိက္ခာနှင့် စစ်ကူများကို ပို့ဆောင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးတို့က ပြောသည်။

နိုဝင်ဘာလ ၁၅ရက်မှ ယနေ့ နိုဝင်ဘာလ ၂၀ ရက်အထိ သိန်ခွန်းနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေပြီး စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။

“လေကြောင်းအကူက‌ နေ့တိုင်းတက်နေတယ်။ အနည်းဆုံး တစ်နေ့ကို သုံးခေါက်လာကြဲတယ်။ လေယာဥ်က‌တော့ အမျိုးစားစုံပဲ တက်နေတယ်။ အခုလည်း (နိုဝင်ဘာလ ၂၀ရက် မွန်းလွဲ ၁နာရီ) ပွဲကြမ်းနေတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ရက် ညနေဘက်တွင် မြိတ်မြို့မှ ကားခုနစ်စီးဖြင့် ရိက္ခာများကို တနင်္သာရီမြို့ အောက်ကင်းရွာအခြေစိုက် ၅၅၇ ခြေမြန်တပ်ရင်းသို့ ပို့ဆောင်ခဲ့ပြီး အဆိုပါရိက္ခာများမှာ သိန်ခွန်းရွာသို့ ပို့ဆောင်ရန်ဖြစ်နိုင်ကြောင်း ဒေသခံများထံမှ သိရသည်။