BREAKING
November 21, 2025

မြန်မာ့အရေး ပိုမိုအားကောင်းစွာ တုံ့ပြန်ရန် ထရမ့်အစိုးရကို ကန်လွှတ်တော်အမတ်များ တိုက်တွန်း

November 20, 2025

ဓာတ်ပုံ - Getty Images

မြန်မာအရေးတွင် ပိုမိုအားကောင်းစွာ တုံ့ပြန်ဆောင်ရွက်သွားရန် ထရမ့်အစိုးရအား အမေရိကန် အောက်လွှတ်တော်အမတ်များက နိုဝင်ဘာလ ၁၈ ရက်နေ့က တိုက်တွန်းလိုက်သည်။

မြန်မာစစ်အုပ်စုက နိုင်ငံအပေါ် ပိုမိုတင်းကျပ်စွာ ချုပ်ကိုင်ကာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေချိန် အမေရိကန်အစိုးရအနေဖြင့် ပိုမိုအားကောင်းစွာ တုံ့ပြန်သွားရန် အောက်လွှတ်တော်အမတ်များက တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

မြန်မာ့ပဋိပက္ခကို ရင်ဆိုင်ဖြေရှင်းရန် အမေရိကန်အစိုးရ၌ အချိန်လက်ကျန် နည်းနေပြီဖြစ်ကြောင်းလည်း အောက်လွှတ်တော်အမတ်များက သတိပေးခဲ့သည်။

“ထွက်ပေါက်မပေးရေး မဟာဗျူဟာ- မြန်မာနိုင်ငံ၏ မပြီးဆုံးနိုင်သော အကျပ်အတည်းနှင့် အမေရိကန်၏ အကန့်အသတ်ရှိသော ရွေးချယ်စရာများ” (No Exit Strategy: Burma’s Endless Crisis and America’s Limited Options)ခေါင်းစဉ်ဖြင့် အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီကအရှေ့အာရှ ၊ ပစိဖိတ်ဒေသ ၊တောင်အာရှနှင့် အလယ်အာရှရေးရာ ဆပ်ကော်မတီများနှင့် ပူးတွဲကြားနာအစည်းအဝေးတစ်ရပ် နိုဝင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါ ကြားနာအစည်းအဝေးတွင် အမေရိကန်လွှတ်တော်အမတ်များက မြန်မာ့အရေးအကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဒေသတွင်း မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရန်၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန် ၊ မြန်မာနိုင်ငံ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တာဝန်ခံမှုနှင့် ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ (Burma Genocide Accountability and Protection Act) ကို ပြဋ္ဌာန်းရန် ထရမ့်အစိုးရကို တိုက်တွန်းခဲ့ကြသည်။

အဆိုပါ ကြားနာအစည်းအဝေးတွင် မြန်မာနိုင်ငံတွင် ပိုမိုနက်ရှိုင်းလာသော လူသားချင်း စာနာထောက်ထားမှုနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများကို အလေးပေးဖော်ပြ ဆွေးနွေးခဲ့ကြသည်။

၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုနောက်ပိုင်းကတည်းက လူပေါင်း ၃ ဒသမ ၆ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်တွင် ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၃ သန်း ရှိနေကြောင်း သဘာပတိဖြစ်သူ ရီပတ်ဘလစ်ကန်ပါတီဝင် Young Kim က ပြောသည်။

မြန်မာစစ်အုပ်စုနှင့် ဆက်စပ်သည့် အွန်လိုင်းငွေလိမ်စင်တာများ ပျံ့နှံ့လာမှု ၊ fentanyl မူးယစ်ဆေးဝါးများ ဒေသတွင်း ကူးသန်းရောင်းဝယ်မှုနှင့် မြန်မာနိုင်ငံ၏ နယ်မြေ ၂၀% ခန့်ကိုသာ စစ်တပ်က ထိန်းချုပ်ထားမှု ၊ မြန်မာစစ်အုပ်စုက တရုတ်နှင့် ရုရှားကို အားကိုးကာ ၎င်းတို့၏ တရားဝင်မှုကို ဆက်လက်ရယူရန် ကြိုးပမ်းခြင်းတို့ အပါအဝင် မြန်မာ့အဓိကပြဿနာများကို Young Kim က အလေးပေးဖော်ပြဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၏ နယ်မြေအများအပြားကို စစ်အုပ်စုက ထိန်းချုပ်ထားသော်လည်း တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသည့် နယ်မြေက စစ်အုပ်စုထက် နှစ်ဆ ပိုများကြောင်း ၊ မြန်မာစစ်အုပ်စုသည် အတုအယောင် တရားဝင်မှုကို ဖန်တီးနေကြောင်း သူမက ဆိုသည်။

တရုတ်နှင့် ရုရှားတို့က မြန်မာစစ်အုပ်စုအား လက်နက်နှင့် စောင့်ကြည့်ရေး နည်းပညာများကို ဆက်လက် ပံ့ပိုးနေဆဲဖြစ်ကြောင်း အဆိုပါ ကြားနာအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်စင်တာများသည် အမေရိကန်နိုင်ငံသားများထံမှ ဒေါ်လာဘီလီယံပေါင်းများစွာ ခိုးယူမှုနှင့် ဆက်စပ်နေကြောင်းလည်း သတင်းများက ဖော်ပြသည်။

Source: UPI