ထားဝယ်အရှေ့တောဒေသ တောင်သုံးကျေးရွာဒေသခံတစ်ဦး ဥယျာဉ်ခြံထဲသွားစဉ် မြေမြှုပ်မိုင်းနင်းမိသဖြင့် ခြေထောက်ဖြတ်လိုက်ရကြောင်း သိရှိရသည်။
မိုင်းနင်းမိသူမှာ အသက် ၄၀ ကျော်အရွယ်ရှိ တောင်သုံးလုံးရွာသား ကိုအောင်မင်းဦးဖြစ်သည်။
နိုဝင်ဘာလ ၁၇ ရက်က ကျောက်မဲတောင်ကျေးရွာ တရုတ်သင်္ချိုင်းအနောက်ဘက်ရှိ ၎င်းပိုင် ဥယျာဉ်ခြံထဲမှအပြန် လမ်းတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အရှေ့မှာလည်း တောခုတ်သမားတွေက ခုတ်နေတာပဲ။ ဘာမှမဖြစ်ဘူးဆိုတော့ သူလည်းအိမ်အပြန်အလာ လမ်းမှာဖြစ်သွားတာ။ လမ်းက Vigo ကားတစ်စီးလောက်တောင် ဝင်လို့ရပါတယ်” ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးကဆိုသည်။
ကိုအောင်မင်းဦးအား ထားဝယ်ဆေးရုံတွင် ကုသမှုခံယူနေပြီး မိုင်းနင်းမိသည့် ခြေထောက်အား ဒူးအောက်ပိုင်းမှ ဖြတ်တောက်လိုက်ရကြောင်း ၎င်းကပြောသည်။
ထားဝယ်အရှေ့တောသည် စစ်ရေးပဋိပက္ခပြင်းထန်သည့် ဒေသဖြစ်ပြီး ဥယျာဉ်ခြံသွားလမ်းများတွင် ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိသဖြင့် ဒေသခံများ မကြာခဏ သေဆုံး၊ ထိခိုက်ဒဏ်ရာရနေကြသည်။
တနင်္သာရီတိုင်းတွင် မြေမြှုပ်မိုင်းများမှာ လူအများဖြတ်သန်းသွားလာသည့် လမ်းများ၊ ဥယျာဉ်ခြံများ၊ လယ်တောများနှင့် ကျေးရွာများအနီးသို့ပင် ရောက်ရှိလာသဖြင့် ပြည်သူများမှာ မြေမြှုပ်မိုင်းနင်းမိသည့် အန္တရာယ်ကို ပိုမိုကြုံတွေ့နေကြရသည်။







