BREAKING
November 21, 2025

သယ်ယူရခက်ခဲသဖြင့် ထားဝယ်တွင် အုန်းသီးအဝယ်ရပ်ပြီး စျေးကျ

November 20, 2025

ပုံစာ - ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်က အုန်းသီးအရောင်းအဝယ်လုပ်ငန်းတစ်ခု (ပုံဟောင်း)။ ဓာတ်ပုံ - ဒေသခံတစ်ဦး။

မန္တလေးတိုင်းသို့ တင်ပို့ရောင်းချနေသော ထားဝယ်ခရိုင်၊ ကမ်းရိုးတန်းဒေသများမှ အုန်းသီးများမှာ သယ်ယူရခက်ခဲနေသဖြင့် အဝယ်ရပ်ကာ အုန်းသီးစျေးကျသွားကြောင်း အုန်းသီးစျေးကွက်ထဲမှ သိရသည်။

“ကျတာက ပက်ပက်စက်စက်ကိုကျနေတာ။ တစ်လုံးကို လေးထောင် ဝန်းကျင်လောက် ရောင်းနေရာကနေ အခုစျေး နှစ်ထောင်ပဲကျန်တော့တယ်။ အဲဒါတောင် ဖောက်သည်လက်ကြီး ဝယ်သမားမရှိဘူး။ အုန်းသားပဲ လုပ်နေရတယ် ” ဟု ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသမှ အုန်းသီးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောသည်။

ယခုနှစ် မတ်လက လှုပ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီးပြီးနောက် အုန်းသီးဝယ်ယူသည့် မုန့်တိုက်နှင့်စက်ရုံများက အုန်းသီးအဝယ် စတင်လျော့ကျသွားကြောင်း၊ သြဂုတ်လက တိုက်ပွဲများကြောင့် ကလိန်အောင်-မလွှဲတောင် လမ်းပိုင်း ရက်ရှည်ပိတ်မိပြီးချိန်တွင်မူ မန္တလေးဘက်မှ အုန်းသီးဝယ်သူများ လုံးဝ ရပ်နားသွားကြကြောင်း အုန်းသီးလုပ်ငန်းရှင်များကဆိုသည်။

tဟု အုန်းသီးအရောင်းအဝယ် ပြုလုပ်သူတစ်ဦးကပြောပြသည်။

မန္တလေးမှ အုန်းသီးဝယ်သူများသည် ကံပေါက်ဒေသအပြင် နဘုလယ်ဒေသနှင့် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ သရက်ချောင်းမြို့နယ် အောက်သရက်ချောင်းကျေးရွာများ အထိ ကိုယ်ပိုင်အုန်းပင်တက်သူများဖြင့် လာရောက်ဝယ်ယူလေ့ရှိကြသည်။

မြိတ်-ထားဝယ်ကားလမ်းတွင်လည်း ယခုနှစ် ဧပြီလကစပြီး တိုက်ပွဲများကြောင့် လမ်းပိုင်းပိတ်ဆို့မှုမကြာခဏကြုံရသလို ရေနက်ဆိပ်ကမ်း တည်ရှိရာ နဘုလယ်ဒေသတွင်လည်း စစ်အာဏာရှင်၏ ရွေ့လျားစစ်ကြောင်းထိုးမှုကြောင့် ဒေသခံများပင် မကြာခဏ တိမ်းရှောင်ရလေ့ရှိသည်။

အုန်းသီးအဝယ်နည်းသွားသဖြင့် အုန်းသားခြောက်ပြုလုပ်သူများလာပြီး အုန်းသားခြောက်စျေးလည်း ကျလာကြောင်း အုန်းသားခြောက်ဝယ်သည့် ပွဲရုံများထံမှသိရသည်။

” အခုနှစ်ထဲမှာ ဝါခေါင်လ(ဇူလိုင်လ)မတိုင်ခင် ၁၈၀၀၀( တစ်ပိသာနှုန်း/ ကျပ်) စျေးရှိတယ်။ အခုက အုန်းသားလုပ်တဲ့သူများလာတော့ ၉၅၀၀ နဲ့ တစ်သောင်း အကြားပဲစျေးပေးတော့တယ် ” ဟု အုန်းသားဝယ်သူ တစ်ဦးကပြောသည်။

ယင်းသို့ အုန်သီး နှင့် အုန်းသားစျေးကျသဖြင့် အုန်းသီးအပင်မှတိုက်ရိုက်ဝယ်စျေးလည်း တစ်လုံးလျှင် ကျပ်ရာဂဏန်းသာရှိတော့ကြောင်း အုန်းခြံပိုင်ရှင်များကဆိုသည်။

ထားဝယ်ဒေသထွက်အုန်းသီးကို မန္တလေးစျေးကွက်တွင် အဝယ်လိုက်ခဲ့သဖြင့် ၂၀၂၄ ခုနှစ်က အုန်းသီးစျေး တစ်လုံးလျှင် ကျပ် ၅၀၀၀ အထိ စျေးရှိခဲ့ဖူးကြောင်း အုန်းသီးလုပ်ငန်းရှင်များနှင့် ဒေသခံများထံမှသိရသည်။