ထိုင်းနိုင်ငံ၊ ပရာကျွတ်ခီရီခန်ခရိုင်ရှိ ကလေးငယ်များတွင် ဝက်သက်ရောဂါအဖြစ်များနေကြောင်း ရတ်ချ်ဘူရီခရိုင်ရှိ ထိုင်းကျန်းမာရေးဌာန အမှတ် ၅ က ယနေ့သတိပေးထုတ်ပြန်သည်။
နိုဝင်ဘာလ ၁၅ ရက်အထိ ပရာကျွတ်ခီရီခန်ခရိုင်အပါအဝင် အခြားခရိုင်များတွင် ဝက်သက်ရောဂါဖြစ်နေသော ကလေးငယ် ၄၀ ဦးအထိ ရှိလာကြောင်း ဖော်ပြသည်။
ကလေးငယ်အများစုမှာ အသက် ၂ နှစ်မှ ၄ နှစ်အရွယ်များဖြစ်ကြပြီး ရောဂါအဖြစ်အများဆုံးခရိုင်မှာ ပရာကျွတ်ခီရီခန်ခရိုင်ဖြစ်ကြောင်း ရေးသားထားသည်။
ဝက်သက်ရောဂါ လက္ခဏာများမှာ အပြင်းဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံးနီခြင်း၊ ခန္ဓာကိုယ်ပေါ်တွင် အနီစက်ထခြင်းများဖြစ်ကြောင်း ဆိုသည်။
အချို့မှာ အဆုတ်ရောင် သို့မဟုတ် ဦးနှောက်ရောင်ရောဂါများအထိ ရောဂါပြင်းထန်လာနိုင်ကြောင်း သတိပေးချက်တွင် ဖော်ပြသည်။
ဝက်သက်ရောဂါသည် ကလေးငယ်အများစုတွင် အဖြစ်များသော ရောဂါဖြစ်ပြီး ကာကွယ်ဆေးမထိုးထားပါက အလွယ်တကူ ကူးစက်နိုင်ကြောင်း ဖော်ပြသည်။
ထို့ကြောင့် ကာကွယ်ဆေးမထိုးရသော ကလေးငယ်များအား မိဘများအနေဖြင့် MMR ကာကွယ်ဆေးကို အပြည့်ထိုးနှံ ကြရန်၊ အကယ်၍ ကလေးငယ်များ အဖျားကြီးပြီး အနီစက်ထလာပါက နီးစပ်ရာ ကျန်းမာရေးဌာနတွင် ကုသမှုခံယူကြရန် ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။
ပရာကျွတ်ခီရီခန်ခရိုင်နှင့် ရတ်ချ်ဘူရီခရိုင်များသည် မြန်မာအလုပ်သမားများစွာ အလုပ်လုပ်ကိုင်နေသော ခရိုင်များဖြစ်ကြသည်။







