စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာ ငါးရွာက ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ ၂၀ရက် နံနက်တွင် စစ်အာဏာရှင်တပ်သားများသည် တနင်္သာရီမြို့နယ် ဇဝဲကျေးရွာမှ ဖာနီရွာသို့ စစ်ကြောင်းထိုးလာသဖြင့် ဖာနီကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာငါးရွာက ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံအချို့က ပြောသည်။
စစ်အာဏာရှင်တပ်သား ၃၀ ဝန်းကျင်သည် ဇဝဲကျေးရွာမှ ဖာနီရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“စစ်ကြောင်းက လမ်းမကြီးအတိုင်း ခြေလျင်တက်လာကြတယ်။ ရွာသားတွေ ပြေးတဲ့သူလည်း ပြေးကုန်ပြီ။ ကျန်နေသူ အချို့လည်း ရှိသေးတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
စစ်ကြောင်းထိုးလာသဖြင့် ဖာနီရွာ၊ ရေခမ်းချောင်းရွာ၊ လေးမိုင်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများက ရွာသားများ ထွက်ပြေးကြရပြီး ထွက်ပြေးနေရသည့် ဒေသခံ အရေအတွက်ကို ခန့်မှန်းနိုင်ခြင်းမရှိကြောင်း ပြောဆိုသည်။
စစ်အာဏာရှင်တပ်က ဇဝဲကျေးရွာလမ်းဆုံ စစ်ဆေးရေးဂိတ်ကို ပြည်သူများသွားလာခွင့် ပိတ်၍ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံ အခြားတစ်ဦးက ပြောသည်။
“မနေ့ကတော့ ဇဝဲတပ်ကို တော်လှန်ရေးတပ်က သွားပစ်ခတ်တယ်လို့တော့ ကြားရတယ်။ အခုက ရွာထဲမှာ လူတွေ ရှုပ်ယှက်ခတ်နေကြတယ်။ အခြားရွာ ပြေးအိပ်သူက အိပ်၊ ခြံထဲပြေးသမားက ပြေးကုန်ပြီ” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။
အောက်တိုဘာလ ၁၆ရက်ကလည်း ဘန်လောရွာကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုလာသည်ဟု သတင်းများထွက်ပေါ်လာသဖြင့် ရွာသားများ ယနေ့အထိ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။