ဒူဘိုင်းမှ ပျံသန်းလာသည့် ကုန်တင်လေယာဉ်တစ်စင်း ဟောင်ကောင်လေဆိပ်တွင် ယနေ့ အောက်တိုဘာလ ၂၀ ရက် နံနက်အစောပိုင်း၌ ဆင်းသက်စဉ် ပြေးလမ်းမှ ချော်ထွက်ကာ မတော်တဆမှု ဖြစ်ပွားခဲ့ပြီး လေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦး သေဆုံးခဲ့သည်။
အဆိုပါ ဘိုးအင်း ၇၄၇ ကုန်တင်လေယာဉ်သည် လုံခြုံရေးကင်းလှည့်ယာဉ်ကို ဝင်တိုက်မိကာ လေယာဉ်ရော လုံခြုံရေးကင်းလှည့်ယာဉ်ပါ ပင်လယ်ထဲ ပြုတ်ကျခဲ့ပြီး လေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ရကြောင်း အာဏာပိုင်များက ဆိုသည်။
ယင်းမှာ ၂၅ နှစ်ကျော်ကာလအတွင်း ဟောင်ကောင်တွင် အဆိုးရွားဆုံး လေယာဉ်မတော်တဆမှုတစ်ခု ဖြစ်သည်။
လေယာဉ်ပေါ်ရှိ လေယာဉ်ဝန်ထမ်းလေးယောက်စလုံးမှာ အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့သော်လည်း လေဆိပ်လုံခြုံရေးဝန်ထမ်းနှစ်ဦးမှာ ရေထဲမှာ ဆယ်ယူလိုက်စဉ်ကတည်းက အသက်မရှူတော့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြသည်။
လေဆိပ်ဝန်ထမ်းတစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးကြောင်း အတည်ပြုခဲ့ပြီး နောက်တစ်ဦးမှာ ဆေးရုံ၌ သေဆုံးခဲ့သည်။
မတော်တဆဖြစ်ပွားခဲ့သည့် လေယာဉ်မှာ တူရကီအခြေစိုက် ကုန်တင်လေကြောင်းလိုင်းဖြစ်သည့် ACT Airlines က ၎င်းတို့ ကိုယ်စားပြေးဆွဲပေးနေသည့် လေယာဉ်ဖြစ်ကြောင်း ဒူဘိုင်းအခြေစိုက် Emirates လေကြောင်းလိုင်းက ဆိုသည်။
လေယာဉ်မတော်တဆမှု ဖြစ်ရသည့် အကြောင်းအရင်း တိတိပပကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။
Source: Reuters