BREAKING
October 20, 2025

လေကြောင်း တိုက်ခိုက်ပြီးနောက် ဂါဇာတွင် အပစ်ရပ်ရေး ပြန်စနေပြီဟု အစ္စရေး ပြော

October 20, 2025

ဓာတ်ပုံ - AFP

ဂါဇာတွင် အောက်တိုဘာလ ၁၉ ရက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် အပစ်ရပ်သဘောတူညီချက်ကို ပြန်လည် စတင်အကောင်အထည်ဖော်နေပြီဟု အစ္စရေးက ဆိုသည်။

အစ္စရေးက တနင်္ဂနွေနေ့တွင် ဂါဇာ၌ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အပစ်ရပ်သဘောတူညီချက်ကို ဟားမတ်စ်အဖွဲ့က ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲကာ ဂါဇာသို့ အကူအညီများ ပေးပို့မှုကို ရပ်ဆိုင်းကြောင်း အစ္စရေးဘက်က ကြေညာပြီးနောက်တွင် ယင်းသို့ လေကြောင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။

အစ္စရေး၏ အဆိုပါ တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လူပေါင်း ၄၄ ဦး သေဆုံးခဲ့ရကြောင်း BBC သတင်းတွင် ဖော်ပြသည်။

တနင်္ဂနွေနေ့က ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့တွင် ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက လက်နက်ငယ်၊ တင့်ကား ဖျက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ရကြောင်း အစ္စရေးဘက်က စွပ်စွဲခဲ့ပြီးနောက်တွင် အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည်။

ဟားမတ်စ်အဖွဲ့ကမူ အစ္စရေးထိန်းချုပ်နယ်မြေအတွင်း တိုက်ခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း ရှိမရှိကို ၎င်းတို့ မသိရှိကြောင်း ပြောသည်။

၎င်းတို့အနေဖြင့် အပစ်ရပ်သဘောတူညီချက်အပေါ် အပြည့်အဝလိုက်နာနေကြောင်း ဟားမတ်စ်အဖွဲ့က ဆိုသည်။

သို့သော် အပစ်ရပ်သဘောတူညီချက်ကို အစ္စရေးဘက်က ချိုးဖောက်မှုများ ရှိခဲ့ကြောင်း ဟားမတ်စ်အဖွဲ့က စွပ်စွဲသည်။

ယင်းမှာ လက်ရှိ အခြေအနေတစ်ခုလုံးကို လုံးဝပြိုလဲပျက်စီးသွားစေနိုင်ကြောင်း ဟားမတ်စ်အဖွဲ့က ပြောသည်။

လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၉ နာရီကျော်တွင် အစ္စရေးစစ်တပ်က အပစ်အခတ်ရပ်စဲရေးကို ပြန်လည်အကောင်အထည်ဖော်မှု စတင်ကြောင်း ကြေညာခဲ့သည်။

ဂါဇာဒေသအတွင်းသို့ အကူအညီများ ဝင်ရောက်ခွင့်ပြုမှုကိုလည်း ယနေ့ တနင်္လာနေ့တွင် ပြန်လည်စတင်မည် ဖြစ်ကြောင်းလည်း အစ္စရေးဘက်က ထုတ်ပြန်သည်။

အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်မှုမှန်သမျှကို ပြတ်ပြတ်သားသား တုံ့ပြန်သွားမည်ဟုလည်း အစ္စရေးစစ်တပ်က ဆိုသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း အပစ်ရပ်သဘောတူညီချက်မှာ ဆက်လက်တည်မြဲနေမည်ဖြစ်ကြောင်း ပြောသည်။

Source: Reuters ၊ BBC