ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာကို စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းပြီးနောက် စစ်ကြောင်းထိုးလာသဖြင့် ငါးရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်တပ်များနှင့် နီးစပ်သူများထံမှ သိရသည်။
သိန်ခွန်းရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က အင်အားငါးရာနီးပါးဖြင့် စစ်ကြောင်းလေးကြောင်းခွဲကာ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် အောက်တိုဘာလ ၁၄ ရက်မှ ၁၈ ရက်နေ့ အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“တိုက်ပွဲက နေ့တိုင်းကြမ်းနေတယ်။ ရန်သူအင်အား ငါးရာဝန်းကျင်နဲ့ ထိုးစစ်ဆင်လာတယ်” ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
စစ်အာဏာရှင်တပ်၏ အမှတ် ၄၃၁ ခြေမြန်တပ်ရင်း၊အမှတ် ၂၈၀ ခြေလျင်တပ်ရင်း၊ အမှတ် ၁၀၃ ခြေလျင်တပ်ရင်း၊ အမှတ် ၂၆၇ ခြေလျင်တပ်ရင်း ၊အမှတ် ၂၆၅ ခြေလျင်တပ်ရင်းနှင့် အမှတ် ၁၀၁ ခြေလျင်တပ်ရင်းတို့ ပူးပေါင်း၍ ထိုးစစ်ဆင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
“ရန်သူဖက်က အထိနာရင် ပြန်ဆုတ်လိုက်နဲ့ စစ်ကြောင်းပြန်ထိုးလာလိုက်ပဲ လုပ်နေတယ်။ တော်တော် အထိနာသွားကြတယ်။ မိုးရွာနေလည်း ရှေ့ဆက်တိုးလာပြီး တက်လာကြတယ်”ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ထိခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးပေ။
ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို သွားရာလမ်းတစ်လျှောက်ကို စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် အင်အားအများအပြားသုံးကာ စစ်ကြောင်းထိုးနေသည်မှာ ၁၀ လနီးပါး ကြာမြင့်နေပြီဖြစ်သော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းကျေးရွာအနီးတွင်ပင် ရပ်တန့်နေသည်။
ထိုသို့ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများဆက်တိုက်ပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုများလည်း ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။