မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု၊ သကန်ရွာဟောင်းကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။
အောက်တိုဘာ ၁၈ရက် ညနေ ၄ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်သား ၃၀ ဝန်းကျင်သည် တုံးဗျောကျေးရွာမှ မဇောကျေးရွာအုပ်စု၊ တောင်ပုရွာလမ်းဆုံံမှတစ်ဆင့် သကန်ရွာဟောင်းဘက်ကို စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
“စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ကြတယ်။တိုက်ပွဲက မိနစ်သုံးဆယ်ကြာ ထိတွေ့မှုဖြစ်ပြီး သူတို့ဘက်က ပြန်လည်ဆုတ်ခွာသွားကြတယ်။ တိုက်ပွဲအတွင်း လက်နက်ကြီးတွေ နှစ်ဖက်စလုံး အပြန်အလှန်ပစ်ခတ်တယ်”ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်ပြီးနောက် ည ၇ နာရီခွဲဝန်းကျင်တွင် စစ်အာဏာရှင်တပ်သားများသည် တောင်ပုရွာရှိ ပြည်ထောင်စုလမ်းမကြီးသို့ ပြန်လည်ရောက်ရှိလာပြီး တောင်ပုရွာ ဘုရားတောင်ဘက်သို့ ခြေလျင် ထွက်ခွာသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“သူတို့က လာတဲ့အချိန်မှောင်နေတော့ တအားလိုက်ကြည့် မရဲဘူး။ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ရွာနဲ့က ၂ မိုင်လောက်ပဲ ကွာတယ်။အခုအကြိမ်နဲ့ဆို အဲနားမှာ တိုက်ပွဲဖြစ်နေတာ နှစ်ကြိမ်ဖြစ်ပြီ”ဟု အထက်ပါ ဒေသခံက ပြောသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖက်က ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ပြီး စစ်အာဏာရှင်တပ်ဘက်က ထိခိုက်မှုရှိသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။