လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုသို့ စစ်အာဏာရှင်တပ် စစ်ကြောင်းဝင်ရောက်နေ၍ ကျေးရွာငါးရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းသည် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောက်ဆင်ကျေးရွာ၏ အနောက်ဘက်ပင်လယ်ပြင်မှ စစ်သင်္ဘောဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“သူတို့ သင်္ဘောနဲ့လာပြီး ကမ်းကိုငါးဖမ်းလှေနဲ့ ဝင်လာတယ်။ ကျောက်ဆင်မှာ တစ်ညအိပ်ပြီး ခုမနက်သဘော့ဆိပ်ဖက် ထွက်သွားပြီ”ဟု ယင်းအမျိုးသားက ပြောသည်။
ထိုစစ်ကြောင်းသည်အင်အား ၁၀၀ ကျော်ခန့်ရှိပြီး ယနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ဆင်ကျေးရွာနှင့် တစ်ဆက်တည်းရှိသော သဘော့ဆိပ်ကျေးရွာသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
စစ်ကြောင်းနှင့်လမ်းတွင်ဆုံသည့် သဘောဆိပ် ကျေးရွာဒေသခံအချို့ကိုလည်း ဖမ်းဆီးသွားကြောင်း သဘော့ဆိပ်ကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။
“ဖမ်းထားတယ်ဆိုတာပဲသိတယ် ၊ဘယ်လောက်ဖမ်းထားတယ်ဆိုတာ မသိရသေးဘူး။ ရွာကိုလည်းဖုန်းဆက်မရတော့ဘူး “ဟု ယင်းအမျိုးသမီးက ပြောသည်။
စစ်ကောင်စီစစ်ကြောင်း သဘော့ဆိပ်ရွာသို့ရောက်ရှိနေသည့် ယနေ့မွန်းလွဲပိုင်းတွင် စစ်သင်္ဘောမှ လက်နက်ကြီးနှစ်ချက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။
ယင်းစစ်သင်္ဘောမှာ ယနေ့နံနက်ပိုင်းတွင် ကျောက်ဆင်ကျေးရွာ အနောက်ဘက် ပင်လယ်တွင် ရပ်နားထားရာမှ မွန်းလွဲပိုင်းအချိန်တွင် ကမ်းပနီကျေးရွာ အနောက်ဖက်ရှိ မျှော်ရစ်ဘုရားအနီးပင်လယ်ပြင်သို့ရွှေ့ပြောင်းရပ် နားထားသည်ဟု ဒေသခံများကပြောသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်း ဝင်ရောက်လာမှုကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံပြည်သူများ စိုးရိမ်နေကြသည်ဟုဆိုသည်။
ထိုကြောင့် ကျောက်ဆင်ကျေးရွာရှိ ဒေသခံများအပါအဝင် ကျေးရွာတစ်ဆက်တည်းရှိသည့် သဘော့ဆိပ်၊ပြင်ကြီး၊ ကရင်ကြီး၊ကမ်းပနီစသည့် ကျေးရွာငါးရွာမှ ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းမှာ ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ကျောက်ဆင်ကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် ယခုနှစ်တွင် ပထမဆုံးအကြိမ် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းလည်းဖြစ်သည်။