BREAKING
May 23, 2025

ထားဝယ်အရှေ့တောတွင် သံသတ္တုမိုင်းမြေပြိုကျမှု လူလေးဦးသေဆုံး

October 20, 2023

ထားဝယ်အရှေ့တောဒေသ ဟိန္ဒားကျေးရွာအုပ်စု ဖွတ်လက်တိုရွာချောင်းဖျားရှိ သံသတ္တုမိုင်း မြေပြိုကျမှုကြောင့် ဒေသခံ လေးဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၁၆ ရက် ညသန်းခေါင်အချိန်ခန့်တွင် မိုင်းတွင်း မြေပြိုကျခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါသံသတ္တုမိုင်းကို တောင်ပိုင်းကမ္ဘာကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားတာဖြစ်ပြီး နယ်မြေလုံခြုံရေးအခြေအနေ ကြောင့် လုပ်ငန်းရပ်နားထားရာ ယင်းနေရာတွင် လွန်ခဲ့သည့်လေးလခန့်မှစတင်ကာ ဒေသခံများ ဝင်ရောက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။

မြေပြိုကျမှုကြောင့် ဟိန္ဒားကျေးရွာက ဒေသခံအမျိုးသားတစ်ဦးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ဖောင်းတော ကျေးရွာက အမျိုးသားတစ်ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးကြောင်း ဟိန္ဒားကျေးရွာက အမျိုးသားတစ်ဦးက ပြောသည်။

“ပြီးတော့ မြေစာပုံထဲမှာ ပိနေသူကျန်သေးတယ်ဆိုလည်းပြောတယ်။ ဟိန္ဒားက တစ်ယောက်ကတော့ ကျွန်တော်တို့ အရှေ့မှာပဲ အသုဘချသွားတာမြင်တယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။

ပုပ်ပွနေသည့် နောက်ထပ်အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းတို့ကိုလည်း တူးဖော်ရရှိပြီး ၎င်းတို့မှာ ဝဇွမ်း‌ချောင်းရွာ ဒေသခံများဖြစ်သည်ဟု ကနဦးကြားသိရကြောင်း ၎င်းက ဆိုသည်။

ဟိန္ဒားကျေးရွာက သေဆုံးသူ အမျိုးသားမှာ ဘဝပင်ရွာဇာတိဖြစ်ပြီး ဟိန္ဒားရွာသူနှင့် အိမ်ထောင်ကျပြီးနောက် ဟိန္ဒားရွာတွင် အခြေချနေထိုင်နေသူဖြစ်ကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။

ယင်းလုပ်ကွက်တွင် ဟိန္ဒား‌ကျေးရွာက ဒေသခံများ အများဆုံးဝင်ရောက်လုပ်ကိုင်နေကြပြီး ဖောင်းတော၊ ဝဇွမ်းချောင်း၊ ဘဝပင် စသည့် အနီးဝန်းကျင်ကျေးရွာများက ဒေသခံများလည်း ဝင်ရောက်‌လုပ်ကိုင်နေကြောင်း ဒေသခံအချို့က ဆိုသည်။

“ကုမ္ပဏီလုပ်ကွက် ဧရိယာထဲမှာ သူတို့သဘောနဲ့သူတို့ စားဖို့သောက်ဖို့မရှိတော့ ရသလိုမျိုးပဲ ကြံဖန်ပြီး သွားလုပ်စားနေတော့ မတော်တဆဖြစ်ပြီး အဲဒီလိုဖြစ်ကုန်တာပေါ့” ဟု ယင်းဒေသအနီးနေထိုင်သူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

နေ့ဘက်တွင် လူအများအပြား ဝင်ရောက်လုပ်ကိုင်နေသဖြင့် လုပ်ကွက်နေရာ မရသူများပင်ရှိပြီး ညဘက်အထိ တစ်ညလုံးတူးဖော်နေကြကြောင်း ၎င်းက ဆိုသည်။

တူးချင်သည့်နေရာတွင် နည်းစနစ်မသိဘဲ တူးကြသဖြင့် မြေပြိုကျခြင်းဖြစ်နိုင်ကြောင်း ဟိန္ဒားကျေးရွာက ဒေသခံအမျိုးသားက ပြောဆိုသည်။

မြေပြိုကျမှုကြောင့် သေဆုံး ဒဏ်ရာရမှု နောက်ဆက်တွဲ အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တောင်ပိုင်းကမ္ဘာကုမ္ပဏီ၏ သတ္တုမိုင်းစက်ရုံနှင့် လုပ်ငန်းသုံးမော်တော်ယာဉ်များ၊ ဘတ်ဟိုးများ ကို ကော်သူးလေတပ်မတော်က အောက်တိုဘာလ ၇ ရက်က မီးရှို့ဖျက်ဆီးခဲ့သည်။

သံသတ္တုမိုင်းလုပ်ကွက်ကို တောင်ပိုင်းကမ္ဘာကုမ္ပဏီက ၂၀၁၉ ခုနှစ်မှ ၂၀၃၀ အထိ အလတ်စား သတ္တုတူးဖော်လုပ်ကိုင်ခွင့်ရထားခြင်းဖြစ်သည်။