အာဏာရှင်တွေရဲ့ အတုအယောင် ပြည်ထောင်စုစနစ်ဆိုတာကို အမြစ်ကလှန်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ သာတူညီမျှစွာ အတူယှဉ်တွဲ နေထိုင်နိုင်မယ့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နိုင်ရေးဆိုတာ နွေဦးတော်လှန်ရေးရဲ့အန္တိမ ပန်းတိုင်တစ်ခုလည်းဖြစ်သည်။
သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင်တွေကတော့ အတုအယောင် ရွေးကောက်ပွဲကျင်းပပြီးဖက်ဒရယ်အတုနဲ့ မျက်လှည့်ပြဖို့ကြိုးစားနေပါတယ်။
စစ်အာဏာရှင်ရဲ့ လှည့်ကွက်ကို ကောင်းစွာနားလည်နေတဲ့ တော်လှန်ပြည်သူလူထုကတော့ ဖက်ဒရယ် ခြေလှမ်းကို ရဲရဲလှမ်းနေကြပါပြီ။ ဒါပေမဲ့ လူမျိုးရေးမိုင်းတွေကတော့ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။
နွေဦးတော်လှန်ရေး အရှိန်ကောင်းနေတာကြောင့် ဒေသအတော်များများမှာ အာဏာရှင်စစ်တပ်က ကြီးစိုးနိုင်မှုနည်းလာနေပြီး တော်လှန်ရေး တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ဒေသတွေ များလာနေတဲ့ အခြေအနေမှာ လူမျိုးရေးပွတ်တိုက်မှုတွေ အနည်းငယ်ရှိလာပါတယ်။
လူမျိုးစုံအတူယှဉ်တွဲ နေထိုင်ကြတဲ့ မြန်မာနိုင်ငံရဲ့ ပထဝီအခြေအနေကြောင့် လူမျိုးရေးပွတ်တိုက်မှုတွေကအနည်းနဲ့အများ ရှိလာမယ်ဆိုတာ အားလုံးက ကြိုတင်တွက်ဆထားကြပေမယ့် လူမျိုးရေးပဋိပက္ခကိုဦးတည်မသွားဖို့လည်း ကြိုပြင်ထားရမယ်ဆိုတဲ့ ထောက်ပြလာတာတွေလည်း ရှိနေကြပါပြီ။
တနင်္သာရီတိုင်းမှာဆိုရင်လည်း ကရင်၊ ထားဝယ်၊ မြိတ်(တနင်္သာရီ)၊ မွန်၊ ဗမာ၊ မော်ကင်း စတဲ့တိုင်းရင်းသားပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရာစုနှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်နေကြပါတယ်။
မကြာသေးခင်က ကောက်ယူထားတဲ့ ‘တနင်္သာရီဒေသခံများ၏ ဒေသတွင်း လူမျိုးစု စုံလင်ကွဲပြားမှုအပေါ်သဘောထားစစ်တမ်း’အရ စစ်တမ်းမှာ ဖြေဆိုသူတွေက တနင်္သာရီဒေသကို လူမျိုးစုပေါင်းစုံ နေထိုင်တဲ့စုံလင်ကွဲပြားသော ဒေသတစ်ခုအဖြစ် လက်ခံရှုမြင်တာကို တွေ့ရပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်းထဲမှာရှိတဲ့ လူမျိုးစုတွေအကြားမှာ လူမှုသဟဇာတဖြစ်မှုရှိတယ် ဆိုတာကိုလည်းစစ်တမ်းမှာတွေ့ရပါတယ်။
တနင်္သာရီတိုင်းမှာ တော်လှန်ရေး အားကောင်းတဲ့ ဒေသအများအပြားရှိနေပြီး စစ်အာဏာရှင်တပ်ထိန်းချုပ်ဒေသက နည်းသထက်နည်းလာနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တော်လှန်ရေးအရှိန် တန့်စေမယ့်လူမျိုးရေးမိုင်းတွေက အာဏာရှင်စစ်တပ်အတွက် လက်နက်တစ်ခု ဖြစ်သွားနိုင်ပါတယ်။
တနင်္သာရီတိုင်းမှာ လူမျိုးစုံယှဉ်တွဲနေထိုင်တာကြောင့် ပွတ်တိုက်မှုအချို့ ဖြစ်တတ်တဲ့ သဘာဝရှိပေမယ့်အခုလိုအချိန်မျိုးမှာ ဒါကိုအသုံးချပြီး လူမျိုးရေးပဋိပက္ခတွေအထိ ဦးတည်လာအောင်လုပ်ဆောင်မှာမျိုးတွေကို သတိထားဖို့ လေ့လာသူတွေက ထောက်ပြနေကြပါပြီ။
နွေဦးတော်လှန်ရေး လေးနှစ်ကျော်လာတဲ့ ဒီကနေ့အချိန်မှာတော့ လူမှုကွန်ရက်တွေပေါ်မှာ လူမျိုးရေး မုန်းတီးမှုဆန်ဆန် လှုံ့ဆော်ရေးသားတာတွေ တွေ့လာရပါတယ်။ သရက်ချောင်း၊ ပုလောမြို့နယ်တွေဘက်က အချို့မြေပြင် အခြေအနေမှာလည်း တစ်ဖက်နဲ့တစ်ဖက်ကြား ဒီကိစ္စတွေဟာ လူထုကြားထဲ ဖွဲမီးလို တအုံနွေးနွေး ဖြစ်တည်လာနေတာမျိုး တွေ့ရှိလာတာကြောင့်လည်း ဒီလိုစိုးရိမ်တကြီး ထောက်ပြနေကြတာပါ။
ဒါ့ကြောင့် တနင်္သာရီတိုင်းအတွင်း လူမျိုးရေးပဋိပက္ခတွေ ရှောင်ရှားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုကိုထိန်းသိမ်းထားနိုင်ဖို့ ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်မှာ အင်အားစု ခေါင်းဆောင်တွေ၊ ပြည်သူလူထုတွေကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါတယ်။
“ရည်မှန်းချက်တစ်ခုကို ဦးတည်ပြီးသွားနေတဲ့ အစုအဖွဲ့အချင်းချင်းအကြားမှာ နားလည်မှု၊ ယုံကြည်မှု မတည်ဆောက်နိုင်ရင် ဒီလိုအစုအဖွဲ့မျိုးက အချိန်မရွေး ပြိုကွဲသွားနိုင်ပါတယ်”
နိုင်ပီတာ (ပြောရေးဆိုခွင့်ရှိသူ၊ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF))
DW ။ တော်လှန်ရေးကာလမှာ ပြည်သူတွေက အထွေထွေအကျပ်အတည်းကြုံနေရသလို၊ ပဋိပက္ခဒဏ်ကိုလည်း ခံစားနေရတယ်။ ဒီလိုအခြေအနေမျိုးမှာ လူထုက ပေါက်ကွဲလွယ်တတ်တာ တွေ့ရတယ်။ အထူးသဖြင့် လူမျိုးရေး ဘာသာရေးအခြေခံပြီး ပွတ်တိုက်မှုတွေကနေ ပဋိပက္ခတွေ ဆင့်ပွားဖြစ်လာတတ်တာမျိုးတွေ့ရတယ်။ တနင်္သာရီတိုင်းကလည်း မတူကွဲပြားတဲ့ လူမျိုးစုတွေ နေထိုင်တဲ့ ဒေသဖြစ်တော့ ဒီလိုအခြေအနေမျိုးတွေ ကျရောက်နိုင်တယ်လို့ သတိပေးပြောဆိုတာတွေ ရှိနေပါတယ်။ အခုလူမှုကွန်ရက်မှာလည်း တနင်္သာရီတိုင်းမှာ အတူယှဉ်တွဲ နေထိုင်တဲ့ လူမျိုးစုတွေအကြား နားလည်မှုလွဲစေမယ့် အရေးအသားတွေ ရေးသားလာတာတွေ ရှိနေတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဘာတွေ သတိထားမိတာရှိလဲ။
ဖြေ ။ အာဏာသိမ်းပြီးတော့ တော်လှန်ရေးကာလ လက်ရှိပဋိပက္ခကာလ ပြည်သူလူထုကလည်း အထွေထွေ အကျပ်အတည်း ကြုံရတယ်ပေါ့နော်။ နောက်တစ်ခုက ပဋိပက္ခဒဏ်ကိုလည်း နေ့စဥ်နဲ့အမျှ ရင်ဆိုင်နေရ ကြုံတွေ့နေရတဲ့ အခြေအနေမျိုးဖြစ်တယ်။ ဆိုတော့ ဒီလိုအခြေအနေမျိုးမှာ လူဆိုတာက ထိလွယ်ရှလွယ် ပေါက်ကွဲလွယ်ဖြစ်လာတယ်။ ကျွန်တော်တို့ တူညီတဲ့ လူအုပ်စုအချင်းချင်းကြားထဲမှာတောင် ရပ်တည်ချက် မတူညီတာမျိုး၊ ခံယူချက် မတူညီတဲ့ အခြေအနေမျိုးတွေပေါ့၊ နောက်ပြီးတော့ ခက်ခဲလာတယ်ပေါ့။ အသက်ရှင်ရပ်တည်ဖို့ ခက်ခဲလာတယ်ဆိုတဲ့ အခြေအနေ မျိုးမှာ ရုန်းကန်ကြတဲ့အခါ ပဋိပက္ခဖြစ်ဖို့ဟာ တော်တော်လေး လွယ်ကူလာတယ်လို့ပြောလို့ရတယ်။ တနင်္သာရီ လိုမျိုး ကိုးကွယ်ယုံကြည်တဲ့ ဘာသာအရလည်း မတူတဲ့လူအုပ်စုတွေ နေထိုင်ကြတယ်။ နောက်ပြီးတော့ ထားဝယ်၊ ဆလုံ (မော်ကင်း) ၊ မြိတ် ၊ ကရင် ၊ မွန် ၊ ဗမာ ၊ အခြားသော လူမျိုးစုအများကြီးနေကြတဲ့ တနင်္သာရီလို ဒေသမျိုးမှာ ဆိုရင်လည်း ပဋိပက္ခဖြစ်ဖို့ဟာ တော်တော်လေး လွယ်ကူလာတယ်လို့ ပြောရမယ်ပေါ့နော်။ အဓိက ကတော့ မတူညီမှုတွေကများနေတဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့ နားလည်မှုလွဲတဲ့အခြေအနေမျိုးတွေ၊ ကတောက်ကဆဖြစ်နိုင်တဲ့ အခြေအနေမျိုးတွေ၊ ပဋိပက္ခဖြစ်လွယ်တဲ့ အခြေအနေမျိုးတွေက ဖြစ်လွယ်လာတယ်။ ပုံမှန်အခြေအနေမျိုးမှာ နားလည်မှုလွဲတာ၊ သဘောထား ကွဲလွဲတာဆိုတာတွေက ဖြေရှင်းလို့လွယ်ကူတယ်၊ ဘာမှ သိပ်မသိသာဘူးဆိုပေမယ့် အခုလိုမျိုး ခက်ခဲကျပ်တည်းနေတဲ့ အခြေအနေမျိုးမှာ ဒီလိုအကြောင်းအရာတွေက လူတွေအတွက် ဒေါသဖြစ်စေလာပြီး၊ ပဋိပက္ခကို အသွင်ဆောင်လာတယ်။ ဒီလို စုံလင်ကွဲပြားတဲ့ ကိုးကွယ်ယုံကြည်မှုတွေရှိကြတဲ့ အုပ်စုတွေအကြားအချင်းချင်း ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ဖို့ ဆိုလို့ရှိရင် အချင်းချင်းအကြားမှာ နားလည်မှု၊ ယုံကြည်မှု၊ သဟဇာတဖြစ်မှုနဲ့ အပြန်အလှန်လေးစားမှုလိုဟာမျိုးတွေ မရှိမဖြစ်လိုအပ်တယ်။ အခုလိုမျိုး ခက်ခဲကျပ်တည်းတဲ့ကာလမျိုးမှာကတော့ အပြန်အလှန်ယုံကြည်မှုက ပျက်ပြားနေပြီး နားလည်မှုက မရှိကြဘူးဆိုလို့ရှိရင် ကျွန်တော်တို့ ကတောက်ကဆဖြစ်တဲ့ ပြဿနာသေးသေးလေးတွေကနေ ပိုပြီး နားလည်မှု လွဲလာပြီးတော့ ပဋိပက္ခအသွင်ဆောင်တဲ့ အခြေအနေအထိရောက်သွားစေတယ်။ ကျွန်တော်တို့ ပြောဆိုလိုက်တဲ့ စကားတစ်ခွန်း၊ ရေးသားလိုက်တဲ့ စာတစ်ကြောင်းဟာ ပဋိပက္ခ အသွင်ဆောင်တဲ့အထဲကို တွန်းပို့လိုက်တဲ့ လှုံ့ဆော်မှု ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးရှိတယ်။
DW ။ ပွတ်တိုက်မှု သေးသေးလေးတွေကနေ ပဋိပက္ခကို အစပျိုးစေမယ့် လှုံ့ဆော်မှုတွေ ဖြစ်လေ့ရှိတယ်။ ဒီလိုလှုံ့ဆော်မှု တွေက အဖွဲ့တစ်ခုက ရည်ရွယ်ချက်ရှိရှိလုပ်တာ ဖြစ်နိုင်သလို မထင်မှတ်ဘဲ လှုံ့ဆော်သလို ဖြစ်သွားတာတွေလည်း ရှိတယ်။ ဒီတော့ လက်ရှိအခြေနေမှာ ဒီလိုလှုံ့ဆော်မှုမျိုးတွေ စမြင်နေရပြီလား။ ဒါမျိုးစတွေ့နေရပြီဆိုရင် အချိန်မလွန်ခင် တားဆီးဖို့ ဘာတွေ လုပ်သင့်သလဲ။ အဖွဲ့အစည်းတွေအနေနဲ့က ဘယ်လိုတွေ ထိန်းကျောင်းသင့်လဲ။
ဖြေ ။ အခုခေတ်လိုမျိုး ဆိုရှယ်မီဒီယာက လက်တစ်ကမ်းမှာရှိနေတဲ့ အချိန်မျိုးမှာ သတင်းစကားတွေဆိုတာက ပျံ့နှံ့လွယ်တယ်။ ဖြန့်ဝေရလွယ်တယ်။ အလားတူပဲ ကျွန်တော်တို့ သတင်းအတု၊ သတင်းအမှားနဲ့ အမှန်းစကား ဆိုတာကလည်း ပျံ့နှံ့လွယ်တယ်။ ဒီမှာကလည်း နှစ်ခုရှိတယ်။ တစ်ခုက ကျွန်တော်တို့ သဘောရိုးနဲ့ သဘောမတူရင် မတူတဲ့အကြောင်း၊ မကြိုက်ရင် မကြိုက်တဲ့အကြောင်း ပြောတာတွေလည်းရှိတယ်။ ဒီအပေါ်မှာမှ နိုင်ငံရေးအရ အမြတ်ထုတ်ပြီး လှုံ့ဆောင်မှုအသွင်နဲ့ ရည်ရွယ်ရှိရှိရော ရည်ရွယ်ချက်မရှိဘဲနဲ့ရော လုပ်ဆောင်နေတဲ့ အခြေအနေမျိုးတွေ ဖြစ်လာတဲ့အခါမှာ ပဋိပက္ခကို ဦးတည်သွားစေနိုင်တဲ့ အခြေအနေမျိုးဖြစ်နိုင်တယ်။ အဲဒီလို ဖြစ်နိုင်တဲ့အခါကျတော့ အဖွဲ့အစည်းတွေပဲ ပြောပြော၊ လူထုကိုဦးဆောင်နေတဲ့သူတွေပဲ ပြောပြော အကြောင်းအရာကိုသိရှိထားတဲ့သူတွေ အနေနဲ့ပဲ ပြောပြော၊ ဒီလိုလူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေက ပဋိပက္ခကို မဖြစ်အောင် အချိန်မီတားဆီးဖို့လိုတယ်။ အရေးတယူ ဆောင်ရွက်ဖို့ လိုတယ်။ အရင်က တွေ့နေရသလို စစ်အုပ်စုက လုပ်နေသလို လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ကိုဖိနှိပ်ပြီး ဖမ်းဆီးချုပ်နှောင်တာမျိုးကို ဆိုလိုတာတော့ မဟုတ်ဘူး။ အပြုသဘောဆောင်တဲ့ ချဥ်းကပ်မှုတွေကနေ ဘယ်လိုလုပ်နိုင်မယ်ဆိုတဲ့ဟာကို စဥ်းစားသင့်တယ်။
DW ။ လူမျိုးရေးအခြေပြု ပဋိပက္ခတွေဖြစ်လာရင် တော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။ စစ်အာဏာရှင်က ဒါကိုသူတို့အကျိုးအတွက် အသုံးပြုသွားနိုင်တယ်လို့ ယူဆလား။
ဖြေ ။ လူမျိုးစုကို အခြေခံတဲ့ ပဋိပက္ခတွေကို ဦးတည်လာတဲ့အခါမှာ ကျွန်တော်တို့လက်ရှိ အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်နေတဲ့ နွေဦးတော်လှန်ရေးအတွက် အများကြီးထိခိုက်မှု ရှိနိုင်တယ်။ ဘယ်လိုထိခိုက်မှုရှိနိုင်လဲဆိုတာကတော့ ကျွန်တော်တို့ အရင်ကတည်းက ရန်သူစစ်အုပ်စုဆိုတာက လူမျိုးစု အချင်းချင်းအကြား မညီညွတ်အောင်၊ လူမျိုးစုတူရင်တောင်မှ လူတန်းစားအလွှာ အချင်းချင်းအကြား မညီညွတ်အောင် ခွဲခြားအုပ်ချုပ်တဲ့ပုံစံနဲ့ သပ်လျှိုသွေးခွဲတဲ့ စနစ်တွေကို ကျွမ်းကျင်တဲ့အုပ်စုဖြစ်တယ်။ အဲဒီလိုဆိုတော့ ကျွန်တော်တို့ ရပ်ရွာအသိုက်အဝန်းထဲမှာ ပြောတဲ့စကား၊ ဆိုရှယ်မီဒီယာပေါ်မှာ ပြောတဲ့စကားတွေဟာ စစ်အုပ်စုအတွက် ကုန်ကြမ်းတစ်ခု သဖွယ် ဖြစ်လာတယ်။ လောင်စာတစ်ခု သဖွယ်ဖြစ်လာတယ်။ ဒီအပေါ်မှာမှ မီးထပ်မြိုက်ပြီးတော့ သပ်လျှိုသွေးခွဲတာ လုပ်လာနိုင်တဲ့အခြေအနေမျိုးမှာရှိတယ်။ အဲဒါတွေကို ကာကွယ်တားဆီးနိုင်ဖို့အတွက်ဆိုလို့ရှိရင် ဒေသထဲမှာရှိတဲ့ တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးအင်အားစုတွေကြားထဲမှာ ဘုံတူညီတဲ့ တော်လှန်ရေး ရည်မှန်းချက်တစ်ရပ်ကို ပွင့်ပွင့်လင်းလင်း ချထားဖို့လိုတယ်။ အကောင်အထည်ဖော်နိုင်ဖို့လိုတယ်။ အဓိကတော့ တူညီတဲ့ နားလည်မှုရှိကြဖို့လိုတယ်။ နားလည်မှု တည်ဆောက်ကြဖို့လိုတယ်။ ယုံကြည်မှု တည်ဆောက်ကြဖို့လိုတယ်။ ကျွန်တော်တို့ ရည်မှန်းချက်တစ်ခုကို ဦးတည်ပြီးသွားနေတဲ့ အစုအဖွဲ့ အချင်းချင်းအကြားမှာ နားလည်မှု၊ ယုံကြည်မှု မတည်ဆောက်နိုင်ရင် ဒီလို အစုအဖွဲ့မျိုးက အချိန်မရွေး ပြိုကွဲသွားနိုင်ပါတယ်။ သွားချင်တဲ့ ရည်မှန်းချက်ဆိုတာကလည်း အောင်မြင်ဖို့ခက်ခဲတယ်။
DW ။ အွန်လိုင်းပေါ်မှာ လူမျိုးစုတွေကြား အထင်လွဲစေရန် ရေးသားပြောဆိုနေတာလည်း တွေ့ရတယ်။ ဒီအဆင့်ကနေ ပဋိပက္ခကို ဦးတည်တဲ့ လှုံ့ဆော်မှုတွေ မဖြစ်သွားအောင် ဘယ်လိုထိန်းကျောင်းမလဲ။ သက်ဆိုင်ရာခေါင်းဆောင်တွေကရော ဘယ်လိုထိန်းကျောင်းသင့်လဲ။
ဖြေ ။ ဒီနေရာမှာ ကျွန်တော်တို့ အမြင်မတူမှုတွေပေါ့လေ။ ပြောဆိုရေးသားမှုတွေ သဘောထားကွဲလွဲမှုတွေပေါ့လေ။ ဒီလိုမျိုးတွေ ဖြစ်ပေါ်လာရင် အစုအဖွဲ့တွေ၊ အဖွဲ့အစည်းတွေ၊ အင်အားစုတွေအနေနဲ့ လုပ်သင့်တာရော၊ ပြည်သူလူထုအနေနဲ့ လုပ်သင့်တာရော နှစ်ဖက်စလုံးက လုပ်ဆောင်ရမယ့်ကိစ္စတွေ၊ တာဝန်တွေရှိတယ်။ အရင်ဆုံး ပြောရမယ်ဆိုရင် လူမျိုးရေး ပဋိပက္ခတွေကို ဖြစ်ပေါ်စေနိုင်တဲ့ လှုံ့ဆော်မှုမျိုး၊ သဘောထားကွဲလွဲမှုမျိုးတွေ ဖြစ်ပေါ်လာတယ်ဆိုရင် နိုင်ငံရေးအင်အားစု၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အလေးအနက်ထားဖို့လိုတယ်။ ဂရုစိုက်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အရမ်း အန္တရာယ်ကြီးတဲ့ကိစ္စဖြစ်တယ်။ အခုနက ပြောသလို အချင်းချင်းအကြားမှာ ယုံကြည်မှုမရှိတာ၊ နားလည်မှု ပျက်ပြားတာ တွေကို ဖော်ပြနေတဲ့ အခြေအနေမျိုးလည်းဖြစ်တယ်။ အင်အားစုတွေအနေနဲ့ ဘာလုပ်သင့်လဲဆိုရင်တော့ သဘောထား ကွဲလွဲမှုကို ဖြစ်ပေါ်လာစေတဲ့ အကြောင်းအရင်းအခံက ဘာလဲဆိုတာကို ဆန်းစစ်ဖော်ထုတ်ဖို့လိုတယ်။ ပြဿနာဆိုရင်လည်း ပြဿနာကို ဖြေရှင်းဖို့လိုတယ်။ ဖြစ်နေတဲ့ ပြဿနာက အဖွဲ့အစည်းဘက်မှာ ဖြစ်နေတဲ့ ပြဿနာဆိုရင် ဖြေရှင်းဖို့လိုသလို ဒီဟာက နားလည်မှုလွဲတာဆိုလို့ရှိရင်လည်း ရှင်းလင်းပြောဆိုဖို့လိုတယ်။ လူထုလက်ခံအောင် ရှင်းလင်းပြောဆိုဖို့လိုတယ်။ နောက်တစ်ခုက အင်အားစုတွေအနေနဲ့ အမြင့်ဆုံးရည်မှန်းချက်ဆိုတာက ရှိတတ်ကြတယ်။ ဒါပေမဲ့ လက်ရှိ အတူယှဥ်တွဲ နေထိုင်ရေးကို စဥ်းစားကြတဲ့အခါ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ဖို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတဲ့ ရည်မှန်းချက်မျိုး ပေါ်လာသလိုပေါ့လေ။ အကောင်းဆုံးဆိုတဲ့ဟာတွေကိုတော့ အမြဲတမ်းလိုချင်ကြတာပဲလေ။ ဒါပေမဲ့ မတူညီတဲ့အုပ်စုတွေကြားထဲမှာ အကောင်းဆုံးဆိုတာတွေကိုမျှဝေသလို၊ အဆိုးဆုံးဆိုတာတွေကိုလည်း မျှဝေကြဖို့လိုတယ်။ အုပ်စုတိုင်းက အဆိုးဆုံးဆိုတာတွေကို အနည်းဆုံး ခံစားကြရတယ်ဆိုရင် အုပ်စုတိုင်းက မကျေနပ်စရာအကြောင်းလည်း မရှိဘူး။ ဆိုလိုတာက ရင်ဘတ်ချင်းတူတယ်ဆိုတဲ့ သဘောတရားမျိုး ဖြစ်လာတယ်။ အလားတူပဲ အင်အားစုတွေကြားထဲမှာ ဘုံတူညီတဲ့ ရည်မှန်းချက်တွေထားရှိပြီး ပြည်သူလူထုကိုလည်း ဖော်ထုတ်ပြောဆိုဖို့လိုတယ်။
DW ။ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ပဋိပက္ခတွေက သတင်းအချက်အလက်အမှားတွေရယ်၊ မြေပြင်မှာရှိတဲ့လူတွေက သူတို့ယုံကြည်ချက်ကို ထုတ်ဖော်ပြောဆိုခွင့်မရတဲ့ အခြေအနေတွေမှာ ပိုဆိုးလာလေ့ရှိတယ်။ ဒီအခြေအနေမှာ အုပ်ချုပ်တဲ့ တာဝန်ရှိသူတွေက မတူညီတဲ့ အမြင်တွေ ပြောဆိုရင်ဖွင့်ခွင့်ရအောင် ဘယ်လိုလမ်းဖွင့်ပေးသင့်လဲ။ လူထုကို သတင်းအချက် အလက် အမှတ်သိရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်သင့်လဲ။
ဖြေ ။ သဘောထားအမြင်ကွဲလွဲမှုတွေ လှုံ့ဆော်မှု သဏ္ဍာန်ပြောဆိုရေးသားမှုတွေ မြင်ရလာပြီဆိုရင် ဒီလိုပြောဆို ရေးသားနေသူက ပြည်သူဖြစ်နေမယ်ဆိုရင် အမြင်မရှင်းလင်းမှုလို့ ပြောရမယ်။ အမြင်မရှင်းလင်းမှုကို နိုင်ငံရေး အင်အားစုတွေအနေနဲ့က ရှင်းလင်းပေးဖို့လိုတယ်။ နောက်တစ်ခုက အဲဒီလိုပြောဆိုရေးသားနေသူက မတူညီတဲ့အစုအဖွဲ့ တစ်ခုခု၊ နိုင်ငံရေးအင်အားစုတစ်ခုခုမှာ တာဝန်ယူထားတာ၊ ဒါမှမဟုတ် လက်နက်ကိုင်အစုအဖွဲ့တစ်ခုခုမှာ တာဝန်ယူထားတဲ့ သူမျိုးဆိုလို့ရှိရင် တော်တော်လေး အန္တရာယ်ကြီးတဲ့ကိစ္စဖြစ်တယ်။ အဲဒီလိုမျိုးဖြစ်တဲ့အခါမှာ အစုအဖွဲ့ အချင်းချင်းကြားမှာ နားလည်မှု၊ ယုံကြည်မှု၊ နိုင်ငံရေးအရ ယုံကြည်မှု တည်ဆောက်ကြဖို့လိုတယ်ဆိုတဲ့ဟာက အရေးကြီးလာတယ်ပေါ့လေ။ ကိုယ့်အစုအဖွဲ့မှာရှိတဲ့ လက်အောက်ငယ်သားပဲ ဖြစ်ဖြစ် ဒီလိုပြောဆိုရေးသားမှုတွေရှိနေရင် ရှင်းလင်းပြောဆိုသင့်တာ ဆိုရင်လည်း ရှင်းလင်းပြောဆိုရမယ်။ ဒါမှမဟုတ် သတိပေးပြောဆိုတာမျိုးလည်း လုပ်သင့်တယ်။ အဓိက ကတော့ ပြည်သူလူထု ကောင်းစားရေးနဲ့ နိုင်ငံရေးအရ ညီညွတ်မှုရှိကြဖို့ဆိုတဲ့ဟာကို ဦးတည်ကြဖို့လိုတယ်။ နိုင်ငံရေအင်အားစု ၊ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အချင်းအချင်းအကြား ရိုးသားဖို့လိုတယ်။ ပြည်သူလူအပေါ်မှာ ရိုးသားဖို့လိုတယ်။
DW ။ တော်လှန်ရေးကာလမှာ မတူညီတဲ့ အစုအဖွဲ့၊ လူမျိုးစုတွေကြားမှာ ပွတ်တိုက်မှုတွေ ဖြစ်လာလေ့ရှိတယ်။ အဲဒီပွတ်တိုက်မှုတွေ လျော့ကျအောင်၊ ကြီးထွားမလာအောင် လူတစ်ဦးချင်းကရော ဘယ်လိုအချက်တွေကို သတိထားပြီး ပြောဆိုပြုမူနေထိုင်သင့်လဲ။
ဖြေ ။ ပြည်သူတွေအနေနဲ့ဆိုရင်လည်း တွေ့တဲ့ဟာကို အမြဲတမ်းမယုံကြဖို့၊ ဒီလိုခေတ်ကာလ ဒီလိုအခြေအနေမျိုးမှာက ဒီပဋိပက္ခ ဖြစ်စေတဲ့ လှုံ့ဆော်တဲ့အကြောင်းအရာတွေဆိုတာက နေ့စဥ်နဲ့အမျှ မြင်ရတွေ့ရကြားရကြုံနေရတဲ့ အခြေအနေ ဖြစ်နေတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော်တို့ အတတ်နိုင်ဆုံး သတင်းဆိုလို့ရှိရင်လည်း သတင်းလား အတင်းလား၊ နောက်တစ်ခုက သတင်းအတု၊ သတင်းအမှားလား၊ လှုံ့ဆော်မှုက ဘာရှိနေမလဲ၊ ဒီသတင်းက ဘာရည်ရွယ်ချက် ရှိနေမလဲ၊ ဒီသတင်းရေးသားတဲ့အပေါ်မှာ ဘယ်သူတွေက အကျိုးအမြတ်ရှိသွားလဲ ဆိုတာတွေကို သေချာ ဆန်းစစ်ကြဖို့လိုတယ်။ ပဋိပက္ခကို လှုံ့ဆော်စေနိုင်တဲ့အကြောင်းအရာတွေဆိုရင်လည်း အလွယ်တကူ မျှဝေတာ၊ ဖြန့်ဝေတာ ရေးသားပြောဆိုတာ မျိုးတွေကို ထိန်းသိမ်းပြီး ရှောင်ကြဥ်ကြဖို့လိုတယ်။ တစ်ဖက်မှာလည်း ရပ်ရွာအသိုင်းအဝန်း အချင်းချင်းအကြား မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုရှိသူ အချင်းချင်းအကြား၊ မတူညီတဲ့ လူမျိုးစုအချင်းချင်းကြားထဲမှာလည်း အပြန်အလှန် ဖေးမကူညီရင်းနဲ့ပဲ ခက်ခဲတဲ့ ဒီကာလကြီးကိုပေါ့ အတူတူဖြတ်ကျော်ကြဖို့တိုက်တွန်းလိုတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် လူမှုအသိုင်းအဝိုင်းအကြားမှာ သဟဇာတဖြစ်မှုက ပိုကောင်းလာပြီးတော့ အချင်းချင်းယုံကြည်မှု နားလည်လက်ခံမှုက ပိုခိုင်မာလာပြီး ပဋိပက္ခတွေကိုလည်း ရှောင်ရှားလာနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍက အရေးပါလာတယ်။ သတင်းအတု သတင်းအမှားတွေကို တိုက်ဖျက်ဖို့ဆိုတဲ့တာမျိုး Factchecking ပြန်လုပ်တာမျိုး တွေကလည်း အရေးပါလာတယ်။ အဓိကကတော့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပိုပြီး အားပေးအားမြှောက် လုပ်ဖို့လိုတယ်။
DW ။ လူထုကြားမှာ မတူညီတဲ့လူမျိုးစု တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား အမြင်မကြည်လင်မှုတွေဖြစ်လာရင် အုပ်ချုပ်သူတွေအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲ။
ဖြေ ။ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေဆိုတာက သတင်းအချက်အလက်အမှားတွေ ပြောဆိုမှုတွေကနေ လာလေ့ရှိတယ်။ နောက်တစ်ခုက မြေပြင်မှာရှိနေတဲ့ တိုက်ပွဲဝင်နေကြတဲ့သူတွေကြားထဲမှာလည်း နိုင်ငံရေးအရ မရှင်းလင်းတာ၊ သူတို့ယုံကြည်ချက်တွေကို ပြောဆိုထုတ်ဖော်ခွင့်မရတာ၊ နောက်ပြီးတော့ သူတို့လုပ်ကိုင်နေရတဲ့ အနေအထားမျိုးမှာ သူတို့ယုံကြည်ထားတာနဲ့ အံဝင်ခွင်ကျမရှိတာ၊ ထပ်တူမကျတာ ဆိုတဲ့ အခြေအနေမျိုးတွေအပေါ် ပိုဆိုးလာတာမျိုးဖြစ်လေ့ရှိတယ်ပေါ့လေ။ ဒီလိုမျိုး အခြေအနေမျိုးဖြစ်တဲ့အခါမှာ အစုအဖွဲ့တွေအနေနဲ့လုပ်သင့်တာက သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကောင်းမွန်တဲ့ ယန္တရားတစ်ခုကို တည်ဆောက်ဖို့လိုတယ်။ အပေါ်အောက် ချဉ်းကပ်တဲ့ ပုံစံပဲပြောမလား၊ ဒီမိုကရေစီကို ကျင့်သုံးတယ်ဆိုတဲ့ ပုံစံပဲ ဖြစ်မလားပေါ့၊ ဒါမျိုးတွေ စဥ်းစားကြဖို့လိုတယ်။ ဥပမာ လက်နက်ကိုင်တပ်ဖွဲ့ ဆိုပါစို့၊ စစ်တပ်မှာ အမိန့်နာခံမှုက အရေးကြီးတယ်လို့ဆိုကြတယ်။ အမိန့်နာခံမှုက ပထမဖြစ်တယ်။ ဒါပေမဲ့ နောက်ထပ်အရေးကြီးတာက အချင်းချင်းကြား စည်းလုံးညီညွတ်မှုနဲ့ ဘုံတူညီတဲ့ နိုင်ငံရေးအရ on the same page ဖြစ်ကြဖို့ပေါ့။ ရှင်းလင်းကြဖို့ဆိုတာက ဒီမိုကရေစီအရ အရေးကြီးတယ်။ လွတ်လပ်စွာပြောဆိုနှီးနှောဖလှယ်ခွင့် ဒါတွေက အရေးကြီးတဲ့အခြေအနေ ဖြစ်လာတယ်။ အစုအဖွဲ့တွေအနေနဲ့လည်း သက်ဆိုင်ရာ တာဝန်ယူထားရတဲ့သူတွေ ပြီးတော့ အုပ်စုအသီးသီးကြားထဲမှာ ပြောဆိုတာ ဆွေးနွေးတာ၊ နိုင်ငံရေးအရပဲ ဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာအရပဲဖြစ်ဖြစ် ပြောဆို ဆွေးနွေးတာ၊ ရင်ဖွင့်လို့ရမယ့်ဟာမျိုးတွေ၊ ပြဿနာ ဘာရှိနေလဲဆိုတဲ့ဟာမျိုးတွေ၊ ဒီဟာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ ဟာမျိုးတွေ ဒါမျိုးတွေကို ကျွန်တော်တာ်တို့တွင်တွင်ကျယ်ကျယ် လုပ်ဖို့လိုတဲ့ အခြေအနေမှာရှိပါတယ်။
DW ။ ကျေးဇူးတင်ပါတယ် ။
“ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်လို့ရပါတယ်။ အဓိက ကတော့ ဖြစ်တည်မှု အသိမှတ်ပြုပြီး တော်လှန်ရေးမှာ ညီညွတ်မှုအားကို တည်ဆောက်နိုင်ရင်တော့ အကောင်းဆုံးပါ”
ရဲဘော်နိုင်ဝင်း (တာဝန်ရှိသူ၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA))
DW ။ တော်လှန်ရေးကာလမှာ ပြည်သူတွေက အထွေထွေအကျပ်အတည်းကြုံနေရသလို၊ ပဋိပက္ခဒဏ်ကိုလည်း ခံစားနေရတယ်။ ဒီလိုအခြေအနေမျိုးမှာ လူထုက ပေါက်ကွဲလွယ်တတ်တာ တွေ့ရတယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး အခြေခံပြီး ပွတ်တိုက်မှုတွေကနေ ပဋိပက္ခတွေ ဆင့်ပွားဖြစ်လာတတ်တာမျိုး တွေ့ရတယ်။ တနင်္သာရီတိုင်းကလည်း မတူကွဲပြားတဲ့ လူမျိုးစုတွေနေထိုင်တဲ့ ဒေသဖြစ်တော့ ဒီလိုအခြေအနေမျိုးတွေ ကျရောက်နိုင်တယ်လို့ သတိပေးပြောဆိုတာတွေ ရှိနေပါတယ်။ အခုလူမှုကွန်ရက်မှာလည်း တနင်္သာရီတိုင်းမှာ အတူယှဉ်တွဲ နေထိုင်တဲ့ လူမျိုးစုတွေအကြား နားလည်မှုလွဲစေမယ့် အရေးအသားတွေ ရေးသားလာတာတွေ ရှိနေတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဘာတွေ သတိထားမိတာရှိလဲ။
ဖြေ ။ တော်လှန်ရေးက နည်းနည်းကြာလာတဲ့အပေါ်မှာ ပြည်သူလူထုတွေအနေနဲ့ စိတ်ပျက်အားငယ်တာတွေ၊ အားမလိုအားမရ ဖြစ်တာတွေ တွေ့ရမြင်ရပြီး ပြောကြဆိုကြရေးကြတာတွေရှိတာကတော့ ဖြစ်တတ်တဲ့ အနေထားလို့ မြင်ပါတယ်။ ဒါပေမဲ့ လူမျိုးရေး၊ ဘာသာရေ ပွတ်တိုက်မှုအတွက် ရေးသား၊ ပြောဆိုမှုတွေကတော့ ပြည်သူအများစုကို အခြေခံတယ်လို့တော့ ကျွန်တော်တို့ မမြင်ပါဘူး။ ဘက်နှစ်ဖက် အစွန်းထွက် လူတချို့တွေကြောင့် ဖြစ်တတ်တယ်လို့တော့ မြင်ပါတယ်။ အဲဒီလိုလူတွေက အစဉ်အမြဲရှိနေတတ်တဲ့ လူတစ်စုတွေပါ။ တော်လှန်ရေးကာလ စုစည်းမှု၊ ညီညွတ်မှု ပေါင်းစည်းမှုတွေ အားကောင်းတဲ့အချိန်မှာ မမြင်တတ်ကြပေမဲ့ တော်လှန်ရေးအရှိန် နည်းနည်းလေး မငြိမ်မသက် ဖြစ်နေတတ်တဲ့အချိန်မှာ မြင်သာပါတယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာလည်း ထိုနည်းတူစွာပဲ အဲဒီလိုရေးသား ပြောဆို ဆွေးနွေးမှုတွေဟာ ဘက်နှစ်ဖက် အစွန်းရောက်တွေကြားထဲမှာ ရှိနှင့်ပြီးသားပါ။ အခုလို ဆိုရှယ်မီဒီယာ အားကောင်းလာတဲ့ ခေတ်မှာဆို ပိုဆိုးလာပါတယ်။ ပိုပြီးမြင်သာလာတယ်လို့ ပြောလို့ရပါတယ်။ သေချာတာတစ်ခုက ကျွန်တော်တို့ ဖြစ်တည်မှုကို အသိအမှတ်ပြုပြီး တစ်ဦးနဲ့တစ်ဦး လူမျိုးစု တစ်ခုနဲ့တစ်ခု ဆွေးနွေးတိုင်ပင်ညှိနှိုင်းသွားမယ်ဆိုရင် ဆိုးကျိုးရလဒ် ရှိလာမှာ မဟုတ်ပါဘူး။ ဒီလူမျိုးစုတွေဟာလည်း အခုမှ ဖြစ်တည်လာတဲ့ လူမျိုးစုတွေမဟုတ်ဘဲ အရင်ကတည်းက အတူယှဉ်တွဲနေလာတဲ့ လူမျိုးစုဖြစ်တဲ့အတွက်ကြောင့် အဆင်ပြေသွားလိမ့်မယ်လို့တော့ မြင်ပါတယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာနေထိုင်တဲ့ လူမျိုးစုတွေ အချင်းချင်းကြား ပွတ်တိုက်မှု၊ ထိခိုက်မှုရှိအောင် ရေးသား ပြောဆိုနေမှုတွေ လုပ်နေတဲ့လူတွေဟာလည်း သူတို့လိုချင်တဲ့ လမ်းကြောင်းအထိ ပြည်သူတွေပါလာမှာ မဟုတ်တဲ့အတွက် သိပ်ပြီးတော့ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမဲ့ သတိတော့ ထားရမှာပါ။
DW ။ ပွတ်တိုက်မှု သေးသေးလေးတွေကနေ ပဋိပက္ခကို အစပျိုးစေမယ့် လှုံ့ဆော်မှုတွေ ဖြစ်လေ့ရှိတယ်။ ဒီလိုလှုံ့ဆော်မှုတွေက အဖွဲ့တစ်ခုက ရည်ရွယ်ချက်ရှိရှိလုပ်တာ ဖြစ်နိုင်သလို မထင်မှတ်ဘဲ လှုံ့ဆော်သလိုဖြစ်သွားတာတွေလည်းရှိတယ်။ ဒီတော့ လက်ရှိအခြေနေမှာ ဒီလိုလှုံ့ဆော်မှုမျိုးတွေ စမြင်နေရပြီလား။ ဒါမျိုးစတွေ့နေရပြီဆိုရင် အချိန်မလွန်ခင် တားဆီးဖို့ ဘာတွေ လုပ်သင့်သလဲ။ အဖွဲ့အစည်းတွေအနေနဲ့က ဘယ်လိုတွေ ထိန်းကျောင်းသင့်လဲ။
ဖြေ ။ ကျွန်တော်တို့ အမြင်ရပြောရရင် ဒီလိုပွတ်တိုက်မှုမျိုး ထိခိုက်မှုမျိုး ရေးသားမှုမျိုး ပြုလုပ်နေတယ်ဆိုတာတော့ အငြင်းပွားဖွယ် မရှိပါဘူး။ လက်ရှိ ဖြစ်တည်မှုအတိုင်းပါပဲ။ ဘက်နှစ်ဖက် အစွန်းရောက်တွေလို့ ဆိုရမှာပေါ့နော်။ ကျွန်တော်တို့ စုံစမ်းသိရှိရသလောက်ဆိုရင် အဲဒီလိုပွတ်တိုက်မှုတွေ ဖြစ်ပေါ်လာအောင် အစီအစဉ်ရှိရှိကို လုပ်ဆောင်နေတဲ့ အစုအဖွဲ့ အသေးသေးလေးကိုတွေ့လာရပါတယ်။ အစွန်းရောက် အုပ်စုတွေအချင်းချင်းကြားက လှုံ့ဆော်မှုလို့ ပြောလို့ရပါတယ်။ အဲဒီအဖွဲ့တွေက လူမျိုးစုအချင်းချင်းကြားမှာရော၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအကြား လူမျိုးစုတပ်တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ တွေ ကြားမှာရော သတင်းမှားဖြန့်ဝေမှု၊ ရေးသားမှု၊ လှုံ့ဆော်စည်းရုံးမှုတွေကို ဆိုရှယ်မီဒီယာ အားပြုပြီး လုပ်နေကြတာတွေ့ရပါတယ်။ တကယ့်လက်တွေ့မြေပြင်မှာက လူမျိုးစုအကြားမှာရော လက်နက်ကိုင်တပ်ဖွဲ့တွေအကြားမှာရော အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတာ မျက်မြင်ပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း သတင်းအမှားတွေ ဖြန့်ဝေရေးသားလှုံ့ဆော်နေသူတွေကိုလည်း ကျွန်တော်တို့ မေ့ထားလို့ မရပါဘူး။ သူတို့တွေက အကောင့်အတုတွေ အသုံးပြုပြီး ကျွန်တော်တို့ အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ အကောင့်တွေကို တိုက်ခိုက်တာ၊ ပုဂ္ဂိုလ်ရေး ထိုးနှက်ချက်တွေ လုပ်လာတာ ခပ်စိပ်စိပ်တွေ့လာရပါတယ်။ ကျွန်တော်ထင်တယ် အဲဒီကိစ္စတွေက အနောက်မှာ ငွေကြေးနဲ့ လက်မည်းတစ်ခုတော့ ပါနေလိမ့်မယ်လို ထင်ပါတယ်။ ကျွန်တော် တို့ မြေပြင်တာဝန်ရှိသူတွေ အနေနဲ့ကတော့ ပေါ့ဆလို့ရတဲ့ အနေအထားမဟုတ်ဘူးဆိုတာတော့ မှတ်ယူထားပြီး ဘက်နှစ်ဖက် အစွန်းရောက်တွေဖြစ်ချင်သလို ဖြစ်လာမှာတော့ မဟုတ်ဘူးလို့ မြင်ပါတယ်။
DW ။ လူမျိုးရေးအခြေပြု ပဋိပက္ခတွေဖြစ်လာရင် တော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။ စစ်အာဏာရှင်က ဒါကိုသူတို့အကျိုးအတွက် အသုံးပြုသွားနိုင်တယ်လို့ ယူဆလား။
ဖြေ ။ လူမျိုးရေးအခြေပြုတဲ့ ပဋိပက္ခဖြစ်လို့ကို မရဘူးလို့မြင်ပါတယ်။ အဲဒီလိုမဖြစ်ရအောင်လည်း ကျွန်တော်တို့ လူမျိုးစုခေါင်းဆောင်တွေ၊ တပ်ဖွဲ့ခေါင်းဆောင်တွေ ညှိနှိုင်းတိုင်ပင်လုပ်ဆောင်ဖို့တော့ လိုအပ်ပါတယ်။ ပြောချင်တာက ဖြစ်တည်မှုကို ဘယ်လိုမှ ဥပေက္ခာ ပြုလို့မရဘူးဆိုတာပါပဲ။ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာ နေထိုင်လာတဲ့ လူမျိုးစုတွေဟာ ဟိုးရှေးပဝေသဏီကတည်းက နေလာတဲ့လူမျိုးစုတွေပါ။ တစ်လျှောက်လုံး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပြီး နေလာခဲ့ကြတာပါ။ လူမျိုးရေး၊ သာသာရေး မုန်းတီမှု ရန်လိုမှုမရှိဘဲ ချစ်ချစ်ခင်ခင်နေလာကြတဲ့ လူမျိုးတွေပါ။ ရှင်းရှင်းပြောရရင် ကျွန်တော် တနင်္သာရီ တကယ်လို့သာ ညီညွတ်မှုအပြည့်ရှိနေရင် နိုင်ငံတစ်နိုင်ငံ တည်ထောင်လို့ရတဲ့ အနေအထားပါ။ ရန်သူကလည်း အဲဒါကိုသိတဲ့အတွက် ဘက်နှစ်ဖက် အစွန်းရောက်တွေကို အသုံးချပြီး ကျွန်တော်တို့ တနင်္သာရီတိုင်းမှာရှိတဲ့ လူမျိုးစုတွေအကြား၊ တော်လှန်ရေးတပ်ဖွဲ့တွေအကြား အမုန်းတရားအခြေခံပြီး ပဋိပက္ခတွေကို ဖန်တီးနေတာပဲလို့ ကျွန်တော် မြင်ပါတယ်။ ဘက်နှစ်ဖက်အစွန်းရောက်တွေနဲ့ ရန်သူ စကစ လိုချင်တဲ့ လမ်းကြောင်းကို မရောက်အောင်တော့ ကျွန်တော်တို့ တော်လှန်ရေးခေါင်းဆောင်တွေအကြား၊ လူမျိုးစုခေါင်ဆောင်တွေအကြား ညှိနှိုင်းတိုင်ပင် ဆွေနွေးမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ပြီး ကျွန်တော်တို့ ညီညွတ်ရေးကိုပြရမှာပါ။ ဖြစ်တည်မှုတွေကို ဥပေက္ခာမပြုဘဲ တစ်ဦးနဲ့ တစ်ဦး လူမျိုးစုတစ်ခုနဲ့ တစ်ခု ညီညွတ်စွာ နေထိုင်ဖို့ပဲ လိုပါတယ်။ ကျွန်တော်တို့ မညီညွတ်ဘူး ဆိုရင်တော့ ရန်သူ စကစ လိုချင်တဲ့ လမ်းကြောင်းပေါ် ရောက်သွားမှာပါ။
DW ။ အွန်လိုင်းပေါ်မှာ လူမျိုးစုတွေကြား အထင်လွဲစေရန် ရေးသားပြောဆိုနေတာလည်း တွေ့ရတယ်။ ဒီအဆင့်ကနေ ပဋိပက္ခကို ဦးတည်တဲ့ လှုံ့ဆော်မှုတွေ မဖြစ်သွားအောင် ဘယ်လိုထိန်းကျောင်းမလဲ။ သက်ဆိုင်ရာခေါင်းဆောင်တွေကရော ဘယ်လိုထိန်းကျောင်းသင့်လဲ။
ဖြေ ။ လက်ရှိအွန်လိုင်းပေါ်က အမုန်းတရားဖြန့်ဝေမှုက အရင်ကနဲ့စာရင် အခုက ပိုဆိုးလာတယ်လို့ ပြောလို့ရပါတယ်။ ကဏ္ဍပေါင်းစုံက အမုန်းတရားဖြန့်ဝေနေတာပါ။ ပုဂ္ဂိုလ်ရေးအစ အဖွဲ့အစည်းတွေ အဆုံးထိ လုပ်နေတာပါ။ အဲဒီကိစ္စတွေကလည်း နေ့တိုင်းလိုလို တွေ့နေရတဲ့ အနေအထားပါ။ ဘယ်လိုဖြေရှင်းကြမလဲဆိုတာတော့ ပြောရတော့ နည်းနည်းခက်ပါတယ်။ အမုန်းတရားဖြန့်ဝေနေတဲ့ လူတွေက အကောင့်အတုတွေ သုံးကြပါတယ်။ တချို့ပြည်သူတွေ ကလည်း အဲဒီဟာတွေကိုတွေ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေးမြန်းစုံစမ်းကြတဲ့အထိရှိပါတယ်။ ကျွန်တော် ပြောချင်တာက အဲဒီအမုန်းတရား ဖြန့်ဝေနေသူတွေကို အမှန်တရားနဲ့ ပြည်သူတွေ စုစည်းညီညွတ်စွာနဲ့ တိုက်မှရမှာပါ။ မြေပြင်တာဝန်ရှိသူတွေကတော့ အကောင်းဆုံနဲ့ အဖြစ်နိုင်ဆုံးအခြေအနေပေါ်မှာမူတည်ပြီး ညီညွတ်မှုနဲ့ ရှေ့ဆက်သွားနေ ပါတယ်။ ဒါပေမဲ့ အဲဒီလိုအမုန်းတရားဖြန့်ဝေနေသူတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
DW ။ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ပဋိပက္ခတွေက သတင်းအချက်အလက်အမှားတွေရယ်၊ မြေပြင်မှာရှိတဲ့လူတွေက သူတို့ယုံကြည်ချက်ကို ထုတ်ဖော်ပြောဆိုခွင့်မရတဲ့ အခြေအနေတွေမှာ ပိုဆိုးလာလေ့ရှိတယ်။ ဒီအခြေအနေမှာ အုပ်ချုပ်တဲ့ တာဝန်ရှိသူတွေက မတူညီတဲ့ အမြင်တွေ ပြောဆိုရင်ဖွင့်ခွင့်ရအောင် ဘယ်လိုလမ်းဖွင့်ပေးသင့်လဲ။ လူထုကို သတင်းအချက်အလက် အမှတ်သိရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်သင့်လဲ။
ဖြေ ။ လူမျိုးရေး အမုန်းတရား၊ ဘာသာရေး အမုန်းတရား ပြောနေတဲ့ လူတွေတွေကို ကြည့်ခြင်းအားဖြင့် အချက် နှစ်ချက်ကို တွေ့ရပါတယ်။ နံပါတ်တစ် ငါပြောတာ အမှန်တရားနဲ့ နံပါတ်နှစ် ပင်ကိုယ်အမုန်းတရားရှိသူဆိုပြီး ကျွန်တော်အနေနဲ့ တွေ့ရပါတယ်။ ဘာဖြစ်လို့ အဲဒီလိုပြောရလဲဆိုရင် အမှန်တရားကို လက်ခံနိုင်လို့ အမုန်းတရားဖြစ်တယ်ဆိုရင် ပွင့်လင်းတဲ့ ဆွေးနွေးတိုင်ပင်မှုမျိုး ဖြစ်ရမယ်။ အဖွဲ့အစည်းဖြစ်ပါစေ ပုဂ္ဂိုလ်ရေးဖြစ်ပါစေ သူတို့မှာ တရားဝင်ဖွင့်ထားတဲ့ Page တွေ အကောင့်တွေရှိပါတယ်။ အဲဒီကနေ အမှန်တရားကိုလက်ကိုင်ပြီး တရားဝင်ဆွေးနွေးတိုင်ပင်လို့ရပါတယ်။ နောက်မဟုတ်ရင် ဘယ်လိုပြောရမလဲ ကွန်မန့်ရေးပြီး ပုံကြီးချဲ့နေရင်တော့ ဒါအမှန်တရားမဟုတ်ပါဘူး။ နောက်တစ်ခုအနေနဲ့ ပြောရရင် ပင်ကိုယ်အမုန်တရားရှိသူဆိုတာက ဘယ်လိုပဲ အမှန်တရားလက်ကိုင်ပြီး ဆွေးနွေးပါစေ လက်မခံတဲ့လူပါ။ အဲဒါက အစွန်းသမားတွေပေါ့။ ကျွန်တော်တို့ ဘယ်လောက်ပဲ ချစ်ချစ်ခင်ခင်နေပြပါစေ။အဲဒီလို အမုန်းတရာရှိနေရင် ကျွန်တော်တို့ ဘယ်လိုမှ အမှန်တရားရှာဖွေလို့ မရပါဘူး။ ပြည်သူတွေအနေနဲ့ အသံကြားနဲ့ လမ်းမဆုံးဘဲ အမှန်တရားမှာပဲ လမ်းဆုံးစေချင်ပါတယ်။ တော်လှန်ရေးကာလ နည်းနည်းကြာလာတဲ့ အနေအထားမှာ အခြေအနေတွေက ထိလွယ်ရှလွယ်ပါ။ အဲဒီလိုအခြေအနေမှာ ရန်သူ စကစ က ကောင်းကောင်းအသုံးချတတ်ပါတယ်။ ကျွန်တော်တို့ သည်းခံနိုင်တဲ့ အတိုင်းအတာ ပွင့်လင်းမြင်သာမှုနည်းပါးလာတဲ့ အတိုင်းအတာမှာ ရန်သူ စကစ အသုံးချခံ မဖြစ်ဖို့ အရေးကြီး ပါတယ်။ လူမျိုးရေး ဘာသာရေး အမုန်းတရားတွေကိုလည်း ဓမ္မဓိဋ္ဌာန်ကျကျ စဉ်းစားစေချင်ပါတယ်။ တော်လှန်ရေးကာလ ဖြစ်တာနဲ့အညီ အမှားအယွင်းတစ်စုံတစ်ရာ ရှိကောင်းရှိနိုင်တယ်ဆိုပေမယ့် တရားဝင်ပြီး ပွင့်လင်းမြင်သာတဲ့ ဝေဖန်မှုမျိုး လုပ်နိုင်ရင်ပိုကောင်းပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒေသအတွင်း ပြည်သူလူထု ညီညွတ်မှုရှိရှိ ရန်သူ စကစ ကို ချေမှုန်းတဲ့ နေရာမှာ ပွင့်လင်းမြင်သာစွာ ဝေဖန်နိုင်ဖို့ ကျွန်တော်တို့ Page ကနေပြီး အစဉ်အမြဲ လမ်းဖွင့်ထားပါတယ်။ နီးစပ်ရာ ခေါင်းဆောင်တွေနဲ့လည်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
DW ။ တော်လှန်ရေးကာလမှာ မတူညီတဲ့ အစုအဖွဲ့၊ လူမျိုးစုတွေကြားမှာ ပွတ်တိုက်မှုတွေ ဖြစ်လာလေ့ရှိတယ်။ အဲဒီပွတ်တိုက်မှုတွေ လျော့ကျအောင်၊ ကြီးထွားမလာအောင် လူတစ်ဦးချင်းကရော ဘယ်လိုအချက်တွေကို သတိထားပြီး ပြောဆိုပြုမူနေထိုင်သင့်လဲ။
ဖြေ ။ လက်ရှိတော်လှန်ရေးကာလမှာ အစုအဖွဲ့မှုတွေ များပါတယ်။ လူမျိုးစုကိုယ်စားပြုတပ်ဖွဲ့၊ NUG MOD (ကာကွယ်ရေးဝန်ကြီးဌာန) အောက်က စုဖွဲ့မှုနဲ့ LPDF ခေါ်တဲ့ နယ်မြေအခြေပြုအစုအဖွဲ့မှုဆိုပြီးတော့ (၃)မျိုး တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီလို (၃)မျိုးတွေ့ရတဲ့ အနေအထားမှာ ဖြစ်တည်မှုကို လက်ခံနိုင်ဖို့အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီ အစု(၃)စုဟာ တော်လှန်ရေးဆိုတဲ့ တဖက်တည်းမှာ ရပ်တည်နေလို့ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ ငါကဘာ နင်ကဘာဆိုတဲ့ အတ္တစိတ်တွေများနေရင်လည်း ပွတ်တိုက်မှုဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ပုံမှန်တွေ့ဆုံမှုနဲ့ နားလည်မှု ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အလွန်ရေးကြီးပါတယ်။ ခေါင်းဆောင်တွေ အချင်းချင်းအနေနဲ့ဖြစ်ဖြစ် ရဲဘော်အချင်း အနေနဲ့ဖြစ်ဖြစ် ပုံမှန်တွေ့ဆုံမှုက အရမ်းရေးကြီးပါတယ်။ ဒီကနေ့ ကျွန်တော်တို့ ယုံကြည်မှုတည်ဆောက်လို့ရပါတယ်။ အဓိက ကတော့ ဖြစ်တည်မှု အသိအမှတ်ပြုပြီး တော်လှန်ရေးမှာ ညီညွတ်မှုအားကို တည်ဆောက်နိုင်ရင်တော့ အကောင်းဆုံးပါ။ ပွတ်တိုက်မှုဆိုတာလည်း ဖြစ်လာစရာမရှိပါဘူး။ ခေါင်းဆောင်အနေနဲ့လည်း ယုံကြည်မှု နားလည်မှုတွေ ပျက်ပြားစေမယ့် စကား၊ လုပ်ဆောင်မှုတွေ မရှိဖို့ အရမ်းရေးကြီးပါတယ်။ ရှင်းရှင်းပြောရရင် ဖက်ဒရယ် ဖက်ဒရယ် လို့ပြောပြောပြီး တစ်ဦးချင်း အခွင့်အရေးကိုတော့ လေးစားလိုက်နာနိုင်အောင် ကျင့်ကြံရမှာပါ။
DW ။ လူထုကြားမှာ မတူညီတဲ့လူမျိုးစု တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား အမြင်မကြည်လင်မှုတွေဖြစ်လာရင် အုပ်ချုပ်သူတွေအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲ။
ဖြေ ။ မတူညီတဲ့ လူမျိုးရေးအကြား အဖွဲ့အစည်းအကြားမှာ အမြင်မကြည်လင်မှုတွေ ဖြစ်ပေါ်လာခဲ့ရင်လည်း အုပ်ချုပ်သူတာဝန်ရှိသူတွေအနေနဲ့ လက်တွေ့ကျကျ၊ ပွင့်လင်းမြင်သာမှုရှိရှိ ညှိနှိုင်းဖြေရှင်းသင့်ပါတယ်။ အဲဒါမှလည်း အမှားအမှန်ဆိုတဲ့ အဖြေက ထွက်ပေါ်လာမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးကာလ ပြည်သူကိုမျက်နှာမှုပြီး လုပ်ရင် ဘယ်အရာမဆို အဆင်မပြေတာမရှိပါဘူး။ သမိုင်းရဲ့ ဖန်တီးရှင်နဲ့ တွန်းအားရှင်ဟာ ပြည်သူဖြစ်တဲ့အတွက်ကြောင့် ပြည်သူကိုပဲ မျက်နှာမှု ပြီး လုပ်ရင် ဘာမဆို အောင်နိုင်သွားမှာပါ။
DW ။ ကျေးဇူးတင်ပါတယ် ။
“ခေါင်းဆောင်တွေ ညီညွတ်ဖို့လိုတယ်”
အသက် ၄၀ ဝန်းကျင်အရွယ် မွန်အမျိုးသမီးတစ်ဦး (ရာဖူးရွာ၊ ရေဖြူမြို့နယ်)
(ရာဖူးရွာသည် မွန်နှင့် တနင်္သာရီ အစပ် မလွှဲတောင်အနီးတည်ရှိပြီး ထားဝယ်၊ မွန်၊ ကရင်နှင့် ဗမာ တိုင်းရင်းသားများ စုစည်းနေထိုင်သည့် ကျေးရွာဖြစ်သည်။)
DW ။ တော်လှန်ရေးကာလမှာ ပြည်သူတွေက အထွေထွေအကျပ်အတည်းကြုံနေရသလို၊ ပဋိပက္ခဒဏ်ကိုလည်း ခံစား နေရတယ်။ ဒီလိုအခြေအနေမျိုးမှာ လူထုက ပေါက်ကွဲလွယ်တတ်တာ တွေ့ရတယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး အခြေခံပြီး ပွတ်တိုက်မှုတွေကနေ ပဋိပက္ခတွေ ဆင့်ပွားဖြစ်လာတတ်တာမျိုးတွေ့ရတယ်။ တနင်္သာရီတိုင်းကလည်း မတူကွဲပြားတဲ့ လူမျိုးစုတွေ နေထိုင်တဲ့ ဒေသဖြစ်တော့ ဒီလိုအခြေအနေမျိုးတွေ ကျရောက်နိုင်တယ်လို့ သတိပေး ပြောဆို တာတွေ ရှိနေပါတယ်။ အခုလူမှုကွန်ရက်မှာလည်း တနင်္သာရီတိုင်းမှာ အတူယှဉ်တွဲ နေထိုင်တဲ့ လူမျိုးစုတွေအကြား နားလည်မှုလွဲစေမယ့် အရေးအသားတွေ ရေးသားလာတာတွေ ရှိနေတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဘာတွေ သတိထားမိတာရှိလဲ။
ဖြေ ။ ကိုယ်တွေ့ ပြောပြမယ်။ စစ်တပ်(စစ်အာဏာရှင်တပ်) က အစ်မအိမ်ကို ဝင်မွှေတယ်။ အစ်မတို့အိမ်မှာက အမေစု (ဒေါ်အောင်ဆန်းစုကြည်) နဲ့ ပတ်သက်တဲ့ Freedom from fear စာအုပ်နဲ့ ဓာတ်ပုံကို စစ်တပ်က တွေ့သွားတယ်။ ဒါပေမဲ့ ဘာမှတော့ မလုပ်သွားဘူး။ ပစ္စည်းတွေကတော့ လိုတာတွေ ယူသွားတယ်။ အဲဒါကို အစ်မက ပြန်ပြောပြတော့ တချို့တွေက ပြောတယ်။ အဖွဲ့တွေက မတူကြဘူး။ တချို့က စိတ်ကောင်းတယ်။ တချို့က မကောင်းဘူး ။ စစ်တပ်က အမေစုနဲ့ ပတ်သက် တာတွေ တွေ့တာ ဘာမှမလုပ်သွားဘူးလို့ ပြောပြတော့ သူတို့က ဘယ်လိုပြန်ပြောကြလဲဆိုတော့ ဘယ်လုပ်မှာလဲပေါ့၊ သူတို့အချင်းချင်းပဲပေါ့၊ မွန်တွေမှ မဟုတ်တာ၊ စစ်တပ်ကလည်း ဗမာပဲ၊ အမေစုလည်း ဗမာပဲ၊ အဲဒီလိုတွေပြောတယ်။ သူတို့က မသိတာလည်း ပါတယ်။ အခုကတော့ အရင်ကနဲ့စာရင် အတော်လေးကောင်းသွားပြီ။ ကောင်းသွားတယ်ဆိုတာ က PDF တွေ ရောက်လာတော့လေ PDF တွေကို ကြည့်ပြီး သူတို့က နည်းနည်းတော့ အခြေအနေကို သိတဲ့သူတွေ များလာတယ်။ အရင်တုန်းက စစ်ဖြစ်တယ်ဆိုတာ မွန်နဲ့ဗမာ ဖြစ်တယ်။ ဗမာနဲ့ အခြားတိုင်းရင်းသားတွေနဲ့ ဖြစ်တယ်။ အခုက စစ်တပ်ကို မွန်တွေချည်းပဲ တော်လှန်နေတာမဟုတ်ဘူး။ ကရင်တွေချည်းပဲ တော်လှန်နေတာ မဟုတ်ဘူး။ ဒီလူငယ်တွေ တချို့ဆို ရန်ကုန်က၊ ပြည်မက အဲဒီလိုမျိုးတွေက လူတွေကလာပြီး တော်လှန်လာတာကို သူတို့တွေ့လာတဲ့အခါကျတော့ သူတို့ နည်းနည်း နားလည်လာတယ်။ အရင်တုန်းကဆို ဂျင်းထိထားတာပေါ့၊
DW ။ ပွတ်တိုက်မှု သေးသေးလေးတွေကနေ ပဋိပက္ခကို အစပျိုးစေမယ့် လှုံ့ဆော်မှုတွေ ဖြစ်လေ့ရှိတယ်။ ဒီလိုလှုံ့ဆော်မှု တွေက အဖွဲ့တစ်ခုက ရည်ရွယ်ချက်ရှိရှိလုပ်တာ ဖြစ်နိုင်သလို မထင်မှတ်ဘဲ လှုံ့ဆော်သလို ဖြစ်သွားတာတွေလည်း ရှိတယ်။ ဒီတော့ လက်ရှိအခြေနေမှာ ဒီလိုလှုံ့ဆော်မှုမျိုးတွေ စမြင်နေရပြီလား။ ဒါမျိုးစတွေ့နေရပြီဆိုရင် အချိန်မလွန်ခင် တားဆီးဖို့ ဘာတွေ လုပ်သင့်သလဲ။ အဖွဲ့အစည်းတွေအနေနဲ့က ဘယ်လိုတွေ ထိန်းကျောင်းသင့်လဲ ။
ဖြေ ။ အဲဒီလောက်အကြီးအမားကြီးတော့ မဖြစ်သေးဘူးပေါ့နော်။ မဖြစ်ဖူးတော့ မပြောတတ်ဘူး။ ဒေသအစွဲရယ်၊ လူမျိုးအစွဲရယ် အထူးသဖြင့် ဒါက ဗဟုသုတ အားနည်းကြလို့ပေါ့။ စာမဖတ်ကြဘူး၊ စာဖတ်နည်းကြတော့ ဗဟုသုတမရှိဘူး။ ရည်ရွယ်ချက်ရှိရှိ လုပ်ကြတာတော့ မဟုတ်ဘူး။ ဒေသအစွဲရယ်၊ လူမျိုးအစွဲရယ် ဒီလောက်ပဲ။ တားဆီးဖို့ကတော့ မဖြစ်ဖူးတော့ မသိသေးဘူး။
DW ။ အွန်လိုင်းပေါ်မှာ လူမျိုးစုတွေကြား အထင်လွဲစေရန် ရေးသားပြောဆိုနေတာလည်း တွေ့ရတယ်။ ဒီအဆင့်ကနေ ပဋိပက္ခကို ဦးတည်တဲ့ လှုံ့ဆော်မှုတွေ မဖြစ်သွားအောင် ဘယ်လိုထိန်းကျောင်းမလဲ။ သက်ဆိုင်ရာခေါင်းဆောင်တွေကရော ဘယ်လို ထိန်းကျောင်းသင့်လဲ။
ဖြေ ။ မွန်လူမျိုးအနေနဲ့ဆိုရင်တော့ မွန်ပြည်သစ်ရှိတယ်ပေါ့နော်။ ခေါင်းဆောင်တွေကနေပြီးတော့ ထိန်းမယ်ဆိုရင် ရလိမ့် မယ်။ ခေါင်းဆောင်ကနေပြီးတော့ ဒီလို ဒီလိုရှိတယ်လို့ ဖျောင်းဖျလိုက်ရင်ရပြီ။ နောက်တစ်ခုက မွန်ရွာတွေမှာက ဘုန်းကြီး၊ ဆရာတော်က သြဇာရှိတယ်ဆိုတော့ ဆရာတော်တွေစုပြီး ထိန်းတာမျိုးလည်း လုပ်သင့်တယ်။
DW ။ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ပဋိပက္ခတွေက သတင်းအချက်အလက်အမှားတွေရယ်၊ မြေပြင်မှာရှိတဲ့လူတွေက သူတို့ယုံကြည်ချက်ကို ထုတ်ဖော်ပြောဆိုခွင့်မရတဲ့ အခြေအနေတွေမှာ ပိုဆိုးလာလေ့ရှိတယ်။ ဒီအခြေအနေမှာ အုပ်ချုပ်တဲ့ တာဝန်ရှိသူတွေက မတူညီတဲ့ အမြင်တွေ ပြောဆိုရင်ဖွင့်ခွင့်ရအောင် ဘယ်လိုလမ်းဖွင့်ပေးသင့်လဲ။ လူထုကို သတင်းအချက်အလက် အမှတ်သိရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်သင့်လဲ။
ဖြေ ။ အဲဒါက ဘယ်လိုမျိုးလဲဆိုတော့ လူမျိုးစွဲတာလည်း ပါသလို ခေတ်အဆက်ဆက်က ခေါင်းထဲရိုက်သွင်းခဲ့တဲ့ ဟာတွေလည်း ပါတယ်။ အစ်မအနေနဲ့ဆိုပြောဖို့က တစ်ခုပဲရှိတယ်၊ စာများများဖတ်ကြဖို့လိုတယ်။ ဘယ်လိုမှ ရှင်းပြလို့ မရဘူး။ စာဖတ်အားနည်းလို့ ဖြစ်တာပေါ့နော်။ အခုနောက်ပိုင်းလူငယ်တွေက လူမျိုးစွဲတာနည်းသွားပြီ။ အခုဖြစ်နေတာ လူလတ်ပိုင်းတွေနဲ့ လူကြီးတွေက အဲဒီလိုမျိုး စွဲတာပိုများတယ်။
DW ။ တော်လှန်ရေးကာလမှာ မတူညီတဲ့ အစုအဖွဲ့၊ လူမျိုးစုတွေကြားမှာ ပွတ်တိုက်မှုတွေ ဖြစ်လာလေ့ရှိတယ်။ အဲဒီပွတ်တိုက်မှုတွေ လျော့ကျအောင်၊ ကြီးထွားမလာအောင် လူတစ်ဦးချင်းကရော ဘယ်လိုအချက်တွေကို သတိထားပြီး ပြောဆိုပြုမူနေထိုင်သင့်လဲ။
ဖြေ ။ ဘယ်လိုလုပ်သင့်လဲဆိုတော့ ပွင့်လင်းမြင်သားမှုရှိဖို့တော့ လိုတယ်လို့ မြင်တယ်။ အဖွဲ့အစည်းတွေကပဲ ဖြစ်ဖြစ်ပေါ့ ။ တော်လှန်ရေးအဖွဲ့တွေဆိုလည်း ကြားနေရတယ်။ မွန်က ဘယ်လိုလုပ်တယ်။ ကရင်က ဘယ်လိုလုပ်တယ်။ ပွင့်လင်းမြင်သာမှု မရှိဘူး။ အထူးသဖြင့် ခေါင်းဆောင်တွေ စုစည်းနိုင်ရင် ကျန်တာတွေက သူ့အလိုလို ဖြစ်သွားလိမ့်မယ်လို့ ထင်တယ်။ ခေါင်းဆောင်တွေ ညီညွတ်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်တစ်အိမ်မှာ ဟိုဘက် ဒီဘက်မတည့်ကြရင် ကလေးတွေက မတည့်ကြတာများတယ်။ အဲဒါကြောင့် စုစုစည်းစည်းနဲ့ ချစ်ချစ်ခင်ခင်ဖြစ်သွားရင် ပဋိပက္ခတွေကလည်း ပဋိပက္ခအဆင့်ကိုမရောက်တော့ဘဲ လူမျိုးစွဲတဲ့စိတ် လောက်ပဲရှိတော့မယ်။
DW ။ လူထုကြားမှာ မတူညီတဲ့လူမျိုးစု တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား အမြင်မကြည်လင်မှုတွေဖြစ်လာရင် အုပ်ချုပ်သူတွေအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲ။
ဖြေ ။ ဗျူဟာ ၃၃ (PDF) က လူတွေကလည်း ဗျူဟာကမှ ကောင်းတယ်၊ မွန်တွေဆိုရင်လည်း မွန်ပြည်သစ်က စကားကိုမှ အမိန့်ကိုမှ နာခံချင်တယ်။ တွေ့ရသလောက်ပေါ့နော်။ မစည်းလုံးကြဘူးပေါ့နော်။ PDF တွေဆိုလည်း ကရင်တွေက အမိန့်လာ ပေးရအောင် သူတို့က ဘာလဲပေါ့။ အဲဒီလိုတွေရှိတယ်။ ဖြစ်စေချင်တာကတော့ တစ်သွေးတစ်သံတည်း ဖြစ်စေချင်တယ်။ အဲဒီလိုမဖြစ်ရင် တော်လှန်ရေးက မအောင်မြင်နိုင်ဘူးလို့ မြင်တယ်။ သုံးသပ်လိုက်လို့ရှိရင် ရခိုင်မှာ တော်လှန်ရေး ဘာလို့ အောင်မြင်လဲဆိုရင် တစ်သွေးတစ်သံ တစ်မိန့်အောက်မှာ ဆောင်ရွက်ကြတာမို့လို့၊ အခုက အဲဒီလိုမဟုတ်ဘူ ။ အဲဒီလို သူတစ်ဖွဲ့ ငါတစ်ဖွဲ့ဆိုရင် တော်တော်ကြာနေဦးမှာပဲ။
DW ။ ကျေးဇူးတင်ပါတယ်။