ထားဝယ်မြို့တွင် ယခုသီတင်းပတ်အတွင်း ငါး၊ ပုစွန်များ ဈေးကျနေကြောင်း ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ အောင်တံခွန်ငါးဈေးကွက်ထံမှ စုံစမ်းသိရှိရသည်။
ယခုသီတင်းပတ်အတွင်း ရေထွက်ကုန်များ အဝင်များပြီး ဈေးဝယ်သူနည်း၍ ဈေးကျခြင်းဖြစ်ကြောင်း ရေထွက်ကုန်များ လက်လီ/လက်ကား ဖြန့်ချိရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ငါးပေါတယ်။ ဝယ်သူကမရှိ။ ဒါကြောင့် စျေးကျတာ”ဟု ၎င်းက ဆိုသည်။
စက်တင်ဘာလ ၁၃ ရက်က ထားဝယ်မြို့၏ ရေထွက်ကုန်ဈေးကွက်တွင် ငါးဒွန်းခြင်းငါး တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ယနေ့ စက်တင်ဘာလ ၂၀ ရက်တွင် တစ်ပိဿာ ၇၀၀၀ကျပ်၊ ပါလန်းခေါ် (အာဗြဲ) ငါးတစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၅၀၀၀ကျပ်သို့ တစ်ပတ်အတွင်း ဈေးခေါက်ချိုး ကျသွားကြောင်း စျေးကွက်အတွင်းမှ သိရသည်။
ယင်အပြင် စက်တင်ဘာလ ၁၃ရက်က ငါးကွန်းရှပ်ကြီး တစ်ပိဿာ ၂၉၀၀၀ကျပ်စျေးရှိရာမှ ယနေ့တွင် ၂၃၀၀၀ကျပ်၊ ဖိုးထောမဲတစ်ပိဿာ ၁၃၀၀၀ကျပ်မှ ၉၀၀၀ကျပ်၊ ပုစွန်ချောကြီး တစ်ပိဿာ ၄၃၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်သို့ အသီးသီးဈေးကျသွားကြောင်း စျေးကွက်အတွင်းမှ သိရသည်။
စက်တင်ဘာလ ၁၇ ရက်ကစပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ထားဝယ်ခရီးစဉ်တွင် ထားဝယ်ခရိုင် အတွင်း စစ်ကြောင်းများ တပ်ဖြန့်ကာ မြို့အဝင်အထွက်နှင့် မြို့တွင်းလုံခြုံရေးများ တင်းကျပ်ထားသောကြောင့် ထားဝယ်မြို့ရှိ ဈေးများတွင် နယ်ဈေးသည်များလာရောက်မှုနည်းပါးရာ ဈေးရောင်း ဈေးဝယ်မကောင်းတော့ကြောင်း ထားဝယ်မြို့ ကမ်းနားဈေး၌ စားသုံးကုန်ပစ္စည်း လက်လီလက်ကား ရောင်းချသည့်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“ကမ်းနားဈေးမှာ ရောင်းဝယ် မကောင်းတာ တစ်ပတ်လောက်ရှိပြီ။ သူတို့လုံခြုံရေးချတဲ့ နေကတည်းကပဲ။ အရောင်းအဝယ်ပါးသွားတယ်” ဟု ၎င်းက ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၁၈ ရက်တွင် ထားဝယ်မြို့သို့ ရောက်ရှိလာပြီး ထားဝယ်မြို့ တော်ခန်းမ အသစ်ဖွင့်ပွဲကို တက်ရောက်ဖွင့်လှစ်ပြီးနောက် ထားဝယ်မြို့ရှိ ကမ်းနားလမ်းတစ်လျှောက် ကိုလည်း သွားရောက်စစ်ဆေးခဲ့သည်။
ထို့ကြောင့် စစ်ခေါင်းဆောင် ထားဝယ်မြို့သို့ မရောက်မီ ငါးစျေးသို့ သွားရောက်သည့် မြို့ပတ်ပတ်လမ်းဖြစ်သည့် ကမ်းနားလမ်းကိုလည်း စစ်အာဏာရှင်တပ်က စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းကစပြီး ပိတ်ဆို့ထားကြောင်း မြို့ခံများနှင့် ဈေးသည်များ၏ ပြောကြားချက်အရသိရသည်။







