ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လေကြောင်းဗုံးကြဲမှုဆက်တိုက်ရှိသည့် ထားဝယ်တွင် ရိုးရာသပိတ်မျှောပွဲ ညလုံးပေါက်ကျင်းပရန်ပြင်ဆင်

September 20, 2025

ပုံစာ - ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်(ပုံဟောင်း) ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့ပေါ်တွင် နှစ်ညဆက်တိုက် ညလုံးပေါက် ဖျော်ဖြေရေးအစီအစဥ်များဖြင့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော် ကျင်းပရန်စီစဥ်နေကြောင်း ပွဲတော်ဖြစ်မြောက်ရေး ကြိုးပမ်းနေသူများနှင့် မြို့ခံအချို့ထံမှ သိရသည်။

လာမည့် အောက်တိုဘာလ ၅ရက် ညနှင့် သပိတ်မျှောပွဲကျင်းပမည့် ၆ ရက်ည (သီတင်းကျွတ်လပြည့်) တို့တွင် ဇာတ်သဘင်၊ ခေတ်ပေါ် တေးဂီတများဖြင့် ဖျော်ဖြေမည်ဖြစ်ပြီး လာရောက်သူများကို စတုဒီသာ ဧည့်ခံကျွေးမွေးမည်ဖြစ်ကြောင်း ပွဲတော် ဖြစ်မြောက်ရေးအဖွဲ့က နှိုးဆော်ထားသည်။

သပိတ်မျှောပွဲ ကျင်းပနိုင်ရန်စီစဥ်နေမှုများနှင့် ပတ်သက်၍ ပွဲတော်ဖြစ်မြောက်ရေးဦးဆောင်နေသူတစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်းခဲ့သော်လည်း အသေးစိတ် မဖြေကြားသေးပေ။

“စောပါသေးတယ်။ သပိတ်မျှောပွဲနီးမှ ပြန်ပြောပေးပါမယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်ခရိုင်အတွင်း လေကြောင်းဗုံးကြဲတိုက်ကြဲမှုများ နေရာအနှံ့ဖြစ်ပွားနေချိန် ထားဝယ်မြို့ပေါ်တွင် သပိတ်မျှောပွဲ ကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

စက်တင်ဘာလ ၁၇ရက်က ထားဝယ်ခရိုင် သုံးမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာထက်မနည်းကို စစ်အာဏာရှင်လေတပ်က ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားနှစ်ဦးသေဆုံးကာ ကလေးနှစ်ဦးအပါအဝင် လေးဦးထက်မနည်း ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအချို့ ထိခိုက်ပျက်စီးခဲ့သည်။

ယင်းသို့အခြေအနေတွင် သပိတ်မျှောပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဆိုသည့်အပေါ် ထားဝယ်မြို့ခံအချို့က ဝေဖန်ကြသည်။ ထားဝယ်မြို့ခံ လူငယ်တစ်ဦးကမူ သပိတ်မျှောပွဲကို အကျဥ်းချုံး ကျင်းပခြင်းမျိုးသာ ပြုလုပ်သင့်ကြောင်း ဆိုသည်။

“ရိုးရာပွဲတော်ဆိုတာကိုတော့ လက်ခံတယ်။ ဒါပေမဲ့ လုပ်မယ်ဆိုရင်လည်း သေသေသပ်သပ်နဲ့ လုပ်စေချင်တယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်လူမျိုး စုစည်းမှုကော်မတီ (ဗဟို) က ဦးဆောင်ကာ သပိတ်မျှောပွဲ ကျင်းပရန် စီစဉ်နေခြင်းဖြစ်ပြီး မြို့ခံပရဟိတအဖွဲ့များက ကူညီနေကြောင်း စုံစမ်းသိရသည်။

ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို နှစ်စဥ် သီတင်းကျွတ်လပြည့်နေ့တိုင်း ထားဝယ်မြို့အပါအဝင် မြစ်၊ ချောင်းဘေးရှိ ကျေးရွာများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

ထားဝယ်မြို့ပေါ်တွင်မူ သပိတ်မျှောပွဲကို ထားဝယ်မြစ်ကမ်းဘေးရှိ ကမ်းနားလမ်းတွင် အဓိကကျင်းပလေ့ရှိပြီး လက်ရှိတွင်လည်း သပိတ်မျှောပွဲကျင်းပမည့် နေရာအား ပြင်ဆင်နေကြပြီဖြစ်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ထားဝယ်မြို့တွင် လက်ရှိဖြန့်ဝေနေသည့် သပိတ်မျှောပွဲကျင်းပရန် နှိုးဆော်ထားသည့် လက်ကမ်းစာစောင်တွင်မူ ထားဝယ်သူ၊ ထားဝယ်သားများ ဦးဆောင်ကျင်းပမည့်အကြောင်း ရေးသားဖော်ပြထားသည်။

စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်တွင်မူ ထားဝယ်မြို့ခံပရဟိတအဖွဲ့အချို့က သပိတ်မျှောပွဲ ကျင်းပနိုင်ရေး ရန်ပုံငွေ ရရှိရန်အတွက် ထားဝယ်မြို့အတွင်း အလှူခံထွက်နေကြောင်း မြို့ခံများထံမှ သိရသည်။

တစ်ဖက်တွင်လည်း ထားဝယ်မြို့နယ်အတွင်း စစ်အာဏာရှင်တပ်က ကန့်သတ်ထားသည့် ည ၁၁နာရီမှ နံနက် ၃ နာရီအထိ ညမထွက်ရအမိန့်ရှိနေသေးသည်။

“ပြီးခဲ့တဲ့နှစ်ကတော့ အစိုးရက (ညမထွက်ရအမိန့် ကင်းလွတ်ခွင့်) စီစဥ်ပေးတယ်။ ဒီနှစ်တော့ ဘာမှမပြောသေးဘူး” ဟု အထက်ပါ သပိတ်မျှောပွဲဖြစ်မြောက်ရေး ဦးဆောင်နေသူက ပြောသည်။

ထို့အပြင် ထားဝယ်မြို့တွင် အဓမ္မစစ်မှုထမ်းစုဆောင်းမှုများအရှိန်မြှင့်လုပ်ဆောင်နေပြီး လမ်းသွားလမ်းလာများနှင့် နေအိမ်အထိ ဝင်ရောက်ဖမ်းဆီးမှုများလည်းရှိနေသည်။

သပိတ်မျှောပွဲ သွားကြမည့် လူငယ်များကို စစ်အာဏာရှင်တပ်က ဖမ်းဆီးပြီး အဓမ္မစစ်မှုထမ်းခိုင်းမည်ကို စိုးရိမ်ကြောင်း အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“တော်တော်များများကတော့ သွားကြမယ် မထင်ဘူး။ ဒါပေမဲ့ သွားတဲ့သူကတော့ ရှိလိမ့်မယ်။ အချို့ကလည်း ဒီလိုပွဲတော် တွေမှာတော့ မဖမ်းလောက်ဘူးဆိုပြီး ပေါ့ပေါ့တွက်တာတွေ ရှိတာကိုး” ဟု ၎င်းက ပြောသည်။

ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်မှာ ရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်စူးပြီး ဆွမ်းကပ်လှူဒါန်းကြသည့် ပွဲတော်တစ်ခု ဖြစ်သည်။