BREAKING
October 19, 2025

ထိုင်း-မြန်မာနယ်စပ်လမ်းရှိ သိန်ခွန်းရွာကို စစ်အာဏာရှင်တပ် လေကြောင်းဖြင့် ကိုးရက်ဆက်ဗုံးကြဲ

September 20, 2025

တနင်္သာရီမြို့ နယ် ထိုင်း -မြန်မာ နယ်စပ်ကုန်သွယ်‌ရေးလမ်းရှိ သိန်ခွန်းကျေးရွာတွင် တော်လှန်ရေးတပ်များနှင့် စစ်အာဏာရှင်တပ်တို့ တိုက်ပွဲပြင်းထန်နေရာ စစ်အာဏာရှင်တပ်လေကြောင်းဖြင့် ကိုးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက် ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် သိန်ခွန်းရွာနှင့် အနီးဝန်းကျင်ကို စက်တင်ဘာလ ၉ရက်မှ ၁၇ရက်အထိ ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“တစ်ရက်ကို နှစ်ကြိမ်လာကြဲတဲ့အခါ လာကြဲတယ်။ တစ်ခါတစ်လေဆို တစ်ကြိမ်လာကြဲတယ်။ အနည်းဆုံး ပေါင်၅၀၀ တစ်လုံး လာကြဲတယ်။ အများဆုံးတော့ သုံးလုံးလာကြဲတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်နှင့် Mi 2 စစ်ရဟတ်ယာဥ်တို့အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ပြောဆိုသည်။

လေကြောင်းကဗုံးကြဲရာတွင် အများအားဖြင့် နှစ်စီးလာလေ့ပြီး တစ်စီးက အချိန်ကြာမြင့်စွာ ဝဲပျံနေပြီးမှ နောက်တစ်စီးက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဗုံးကြဲတာက သိန်ခွန်းရွာနား ဝန်းကျင်မှာပဲကျတာ များတယ်။ ထိခိုက်မှုက ရဲဘော်တစ်ယောက် ထိခိုက်ဒဏ်ရာပြင်းပြီး (စက်တင်ဘာ ၁၁ ရက်) ကျသွားတယ်။ စက်လတ်(စက်သေနတ်)တွေကတော့ လာကြဲတိုင်း ပစ်တာမျိုးရှိတယ်”ဟု အထက်ပါတော်လှန်ရေး တပ်ဖွဲ့ဝင်က ပြောသည်။

သိန်ခွန်းရွာဝန်းကျင်တွင် စက်တင်ဘာလ ၁၉ ရက်အထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စက်တင်ဘာလ ၁၈ရက်နှင့် ၁၉ ရက်တို့ တွင်မူ လေကြောင်းတိုက်ခိုက်မှု မရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။

တိုက်ပွဲပြင်းထန်ပြီး စစ်အာဏာရှင်တပ်ဘက်က အထိနာသည့် ရက်များတွင် လေကြောင်းဖြင့် ဗုံးနှစ်ကြိမ် လာကြဲလေ့ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

သိန်ခွန်းရွာတိုက်ပွဲတွင် KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၁၊ KTLA (ကော်သူးလေအာမီ)၊ မြိတ်ခရိုင်တပ်ရင်း ၃ နှင့်မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်သားများထိခိုက်သေဆုံးမှုရှိပြီး အသေးစိတ်သိနိုင်ရန် Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းကို စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်ရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက စစ်ကြောင်းထိုးနေသော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းရွာအနီးတွင်ပင်ရပ်တန့်နေကာ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်။