ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

နေတိုးအဖွဲ့ဝင် အက်စတိုးနီးယားလေပိုင်ထဲ ရုရှားတိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်

September 20, 2025

ပုံစာ - ရုရှား၏ MIG-31 တိုက်လေယာဉ်များကို ၂၀၁၈ ခုနှစ်က မော်စကိုမြို့ ကောင်းကင်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - Yuri Kadobnov/Agence France-Presse

နေတိုးအဖွဲ့ဝင်ဖြစ်သည့် အက်စတိုးနီးယားနိုင်ငံ လေပိုင်နက်အတွင်းသို့ စက်တင်ဘာ ၁၉ ရက်က ရုရှားတိုက်လေယာဉ်သုံးစင်း ကျူးကျော်ဝင်ရောက်ခဲ့သည်။

ရုရှား၏ အဆိုပါ ကျူးကျော်ဝင်ရောက်မှုမှာ ၁၂ မိနစ်ခန့်အထိ ကြာမြင့်ခဲ့သည်။

ယင်းမှာ ရုရှား၏ “မကြုံစဖူး မျက်နှာပြောင်တိုက် ကျူးကျော်ဝင်ရောက်မှု” ဟု အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ကျူးကျော်ဝင်ရောက်လာသည့် ရုရှားတိုက်လေယာဉ်များကို တားဆီးရန် နေတိုးအဖွဲ့က ချက်ချင်းတုံ့ပြန်ခဲ့ကြောင်းလည်း နေတိုး၏ ပြောခွင့်ရပုဂ္ဂိုလ်Allison hart က X လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြောဆိုခဲ့သည်။

“ဒါဟာ ရုရှားရဲ့ မဆင်မခြင်လုပ်ရပ်နဲ့ နေတိုးရဲ့ တုံ့ပြန်နိုင်စွမ်းကို ထင်ဟပ်စေတဲ့ နောက်ထပ်ဥပမာတစ်ခုပါပဲ” ဟု သူမက ဆိုသည်။

ရုရှားကာကွယ်ရေးဝန်ကြီးကမူ ၎င်းတို့အနေဖြင့် အက်စတိုးနီးယားလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့ခြင်းမရှိဘဲ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့သည်ဟု စနေနေ့ အစောပိုင်းတွင် တယ်လီဂရမ် ချန်နယ်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။

မကြာသေးမီက ရုရှားဒရုန်းအစီးရေ ၂၁ စီး ပိုလန်လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ပိုလန်က အဆိုပါ ဒရုန်းအချို့ကို ပစ်ချခဲ့ပြီးကတည်းက တင်းမာမှုများ မြင့်တက်နေခဲ့ပြီး ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်မှာ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့၏ ကာကွယ်ရေးအဆင်သင့်ဖြစ်မှုကို ရုရှားဘက်က ရည်ရွယ်ချက်ရှိရှိ စမ်းသပ် လိုက်သည့် လုပ်ရပ်ဖြစ်ပြီး ယူကရိန်းစစ်ပွဲကို အရှိန်မြင့်စေသည့် အန္တရာယ်ရှိသည့် လုပ်ရပ်ဖြစ်ကြောင်း ပိုလန်က ဆိုသည်။

နေတိုးအဖွဲ့သည် ‘Baltic Sentry’ ခေါ် ၎င်းတို့၏ ကာကွယ်ရေးမစ်ရှင်အရ အက်စတိုးနီးယားနှင့် အခြားဘောလ်တစ် နိုင်ငံများ၏ လေကြောင်းနယ်နိမိတ်ကို စောင့်ကြပ်ကာကွယ်လျက်ရှိသည်။

အဆိုပါ အနေအထားတွင် ရုရှားက အက်စတိုးနီးယားလေပိုင်နက်ထဲ အကြိမ်ရေများစွာ ကျူးကျော်ဝင်ရောက်ခဲ့ဖူးပြီး များသောအားဖြင့် ကြာမြင့်ချိန် တိုတောင်းလေ့ရှိသည်။

သို့သော် သောကြာနေ့က အက်စတိုးနီးယားလေပိုင်နက်ထဲ ရုရှား၏ MIG-31 တိုက်လေယာဉ်များ ကျူးကျော် ဝင်ရောက်မှုမှာ ယခင်ဖြစ်ရပ်များနှင့် မတူဘဲ ပိုမိုကြာညောင်းသည်ဟု အက်စတိုးနီးယားနိုင်ငံခြားရေးဝန်ကြီး Margus Tsahkna က ဆိုသည်။

Source: The New York Times