BREAKING
October 19, 2025

ထားဝယ်တွင် ဆိုင်ကယ်ဖြင့် ကျောင်းလာကြိုချိန် ဦးထုပ်မဆောင်းသူများ ဖမ်းဆီးအရေးယူခံရ

August 20, 2025

ဓာတ်ပုံ - Dawei Watch (ပုံဟောင်း)

ထားဝယ်မြို့ပေါ် မြောင်းပုလဲရပ်ကွက်ရှိ အထက (၆) စာသင်ကျောင်းရှေ့တွင် မော်တော်ဆိုင်ကယ်ဖြင့် ကျောင်းလာကြိုသူများနှင့် ကျောင်းသား၊ ကျောင်းသူများ ဆိုင်ကယ်ဦးထုပ်မဆောင်းလျှင် ယနေ့ ဖမ်းဆီးအရေးယူကြောင်း ကျောင်းသားမိဘများက ပြောသည်။

စစ်အာဏာရှင်တပ် လက်အောက်ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ယနေ့ ဩဂုတ်လ ၂၀ရက် ညနေ ကျောင်းဆင်းချိန်တွင် အထက မြောင်းပုလဲ စာသင်ကျောင်းရှေ့၌ မော်တော်ဆိုင်ကယ်များကိုစစ်ဆေးပြီး ဆိုင်ကယ်ဦးထုပ် မပါလျှင် အရေးယူခြင်း ဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

“အရင် ကျောင်းကြိုဖို့သွားတိုင်း ဒီလိုမရှိဘူး။ အခု ဒီနေ့မှ ကျောင်းရှေ့မှာ ကျောင်းသားလာကြိုတဲ့ ဆိုင်ကယ်ပေါ် ကျောင်းသားက ဆိုင်ကယ်ဦးထုပ် မပါဘဲတက်တာနဲ့ ဖမ်းတာပဲ” ဟု ၎င်းက ပြောဆိုသည်။

ဖမ်းဆီးသည့်အဖွဲ့တွင် စစ်အာဏာရှင်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့က တာဝန်ရှိသူများ ပါဝင်ကြောင်း ယနေ့ ဖမ်းဆီးမှုကို ကိုယ်တိုင်ကြုံရသည့် မြို့ခံတစ်ဦးက ဆိုသည်။

“ရဲတွေက ဓာတ်ပုံရိုက်တယ်။ မော်တော်ပီကယ်တွေက ကျောင်းကြိုလာတဲ့ ဆိုင်ကယ်၊ ကျောင်းသားတွေ ဦးထုပ် မဆောင်းတာကို ကျောင်းရှေ့မှာကို ဖမ်းတာ” ဟု ၎င်းက ပြောသည်။

ယင်းသို့ ဖမ်းဆီးနေသဖြင့် ကျောင်းသူ၊ ကျောင်းသားများအား မော်တော်ဆိုင်ကယ်ဖြင့် ကျောင်းကြိုပို့ လုပ်လျှင် ဦးထုပ်ဆောင်းရန် လိုအပ်ကြောင်း ကျောင်းသားမိဘများက ပြောဆိုကြသည်။

ယနေ့ ညနေတွင် အထက မြောင်းပုလဲကျောင်းရှေ့၌ ‌ကျောင်းလာကြိုသည့် ကျောင်သားမိဘ အများအပြား ဖမ်းဆီးခံရပြီး ငွေကျပ် သုံးသောင်း ဒဏ်ရိုက်နိုင်သည့် ပုဒ်မတပ်ကာ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးသို့ ဆင့်ခေါ်စာပေးခဲ့ကြောင်း မြို့ခံကျောင်းသားမိဘများ၏ ပြောကြားချက်အရသိရှိရသည်။