BREAKING
October 19, 2025

တနင်္သာရီ၊ ပဝရွာတွင် မြိတ်ခရိုင်တပ်ရင်း- ၂ က ဒလန်ဆိုသူတစ်ဦး၏ နေအိမ်ကိုဖြိုပြီး သစ်များသိမ်းယူ

August 20, 2025

ပုံစာ - မြိတ်ခရိုင် အမှတ် ၂တပ်ရင်းက ချိပ်ပိတ်ခဲ့သည့် ပဝရွာရှိနေအိမ်တစ်ဆောင်ကိုတွေ့ရစဉ်။

တနင်္သာရီမြို့နယ် ပဝကျေးရွာရှိ ဒလန်ဟုဆိုသူ ၃ ဦး၏ နေအိမ်သုံးဆောင်ကို ချိပ်ပိတ်ပြီး ယင်းနေအိမ်များအနက် တစ်ဆောင်ကို ဖြိုချကာ သစ်များသယ်ယူသွားကြောင်း ဒေသခံများထံမှသိရသည်။

ဩဂုတ်လ ၁၇ ရက်နေ့တွင် ပဝရွာရှိ ဦးဌေးနိုင်၊ဦးကြည်ဟုန်နှင့် အခြားသူတစ်ဦးပိုင်သည့် နေအိမ် ၃ ဆောင်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း- ၂ က ချိပ်ပိတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ထိုနောက် ဩဂုတ်လ ၁၈ ရက်နေ့ နံနက်စောစောတွင် ဦးဌေးနိုင်၏ နေအိမ်ကို မြိတ်ခရိုင်တပ်ရင်း-၂ တပ်ဖွဲ့ဝင်များက လာရောက်ဖြိုဖျက်ပြီး သစ်သားများကို ကားဖြင့်တင်ဆောင်သွားကြောင်း ၎င်းက ပြောသည်။

“ရဲဘော် ၇ ယောက်ဝန်းကျင်နဲ့လာပြီး အိမ်ကသစ်တွေကို အကုန်ခွာသွားတယ်။ပြီးတော့ သစ်တွေကို ကားနဲ့လာတင်သွားကြတယ်”ဟု အထက်ပါ ဒေသခံက ဆိုသည်။

Dawei Watch က ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းတွင် အရပ်ဝတ်အမျိုးသားအချို့က နေအိမ်တစ်ဆောင်မှ သစ်သားများကို ကားပေါ်တင်ဆောင်နေသည်ကို တွေ့ရသည်။

တော်လှန်ရေးတပ်များက ပဝရွာကို ထိန်းချုပ်ပြီးနောက်ပိုင်း အဆိုပါ နေအိမ်များတွင်နေထိုင်သည့် ပိုင်ရှင်များက အခြားနေရာသို့ပြောင်းရွှေ့သွားကြသည်မှာ သုံးနှစ်ဝန်းကျင်ရှိပြီဖြစ်ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“သူတို့ကတော့ ဟိုဘက်(အာဏာရှင်တပ်)က ဖြစ်တယ်။အိမ်မှာနေမရဲတဲ့အတွက် ပြောင်းသွားကြတယ်။ အိမ်ကတော့ လာယူသွားတာ RC (ကွန်ကရစ်) လောင်းထားတဲ့တိုင်တွေနဲ့ ခေါင်မိုးပဲကျန်တယ်။ ကျန်အိမ်နှစ်ဆောင်မှာက အနီရောင်ဆေးနဲ့ လာမှုတ်သွားတယ်”ဟု အထက်ပါဒေသခံက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြိတ်ခရိုင်တပ်ရင်း၂၏ ပြန်ကြားရေးတာဝန်ရှိသူနှင့် တပ်ရင်း၏ တရားဝင်လူမှုကွန်ရက်ကို Dawei Watchအနေဖြင့် ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် စာပို့ပြီး ဆက်သွယ်မေးမြန်းထားသော်လည်း ဩဂုတ်လ ၂၀ ရက် ည ၇ နာရီ အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။