ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကမ္ဘာ့သွင်းဂိုးအများဆုံး အမျိုးသမီးဘောလုံးသမားစာရင်းမှာ ဝင်းသိင်္ဂီထွန်း အဆင့် ၁၄ ဖြစ်သွားပြီ

August 20, 2025

အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းသူ ကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့တဲ့ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ဟာ ကမ္ဘာ့သွင်းဂိုးအများဆုံး အမျိုးသမီးဘောလုံးသမားစာရင်းမှာ အဆင့် ၁၄ နေရာဆီကို တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဝင်းသိင်္ဂီထွန်းဟာ အာဆီယံချန်ပီယံရှစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်း သွင်းယူရရှိခဲ့တဲ့ သွင်းဂိုး ၈ ဂိုးအနက် ၇ ဂိုးကို တစ်ဦးတည်းဒိုင်ခံ သွင်းယူပေးခဲ့သူပါ။

လက်ရှိမှာ ဝင်းသိင်္ဂီထွန်းရဲ့ စုစုပေါင်း နိုင်ငံတကာ သွင်းဂိုးအရေအတွက်က ၈၄ ဂိုး ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဝင်းသိင်္ဂီထွန်းဟာ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ မတိုင်ခင်က သွင်းဂိုးစုစုပေါင်း ၇၇ ဂိုးနဲ့ ကမ္ဘာ့သွင်းဂိုးအများဆုံး အမျိုးသမီးဘောလုံးသမားစာရင်းမှာ အဆင့် ၁၉ အဖြစ် ရှိနေခဲ့တာပါ။

အခုတော့ သွင်းဂိုး ၇ ဂိုး ထပ်မံရရှိသွားခဲ့ပြီဖြစ်လို့ ဝင်းသိင်္ဂီထွန်းဟာ စုစုပေါင်းသွင်းဂိုး ၈၄ ဂိုးနဲ့ အဆင့်ခုန်တက်သွားခဲ့တာဖြစ်ပါတယ်။

ဒိန်းမတ်တိုက်စစ်မှူး ပါနီးလ်လီ ဟားဒါး၊၊ အိုက်စလန်ကစားသမား ဗိုင်အိုအာဒေါ့တီယာ၊ နိုင်ဂျီးရီးယားတိုက်စစ်မှူး အန်ကိုချာ၊ မက္ကဆီကိုတိုက်စစ်မှူး မာရီဘယ်လ် ဒိုမင်ဂွက်ဇ်၊ ဂျပန်တိုက်စစ်မှူး ဟိုမာရီ ဆာဝါ တို့ကို ကျော်တက်ပြီး ဝင်းသိင်္ဂီထွန်းက ကမ္ဘာ့သွင်းဂိုးအများဆုံး အမျိုးသမီးဘောလုံးသမားစာရင်းမှာ အဆင့် ၁၄ နေရာဆီကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

ဝင်းသိင်္ဂီထွန်းဟာ အာဆီယံချန်ပီယံရှစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းယူရရှိတဲ့ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၅,၀၀၀ ရရှိသွားခဲ့ပါတယ်။