စီရော်နယ်ဒို ဟာ လာမယ့် အောက်တိုဘာ ၂၂ ရက်နေ့ရောက်ရင် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာ ပွဲကစားဖို့ ရှိနေပြီဖြစ်ပါတယ်။
ပွဲကစားဖို့အတွက် ခရီးဆိုက်ရောက်တာ၊ လေ့ကျင့်ပြင်ဆင်တာတွေကို ထည့်သွင်းတွက်ချက်လိုက်ရင် အောက်တိုဘာလ ၂၀ ရက်နေ့မှာ အိန္ဒိယနိုင်င်ငံဆီကို စီရော်နယ်ဒို ရောက်ရှိလာလိမ့်မယ်လို့ ESPN သတင်းဌာနက ရေးသားထားပါတယ်။
ပြိုင်ပွဲကစားဖို့အတွက် အိန္ဒိယနိုင်ငံဆီကို စီရော်နယ်ဒို ရောက်ရှိလာမယ့်အခွင့်အရေးဟာ သမိုင်းတလျှောက် တစ်ကြိမ်တစ်ခါပဲ ရနိုင်လောက်တဲ့အခွင့်အရေးဖြစ်တယ်လို့ အိန္ဒိယဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
စီရော်နယ်ဒို ဟာ အယ်လ်နတ်စ်ဆာအသင်းကို ကိုယ်စားပြုပြီး အာရှချန်ပီယံလိဂ်-၂ အုပ်စုပွဲကို ကစားဖို့အတွက် အိန္ဒိယနိုင်ငံဆီကို ရောက်ရှိလာမှာပါ။
အာရှချန်ပီယံလိဂ်-၂ ရဲ့အုပ်စု(ဃ)မှာ စီရော်နယ်ဒို ပါဝင်ကစားနေတဲ့ ဆော်ဒီအာရေဗျကလပ် အယ်လ်နတ်စ်ဆာအသင်းက အိန္ဒိယ စူပါလိဂ်ကလပ် အက်ဖ်စီ ဂိုအာ၊ တာဂျစ်ကစ္စတန်ကလပ် အစ္စတစ်ခ်လိုလ်၊ အီရတ်ကလပ် အယ်လ်ဇော်ရာတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။
အယ်လ်နတ်စ်ဆာအသင်းဟာ အက်ဖ်စီ ဂိုအာအသင်းနဲ့ ပထမအကျော့ပွဲစဉ်ကို အိန္ဒိယနိုင်ငံဆီ အဝေးကွင်းပွဲစဉ်အဖြစ် လာရောက်ကစားရမှာဖြစ်ပြီး စီရော်နယ်ဒိုကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ကစားခွင့်ဆိုတာက သူတို့အတွက် တစ်သက်မှာတစ်ခါဆိုသလို ကြုံတောင့်ကြုံခဲ့ အခွင့်အရေးကြီးကို ပိုင်ဆိုင်ရရှိတာဖြစ်ကြောင်း အက်ဖ်စီ ဂိုအာအသင်းရဲ့စီအီးအို ရာဗီ ပတ်စ်ကားက AP သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။
“အိန္ဒိယဘောလုံးသမိုင်းအတွက် သမိုင်းဝင်ပွဲတစ်ပွဲဖြစ်လာမှာပါပဲ။ အယ်လ်နတ်စ်ဆာနဲ့ စီရော်နယ်ဒိုတို့ကို ကျွန်တော်တို့ ခမ်းခမ်းနားနား ကြိုဆိုသွားပါမယ်။ တစ်သက်မှာတစ်ခါဆိုတဲ့အခွင့်အရေးကို ကျွန်တော်တို့ ရရှိခဲ့တာပါ။ အိန္ဒိယဘောလုံးပရိသတ်တွေ၊ အိန္ဒိယပြည်သူတွေဟာ စီရော်နယ်ဒိုကို ကြိုဆိုဖို့နဲ့ မြင်တွေ့ခွင့်ရဖို့ ရင်ခုန်နေကြပါပြီ”လို့ အက်ဖ်စီ ဂိုအာအသင်းရဲ့စီအီးအို ရာဗီ ပတ်စ်ကားက အသိပေးသွားခဲ့ပါတယ်။
Source – ESPN







