သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာနှင့် မိုးရွှေကုန်းရွာကြားကို စစ်အာဏာရှင်တပ်က ယနေ့ ဩဂုတ်လ ၂၀ရက် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။
ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် လေယာဉ်ဖြင့် ဗုံးကြဲပြီး စစ်သေနတ်ဖြင့်ပါ ပစ်ခတ်ခဲ့သလို ညနေ ၅ နာရီခွဲခန့်တွင်လည်း စော်ဖျားရွာဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့် ဗုံးတစ်လုံး ထပ်မံကြဲချခဲ့ကြောင်း သရက်ချောင်းမြို့နယ်အခြေစိုက် PDF တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဥတ္တူ၊ သရက်နှစ်ခွ၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ ကင်းရှေ့၊ စော်ဖျား၊ မိုးရွှေကုန်းစသည့် ကျေးရွာများကို စစ်အာဏာရှင်တပ်က ဩဂုတ်လ ၁၅ရက်က စတင်ကာ စစ်ကြောင်းနှစ်ကြောင်း ဖြန့်ကျက်ထိုးနေပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်။
ဩဂုတ်လ ၁၉ ရက် နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီခန့်အထိ စော်ဖျားရွာနှင့် မိုးရွှေကုန်းရွာစပ်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ဆိုသည်။
ယနေ့တွင်မူ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စော်ဖျားရွာနှင့် မိုးရွှေကုန်းရွာကြားကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လေယာဉ်ပေါ်က စက်သေနတ်ဖြင့်ပါ ပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။
မွန်းလွဲပိုင်းက လေကြောင်းတိုက်ခိုက်မှုတွင် စော်ဖျားရွာ ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးကြောင်း စော်ဖျားရွာအနီး နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ကင်းရှေ့ရွာက လူငယ်အမျိုးသားတစ်ဦးကမူ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု ကြားရသော်လည်း တိတိကျကျ မသိရသေးကြောင်း ဆိုသည်။
ဒေသခံ ထိခိုက်သေဆုံးမှု ရှိ မရှိ၊ နေအိမ်၊ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုအခြေအနေတို့ကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
“(မွန်းလွဲပိုင်းက) လေယာဉ်နဲ့ ဗုံးကြဲတာမှာ ပထမ တစ်လုံးပဲကြားတယ်။ နောက်တစ်ကြိမ်မှာ အတွဲလိုက် ပေါက်ကွဲသံတွေ ကြားတယ်။ စစ်သေနတ်နဲ့လည်း ဆွဲသွားတယ်လို့ပြောတယ်။ သေနတ်သံတွေလည်း ကြားတယ်” ဟု ဒေသခံအမျိုးသမီး အခြားတစ်ဦးက ပြောဆိုသည်။
ဥတ္တူ၊ မဲနယ်အိုး၊ သရက်နှစ်ခွရွာတို့တွင်လည်း စစ်အာဏာရှင်တပ်များ ထပ်မံရောက်ရှိနေကြောင်း ဥတ္တူရွာမှ လူငယ်အမျိုးသားတစ်ဦးက ပြောဆိုသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ၎င်းတို့နှင့် တိုးသည့် ဒေသခံများကို ဖမ်းဆီးကာ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင် သွားလာနေသဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်ပြီး ဥတ္တူ၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ စော်ဖျား၊ မိုးရွှေကုန်း၊ သူရဲတောင်၊ ကင်းရှေ့စသည့် ကျေးရွာတို့က ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးနေကြကြောင်း ဒေသခံများထံမှ သိရသည်။