BREAKING
November 2, 2025

ပုလော-မြိတ်ကားလမ်းတွင် တိုက်ပွဲကြောင့်ပိတ်မိနေစဉ် ကုန်ကားတစ်စီး ဖောက်ထွင်းခံရ

August 20, 2025

ပုံစာ - မြိတ် - ပုလော လမ်းပိုင်းတစ်နေရာတွင်ရပ်ထားသော ကုန်ကားများ။

ပုလော-မြိတ် ကားလမ်းပိုင်းတွင် တိုက်ပွဲကြောင့် ပိတ်မိနေသည့် ကုန်ကားတစ်စီး ဖောက်ထွင်းခံရပြီး ပစ္စည်းအများအပြား ခိုးယူသွားကြောင်း ကုန်ပစ္စည်းခိုးယူခံရသူအချို့က ပြောသည်။

ပုလော- မြိတ်လမ်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် ရက် ၂၀ နီးပါးကြာ ကားလမ်း ပိတ်နေသည့်အချိန် ဩဂုတ်လ ၁၄ ရက်တွင် ကုန်ကား ဖောက်ထွင်းခိုးယူခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ရန်ကုန်နှင့် မန္တလေးတို့မှ ကုန်ပစ္စည်းများကို ကုန်ပစ္စည်းပို့ဝန်ဆောင်မှုပေးနေသည့် MGL Express မှတစ်ဆင့် မြိတ်မြို့သို့ သယ်ဆောင်လာချိန် ပုလော- မြိတ်လမ်းပိုင်းတွင် တိုက်ပွဲကြောင့် ပိတ်မိခဲ့ကြောင်း ကုန်ပစ္စည်းခိုးယူခံရသူအချို့ထံမှ သိရသည်။

ထိုသို့ပိတ်မိနေချိန် ကုန်ကားသမားမှာ ကားကိုထားခဲ့ပြီး တိမ်းရှောင်ခဲ့ပြီး တိုက်ပွဲငြိမ်သက်သည့်အချိန် ပြန်ရောက်ရှိလာ‌ သောအခါ ကားပေါ်ရှိ ပစ္စည်းအားလုံးနီးပါး ဖောက်ယူခံထားရကြောင်း ၎င်းတို့က ပြောဆိုသည်။

“ကျွန်တော်တို့က ဖုန်းရောင်းသမားဆိုတော့ ဖုန်းတွေပဲ ပါသွားတယ်။ ကျွန်တော့်မှာတော့ အလုံး ၅၀ လောက်ပဲ ပါတယ်။ ကျွန်တော့်အသိမှာဆို အလုံး ၂၀၀ လောက်ပါသွားတယ်” ဟု ဖောက်ထွင်းခိုးယူခံရသဖြင့် ဖုန်းများ ဆုံးရှုံးသွားသည့် ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ကုန်ကားအား ဖောက်ပြီး ခိုးယူသွားသည့်ပစ္စည်များထဲတွင် ဖုန်းများ အများဆုံးပါဝင်ပြီး မြိတ်မြို့က ဖုန်းဆိုင် သုံးဆိုင်ထက်မနည်းက ပစ္စည်းများ ပါဝင်ကာ ပိုင်ရှင်တစ်ဦးလျှင် ငွေကျပ်သိန်းရာနှင့်ချီ ဆုံးရှုံးနိုင်ကြောင်း ဖုန်းဆိုင်ပိုင်ရှင်အချို့က ပြောဆိုသည်။

လက်ရှိတွင်မူ ဖုန်းဆိုင်ပိုင်ရှင်အချို့က ကုန်ပစ္စည်သယ်ပို့ဝန်ဆောင်မှုပေးသည့် MGL Express ရုံးကို တိုင်ကြားသည်ဟု ဆိုသည်။

“(MGL Express) ရန်ကုန်ရုံးကို complain တက်(တိုင်ကြား) တော့ သူတို့ အော်ပရေတာတွေကပဲ အထက်လူကြီးတွေနဲ့ တိုင်ပင်နေပါတယ်ပဲ ပြောပြီး အခုထိတော့ ဘယ်နှစ်ရာခိုင်နှုန်း လျော်ပေးပါမယ်ဆိုပြီး အတိအကျမပြောသေးဘူး ” ဟု ဖုန်းဆိုင်ပိုင်ရှင်တစ်ဦးမှဆိုသည်။

ယင်းကိစ္စအား မေးမြန်းရန် Dawei Watch အနေဖြင့် MGL Express ရန်ကုန်ရုံးအား ဩဂုတ်လ ၁၈ရက်နှင့် ယနေ့ ဩဂုတ်လ ၂၀ ရက်တို့တွင် ဖုန်းဆက်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားပေးရန် ငြင်းဆိုခဲ့သည်။

မြိတ်မြို့ခံ ဖုန်းဆိုင်ပိုင်ရှင်အချို့ကမူ ၎င်းတို့၏ဆုံးရှုံးမှုများအတွက် လျော်‌ကြေးရလိုကြောင်း ပြောဆိုကြသည်။