ရေဖြူမြို့နယ် ၊ ရာဖူးကျေးရွာအုပ်စု၊ မရမ်းချောင်းရွာသို့ သြဂုတ်လ ၁၉ ရက် ညနေပိုင်းတွင် စစ်အာဏာရှင်တပ် စစ်ကြောင်း ဝင်ရောက်လာပြီး ရွာအတွင်း ရှိနေသည့် ရွာသားများကို ခေါ်ယူစစ်ဆေးကြောင်း ရွာသားများထံမှ သိရသည်။
သြဂုတ်လ ၁၄ရက်က ကလိန်အောင်မြို့မှ မလွှဲတောင်ဘက်သို့ လာသည့် အင်အားသုံးရာခန့်ပါ စစ်ကြောင်းက စစ်အာဏာရှင်တပ်သား တစ်ရာခန့်သည် မရမ်းချောင်းရွာသို့ ယမန်နေ့က ရောက်ရှိလာကြောင်း ရွာသားများက ဆိုသည်။
အဆိုပါစစ်ကြောင်းမှာ ယနေ့ သြဂုတ်လ ၂၀ရက်တွင် မရမ်းချောင်းရွာလယ် စာသင်ကျောင်း၌ ဆက်ရှိနေဆဲကြောင်း ၎င်းတို့က ပြောဆိုသည်။
“နောက်ကလည်း စစ်ကြောင်း နှစ်ကြောင်းထပ်ထိုးနေသေးတယ်။ ရွာမှာ ကျန်ခဲ့တဲ့ ပိတ်မိနေတဲ့ ရွာသားတွေတော့ ညနေက ခေါ်ပြီး စစ်ဆေးခံရတယ်။ PDF နဲ့ အဆက်အသွယ်ရှိလား ဘာညာပေါ့။ အခုမနက် အခြေအနေကတော့ အစက မပြောင်း သေးတဲ့ ကျန်တဲ့ ရွာသားတွေတော့ ပြောင်းကုန်ပြီ” ဟု မရမ်းချောင်းရွာသားတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများအကြား သြဂုတ်လ ၁၅ ရက်က ကော့လှိုင်ရွာအနီး တိုက်ပွဲဖြစ်ပြီးကတည်းက ကော့လှိုင်ရွာ၊ မရမ်းချောင်းရွာ၊ မိုင် ၆၀ ရွာသုံးရွာမှ ရွာသားအများစု ထွက်ပြေးနေကြကြောင်း ဒေသခံများထံမှ သိရသည်။
စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ကော့လှိုင်ရွာကို ကျော်လွန်ပြီး မရမ်းချောင်းရွာသို့ ရောက်ရှိလာသဖြင့် တော်လှန်ရေး တပ်များနှင့် တိုက်ပွဲထပ်ဖြစ်မည်စိုးရိမ်၍ အထက်ပါသုံးရွာအပြင် ပတ်ဝန်းကျင် ကျေးရွာများက ရွာသားအချို့ပါ တိမ်းရှောင် နေကြကြောင်း ဒေသခံများက ဆိုသည်။
သြဂုတ်လ ၂၀ ရက် နေ့လယ်ပိုင်းအထိ နှစ်ဖက်ထိတွေ့ပစ်ခတ်မှု မဖြစ်သေးသော်လည်း အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေး အင်အားစု တွင်ပါဝင်သည့် ဒေါနတပ်ရင်း၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
ယင်းကျေးရွာများတည်ရှိသည့် ရေး-ထားဝယ်ကားလမ်းမတွင်မူ အသွားအလာပုံမှန် ရှိနေဆဲဖြစ်ပြီး စစ်ရေးတင်းမာနေသည့် အခြေအနေကြောင့် သတိထားသွားလာနေရကြောင်း ယင်းလမ်းပိုင်းအသုံးပြုသည့် ကားသမားများထံမှသိရသည်။