စပါးစျေး ထိုးကျခဲ့သည့် လောင်းလုံးမြို့နယ်အတွင်း သြဂုတ်လ အစောပိုင်းကစကာ စျေးအနည်းငယ် ပြန်တက်လာပြီး အရောင်းအဝယ်လည်း ပြန်သွက်လာကြောင်း လယ်သမားများနှင့် ဆန်စပါးကုန်သည်အချို့ထံမှ သိရသည်။
လက်ရှိတွင် ကျော်ဇေယျ၊ ရန်ကုန်နှင့် ရွှေပန်းခိုင်(ဒေသအခေါ်)စသည့် စပါးကြမ်း တစ်တင်းလျှင် ငွေကျပ် တစ်သောင်းသုံးထောင်ခန့်၊ စပါးချောအမျိုးအစားများဖြစ်သည့် ကမာကြည် တစ်တင်းလျှင် တစ်သောင်းခုနစ်ထောင်ကျပ်ခန့်နှင့် ထားဝယ်ပေါ်ဆန်းမွှေး တစ်တင်းလျှင် ကျပ်သုံးသောင်းခန့် စျေးပေါက်နေသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက ထားဝယ်ဒေသထွက် စပါးကြမ်းတစ်တင်းလျှင် ငွေကျပ်ကိုးထောင်အထိ စျေးကျသွားရာက လက်ရှိတွင် ဈေးပြန်တက်လာခြင်းဖြစ်သည်။
ထို့အတူ ကမာကြည်တစ်တင်းလျှင် တစ်သောင်းသုံးထောင်ကျပ်ခန့်နှင့် နှစ်သောင်းခွဲခန့်အထိ စျေးကျခဲ့သည်။
ရန်ကုန်ဘက်မှ ဆန်တင်သွင်းမှုရပ်ဆိုင်းသွားပြီးနောက်ပိုင်း ဒေသထွက်ဆန်ကို စားသုံးသူရှိလာသည့်အတွက် ယင်းကဲ့သို့ စပါးစျေးတက်လာခြင်းဖြစ်ကြောင်း ဆန်စပါးကုန်သည်တစ်ဦးက ဆိုသည်။
“စပါးစျေးက ရှစ်လပိုင်းထဲမှာ ပြန်လှုပ်(တက်)လာတယ်။ ရန်ကုန်ဆန်က လုံးဝမဆင်းတော့ ထားဝယ်မှာ စားဖို့ဆန်က လုံးလုံးပြတ်ထွက်သွားတာ။ အဲဒါနဲ့ (ဒေသထွက်) ကမာကြည်၊ ပေါ်ဆန်းမွှေးတို့ကို တော်တော်ဝယ်စားလာကြတာ” ဟု ၎င်းက ပြောသည်။

စပါးစျေးထိုးကျသွားသည့်အချိန်က အရှုံးပေါ်မည့်အခြေအနေရင်ဆိုင်ခဲ့ရသည့် လယ်သမားများမှာ လက်ရှိတွင် ဈေးပြန်တက်လာသည့်အတွက် စားဝတ်နေရေးအနည်းငယ်အဆင်ပြေလာနိုင်ကြောင်း လောင်းလုံးမြို့နယ်အတွင်းရှိ လယ်သမားတစ်ဦးက ဆိုသည်။
“အဝယ်လည်း သွက်လာတယ်။ လယ်သမားတွေ နည်းနည်းအသက်ရှူချောင်သွားတာပေါ့” ဟု ၎င်းက ပြောသည်။
လောင်းလုံးမြို့နယ်အပါအဝင် ထားဝယ်ဒေသထွက် ဆန်ကြမ်းကို ရန်ကုန်အပါအဝင် တိုင်းပြင်ပကို ကုန်ကြမ်းအနေဖြင့် တင်ပို့ကြသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီက ကန့်သတ်လိုက်သည့်အတွက် စပါးစျေးနှုန်းများ တဖြည်းဖြည်း ကျဆင်းခဲ့ခြင်းဖြစ်သည်။
ထားဝယ်ဒေသခံအများစုသည် ဒေသထွက်ဆန်ကြမ်းကို စားသုံးမှုနည်းပါးပြီး ရန်ကုန်အပါအဝင် တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်ချောနှင့် ဒေသထွက် ဆန်ချောများကိုသာ စားသုံးကြသည်။
လက်ရှိတွင် စပါးစျေးအနည်းငယ်ပြန်တက်လာသော်လည်း သွင်းအားစုစျေးကြီးနေသည့်အတွက် အမြတ်အစွန်း သိသိသာသာမထွက်လာနိုင်ကြောင်း လယ်သမားတစ်ဦးက ဆိုသည်။
“အလုပ်သမားမငှားဘဲ ကိုယ့်ဟာကိုယ်လုပ်တဲ့ လယ်သမားတွေလောက်ပဲ နည်းနည်းပါးပါး ကျန်မှာ(အမြတ်ထွက်မှာ)” ဟု ၎င်းက ပြောသည်။
လယ်တစ်ဧကစိုက်ပျိုးပါက ဓာတ်မြေသြဇာဖိုး ကျပ်နှစ်သိန်းဝန်းကျင်၊ စပါးရိတ်ခ ကျပ်တစ်သိန်းကျော်၊ ထွန်ယက်ခ အပါအဝင် အခြားအထွေထွေကုန်ကျစရိတ်များလည်း ရှိသေးကြောင်း လယ်သမားများထံမှ သိရသည်။







