ယူကရိန်းတွင် ရုရှား၏ စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အမေရိကန်က ယူကရိန်းသို့ လေကြောင်းစစ်ရေးအကူအညီများ ပေးနိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဩဂုတ်လ ၁၉ ရက်တွင် ပြောဆိုလိုက်သည်။
တနင်္လာနေ့က အိမ်ဖြူတော်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတဇလန်းစကီးတို့ တွေ့ဆုံခဲ့ပြီးနောက် တစ်ရက်အကြာတွင် ထရမ့်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“လုံခြုံရေးနဲ့ ပတ်သက်လို့ ဥရောပနိုင်ငံတွေက မြေပြင်တပ်ဖွဲ့တွေ စေလွှတ်ဖို့ ဆန္ဒရှိကြတယ်။ ကျွန်တော်တို့ကလည်း သူတို့ကို လက်နက်ပစ္စည်းတွေနဲ့ ကူညီပေးချင်ပါတယ်။ ဖြစ်နိုင်ခြေအရှိဆုံးကတော့ လေကြောင်းကနေပေါ့” ဟု ထရမ့်က ဆိုသည်။
ယင်းအကြောင်းအရာနှင့် ပတ်သက်၍ ထရမ့်က အသေးစိတ်ရှင်းလင်းပြောဆိုခြင်း မရှိပေ။
စစ်ပွဲအဆုံးသတ်ရေးအတွက် ၎င်း၏ ဆွေးနွေးဟန်မှာ တရားဝင်လုပ်ငန်းစဉ်ထက် ဝမ်းတွင်းအသိအရ ဆွေးနွေးခြင်းက ပိုများကြောင်း ထရမ့်က ပြောသည်။
တနင်္လာနေ့က ထရမ့်နှင့် ဇလန်းစကီးတို့အကြား တွေ့ဆုံမှုနောက်ပိုင်းတွင် ရုရှားက ယူကရိန်းကို လေကြောင်းက တိုက်ခိုက်ခဲ့သည်။
ဒရုန်းအစီးရေ ၂၇၀ ၊ မစ်ဆိုင်းဒုံး ၁၀ ခုဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယူကရိန်းလေတပ်က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ယူကရိန်းနိုင်ငံအလယ်ပိုင်းရှိ စွမ်းအင်အခြေခံအဆောက်အအုံများ ကြီးကြီးမားမား မီးလောင်ပျက်စီးခဲ့ရသည်။
Source: Reuters